တဖက်သတ်ထင်သလို လုပ်တဲ့အစိုးရနဲ့ အဖွဲ့အစည်းတွေဟာ သူတို့ရဲ့လုပ်ရပ်ကို ကမ္ဘာကသိသွားမှာ အမြဲတမ်း စိုးရိမ်နေကြပါတယ်။ ဒါကြောင့်လည်း သတင်းချုပ်ချယ်ဟန့်တားတာနဲ့ အမှောင်ချတာတွေကို မကြာခဏ လုပ်လေ့ရှိပါတယ်။ မတ် ၁၃-၂၀၊ ၂၀၁၀ - ဒီလိုချုပ်ချယ်ထားတာကို ဂရုမစိုက်ဘဲ သတင်းဖြန့်ဝေနေသူတွေကို မညှာမတာ အပြစ်ပေးလေ့ ရှိပါတယ်။
သတင်းဖြန့်ဝေလို့ ဖမ်းဆီးထောင်ချခံရသူတွေထဲမှာ စာနယ်ဇင်းလောကမှ သတင်းသမားတွေ ပါဝင်သလို တာဝန်သိပြီး သတင်းပေးပို့တဲ့ ပြည်သူတွေလည်း ပါဝင်နေပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်အတွင်း နိုင်ငံပေါင်း (၉၀) ကျော်မှာ သတင်းသမားတွေ တိုက်ခိုက်ခံရပုံကို CPJ - Committee to Protect Journalists သတင်းသမား ကာကွယ်ရေးကော်မတီမှ စာမျက်နှာ (၃၆၀) အစီရင်ခံစာကို ဖေဖေါ်ဝါရီလလယ်မှာ ထုတ်ပြန်လိုက်ပါတယ်။ သတင်းသမားများကို တိုက်ခိုက်မှုများ "Attacks on the Press in 2009" လို့ အမည်ပေးထားပါတယ်။ မြန်မာပြည်က သတင်းသမားတွေအကြောင်း စာမျက်နှာ (၈) မျက်နှာ ရေးထားတာကို တွေ့ရပါတယ်။ မတရားလုပ်မှု၊ အနိုင်ကျင့်မှုများကို ပြည်တွင်းပြည်ပမှာ သိရှိသွားအောင် လုပ်နိုင်ရင် ရပ်ဆိုင်းသွားတာမျိုး (ဒါမှမဟုတ်)၊ လျော့နည်းသွားတာမျိုးရှိတဲ့အတွက် သတင်းပေးပို့တာဟာ တိုင်းပြည်အတွက် အကျိုးရှိတယ်လို့ ယူဆကြပါတယ်။
ဒါပေမဲ့ ဒီလိုသတင်းပေးပို့သူတွေကို အာဏာရှင် အစိုးရတွေက နှောင့်ယှက်လွန်းတဲ့အတွက် အမေရိကန်နိုင်ငံခြား သတင်းထောက်တွေက သတင်းသမား ကာကွယ်ရေးကော်မတီကို နယူးရော့ခ်မြို့မှာ ၁၉၈၁ ခုနှစ်က တည်ထောင်ခဲ့တာမို့ အနှစ် (၃၀) နီးပါး ရှိနေပါပြီ။ ၁၉၉၂ က စပြီး ပြုစုလာခဲ့တဲ့ စာရင်းအရဆိုရင် အလုပ်လုပ်ရင်း အသတ်ခံရတဲ့ သတင်းသမားပေါင်း (၈၀၀) ကျော် နေပါပြီ။ ဖိလစ်ပိုင်နိုင်ငံမှာ (၇၀) အိန္ဒိယ နဲ့ ပါကစ္စတန်နိုင်ငံတွေမှာ (၂၀) ကျော်ရှိပြီး ဘင်္ဂလားဒေ့ရှ်မှာ (၇၀) ကျော် အသတ်ခံရပါတယ်။ မြန်မာပြည်မှာ သတင်းယူနေတုန်း အသတ်ခံရသူမှာ ဂျပန်သတင်းထောက် ကေဂျီ နာဂါးအိ ဖြစ်ပါတယ်။ မြန်မာသတင်းသမားတွေဖြစ်တဲ့ မအိမ့်ခိုင်ဦး၊ မလှလှဝင်း နဲ့ ကိုဝင်းမော် တို့ကို မြန်မာ့သတင်းသမဂ္ဂ ညီလာခံက ကေဂျီ နာဂါးအိ ဆု ချီးမြှင့်ဂုဏ်ပြုထားပါတယ်။
မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ရှိတဲ့အထဲက မနှစ်က တရာကျော်ကိုသာ လွှတ်ပေးပါတယ်။ ဒီအထဲမှာ သတင်းသမား (၃) ယောက် ပါဝင်ကြောင်း CPJ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရန်ကုန်ကုလသမဂ္ဂရုံးရှေ့မှာ လေဘေးဒုက္ခသည်တွေ ဆန္ဒပြတာကို သတင်းပေးပို့မှုနဲ့ ၂၀၀၈ မှာ ထောင် (၂) နှစ်ကျသွားခဲ့တဲ့ Ecovision ဂျာနယ်သတင်းထောက် မအိမ့်ခိုင်ဦး၊ ဒီဆန္ဒပြပွဲကို သတင်းယူလို့ ထောင် (၇) နှစ်ကျသွားခဲ့တဲ့ Weekly Eleven သတင်းထောက် ကိုကျော်ကျော်သန်း နဲ့ ၂၀၀၈ မှာ ထောင် (၇) နှစ်ကျသွားခဲ့တဲ့ Myanmar Nation သတင်းဂျာနယ် အယ်ဒီတာ ကိုသက်ဇင် တို့ (၃) ဦးဟာ ၂၀၀၉ ခုနှစ်မှာ လွတ်မြောက်သွားသူတွေ ဖြစ်ပါတယ်။
နော်ဝေးအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ ကို သတင်းပေးမှုနဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ မလှလှဝင်း၊ ကိုဝင်းမော် နဲ့ ကိုငွေစိုးလင်း တို့အကြောင်းကို CPJ အစီရင်ခံစာမှာ ဖော်ပြထားတာကို မတွေ့ရပါဘူး။ နာဂစ်လေဘေးဒုက္ခသည်များအကြောင်း ဗွီဒီယို ရိုက်ကူးသူ ဒီမိုကရက်တစ်မြန်မာအသံက ဓါတ်ပုံသတင်းထောက် တီ နဲ့ ဇီ အကြောင်းကိုသာ ဖော်ပြထားပါတယ်။ သူတို့ (၂) ဦးစလုံး သတင်းမှတ်တမ်းတင် Rory Peck ဆု ချီးမြှင့်ခံရပါတယ်။ ဒါပေမဲ့ သတင်းမှတ်တမ်းတင် ဗွီဒီယိုရိုက်ကူးအပြီး (၆) လအကြာမှာ ဓါတ်ပုံဆရာ တီ အဖမ်းခံလိုက်ရပါတယ်။ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဓါတ်ပုံဆရာဇီကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ CPJ နှစ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဖမ်းခံနေရတဲ့ မြန်မာသတင်းသမားတွေဖြစ်တဲ့ ဦးနေမင်း၊ ဦးနေဘုန်းလတ်၊ ဦးစိန်ဝင်းမောင်၊ ဦးဇာဂနာ၊ ဦးဇော်သက်ထွေး၊ ဦးအောင်ကျော်ဆန်း၊ ဦးသန့်ဇင်စိုး နဲ့ ဦးပိုင်စိုးဦး စတဲ့ သတင်းသမား (၈) ဦးရဲ့ အမည်နဲ့ လုပ်ဆောင်ချက်တွေကိုလည်း CPJ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အလွတ်သတင်းသမား နေမင်း လို့ လူသိများတဲ့ ရှေ့နေဦးဝင်းရွှေ မှာ အကျဉ်းကျသတင်းသမားတွေထဲမှာ ဝါအရင့်ဆုံး ဖြစ်ပုံရပါတယ်။ ၁၉၈၈ ပြည်သူ့အရေးတော်ပုံနဲ့ ပတ်သက်ပြီး BBC ကို သတင်းပေးပို့ရာမှာ အဓိကအခန်းက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၉ မှာ အဖမ်းခံရပြီး ထောင်ဒဏ် (၁၄) နှစ်ကျခံရသူ ဖြစ်ပါတယ်။ အင်းစိန်ထောင်မှာ (၉) နှစ်နေခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ လွတ်လာပါတယ်။ နိုင်ငံခြားရောက် အတိုက်အခံအဖွဲ့တွေကို သတင်းပေးပို့မှုနဲ့ ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလမှာ အလွတ်သတင်းသမား ဦးနေမင်း အဖမ်းခံရပြန်ပါတယ်။ ကျန်တဲ့ သတင်းသမားတွေကတော့ သံဃာများ ဦးဆောင်တဲ့ ၂၀၀၇ ပြည်သူ့ဆန္ဒပြပွဲအကြောင်း နိုင်ငံခြားကို သတင်းပေးပို့မှုနဲ့ အဖမ်းခံကြရတာ ဖြစ်ပါတယ်။
ဟာသဆရာ ဇာဂနာ (ခေါ်) မောင်သူရ ဟာ ၁၉၉၀ ကနေ ၁၉၉၄ အထိ အကျဉ်းကျခံခဲ့ရသူ ဖြစ်ပါတယ်။ နာဂစ်လေဘေး ကယ်ဆယ်ရေးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး စစ်အစိုးရ တာဝန်ပျက်ကွက်ပုံကို BBC အပါအဝင် နိုင်ငံခြားသတင်းဌာနတွေကို ပြောပြတဲ့အမှုနဲ့ ထောင်ဒဏ် (၅၉) နှစ် ချခံရသူဖြစ်ပါတယ်။ နောက်တော့မှ ထောင်ဒဏ် (၃၅) နှစ်အထိ လျှော့ချလိုက်တယ်လို့ သိရပါတယ်။ ဆရာဇာဂနာ ကို နိုင်ငံခြားအဖွဲ့အစည်းအချို့က လူ့အခွင့်အရေးဆု နဲ့ စာပေဆုတွေ ချီးမြှင့်ထားပါတယ်။ နိုင်ငံခြားကို သတင်းပေးပို့မှုမှာ ကြီးလေးတဲ့အပြစ်ဒဏ် ပေးနေတာကိုကြည့်ရင် သတင်းပြန့်နှံသွားမှာကို စစ်အစိုးရ အလွန်စိုးရိမ် ပူပန်ကြောက်လန့်နေတာ ထင်ရှားပါနေပါတယ်။