သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ် နာလန်ထူရေး ပျက်စီးတာတမံတွေကြောင့် နှောင့်နှေးနေ


နာဂစ် ဆိုင်ကလုံးဒဏ် ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ် ဒေသမှာ ငွေကြေးပံ့ပိုးမှုတွေနဲ့ လိုအပ်တဲ့ စိုက်ပျိုးရေး ပစ္စည်းတွေ ချို့တဲ့မှုကြောင့် ဆန်စပါး ထုတ်လုပ်မှု ကျဆင်းခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

၂၀၀၈ ခုနှစ် မေလမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဒဏ် နောက်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသမှာ လိုအပ်တဲ့ အစီအမံတွေ မလုပ်နိုင်တဲ့အတွက် စိုက်ပျိုးလယ်မြေတွေထဲကို ရေငံဝင်တာလို အခြေအနေမျိုးတွေကြောင့် ပျက်စီးမှုတွေ ရှိခဲ့တာမို့ ဆန်စပါး ထုတ်လုပ်မှု ထက်ဝက်လောက် လျော့နည်းခဲ့တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) တာဝန်ရှိသူတဦးကို ကိုးကားပြီး IRIN သတင်းဌာနက ဖော်ပြလိုက်တာပါ။

တဧကကို စပါးတင်း ၁၂ တင်းလောက်သာ ထွက်တော့တာမို့ ဒါဟာ ပုံမှန် ထုတ်လုပ်မှု ပမာဏထက် ထက်ဝက်လောက် လျော့နည်းနေတာ ဖြစ်တဲ့အကြောင်း FAO ကိုယ်စားလှယ်ကို ကိုးကားပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စိုက်ပျိုးမြေတွေထဲ ရေငံ မ၀င်စေအောင် တားဆီးဖို့ မိုင် ၆၀၀ လောက်ရှိတဲ့ တမံတွေ တည်ဆောက်ဖို့ဟာ အရေးတကြီး လိုအပ်ချက်ဖြစ်နေပြီး ဒီအတွက် ဒေါ်လာ သန်း ၁၀၀ လောက် ကုန်ကျလိမ့်မယ်လို့လည်း FAO က ခန့်မှန်းပါတယ်။ လောလောဆယ်မှာတော့ ဂျပန်နိုင်ငံ တနိုင်ငံတည်းကသာ ဒီစီမံကိန်းအတွက် အကူအညီ ပေးနေကြောင်းလည်း သတင်းက ဖော်ပြပါတယ်။

နောက်ထပ် ပြင်းထန်တဲ့ မုန်တိုင်းတွေ တိုက်ခတ်လာမယ်ဆိုရင် ပျက်စီးထားတဲ့ တာတမံတွေသာမက အသစ် ဆောက်လုပ်မှုတွေကိုပါ ထိခိုက်နိုင်ပြီး အိုးအိမ် ပျက်စီးမှုတွေ၊ ရေကြီးတာတွေနဲ့လည်း ကြုံနိုင်တယ်လို့ FAO က သတိပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG