သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခွင့်အလမ်း စစ်အစိုးရ ဆုံးရှုံးခံဟု ကနေဒါ သုံးသပ်


လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ဖို့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ အခုအချိန်အထိ ဖြစ်မလာတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီးက ပြောပါတယ်။ ပြည်တွင်း ဒီမိုကရေစီ အင်အားစုအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်တွေ လုပ်ရမယ်ဆိုတာ သူ့အနေနဲ့ နားလည်ကြောင်းလည်း ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးခြား တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အနေနဲ့တော့ အခုလက်ရှိ ရွေးကောက်ပွဲဥပဒေ အပေါ်မှာ စိတ်ပျက်လက်ပျက် ဖြစ်ရတယ်ဆိုတာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးပါပြီ။ ဒါဟာ လာမယ့် ရွေးကောက်ပွဲ လွတ်လပ်ပြီး မျှတမှုရှိတယ် ဆိုတာ သက်သေပြဖို့ အခွင့်အလမ်းတရပ် ဆုံးရှုံးရတာပဲလို့ ကနေဒါ သံအမတ်ကြီး ရွန် ဟော့ဖ်မန်း (Ron Hoffmann) က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“မြန်မာစစ်အစိုးရ အနေနဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ပြောဆိုချက်အပေါ် သက်သေပြဖို့ အခွင့်အလမ်းတခုကို ထပ်ပြီး လက်လွတ်ဆုံးရှုံးရပြန်ပြီလို့ ကျနော်ထင်ပါတယ်။ ဒီအပေါ်မှာ စိုးရိမ်မှုတွေ ရှိလာပေမဲ့လို့ တိုးတက်မှုတွေ ဖြစ်လာဖို့ အချိန်မနှောင်းသေးဘူးလို့ ထင်ပါတယ်။

“ပြည်တွင်းမှာတော့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရမှာဖြစ်တယ် ဆိုတာကိုတော့ နားလည်ပါတယ်။ အခုလို တိုးတက်မှုတွေ မရှိတဲ့အပေါ် ဖွဲ့စည်းပုံပါ အားနည်းချက်တွေကိုတော့ ကနေဒါအနေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်ထုတ်ဖော်သွားပါမယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ပါဝင်၊ မပါဝင် ပြည်တွင်းက ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ဆုံးဖြတ်ချက် အပေါ်မှာတော့ ကနေဒါအနေနဲ့ ပြောဖို့ဆိုဖို့ သတိထားပါတယ်။”

ကနေဒါနိုင်ငံဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အထူးသဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာအဆင့်မှာ ဦးဆောင်ဦးရွက်ပြု ဆွေးနွေးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ကုလသမဂ္ဂ မျက်နှာစာမှာလည်း ကနေဒါဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ရှိသလို အခု စက်မှုထိပ်သီး ၈ နိုင်ငံ အဖွဲ့မှာလည်း မြန်မာ့အရေးကို ဦးစားပေးပြီး နိုင်ငံတကာက တညီတည်း အသံထွက်နိုင်အောင် ကြိုးပမ်းနေတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

“ကနေဒါနိုင်ငံ အနေနဲ့တော့ နိုင်ငံပေါင်းစုံ ပါဝင်တဲ့ နိုင်ငံတကာမှာ မြန်မာ့အရေးကို တက်တက်ကြွကြွ ပြင်းပြင်းထန်ထန် ပြောဆို ဆောင်ရွက်နေပါတယ်။ ကနေဒါနိုင်ငံဟာ အခုလက်ရှိ G 8 စက်မှုထိပ်သီး ၈ နိုင်ငံအဖွဲ့ရဲ့ သဘာပတိအဖြစ် ဆောင်ရွက်နေပါတယ်။ အဲဒီတော့ G 8 မှာရှိတဲ့ ထိပ်သီးခေါင်းဆောင်အဆင့်၊ နိုင်ငံခြားရေး ဝန်ကြီးအဆင့် စသဖြင့် အစည်းအဝေးတိုင်းကို ကနေဒါက ဦးဆောင်ဦးရွက် ပြုနေရပါတယ်။

“ဒါကြောင့် ဒီအစည်းအဝေးတွေမှာ မြန်မာနိုင်ငံဟာ အကြောင်းရပ်တခု အနေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။ အဲဒီမှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာအနေနဲ့ ညီညွတ်တဲ့ ချဉ်းကပ်မှုနဲ့ ဆောင်ရွက်သွားဖို့ ဆွေးနွေးသွားလိုတယ်ဆိုတာ ကနေဒါအစိုးရဘက်က အခြားနိုင်ငံတွေကို သဘောထား ပြထားပါတယ်။”

လက်ရှိ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အများက လက်ခံယုံကြည်အောင်၊ အားလုံးပါဝင်နိုင်တဲ့ အခြေအနေဖြစ်အောင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ရမယ်လို့လည်း ကနေဒါ သံအမတ်ကြီးက ပြောသွားပါတယ်။

“လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ မြန်မာအစိုးရဘက်က ပိုင်းဖြတ်ဆောင်ရွက်မှု မရှိတာနဲ့ ပတ်သက်လို့ ယေဘုယျအားဖြင့် ကနေဒါနိုင်ငံ အနေနဲ့ စိတ်ပျက်ရပါတယ်။ အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်တင် မဟုတ်ဘူး၊ နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ လွတ်မြောက်လာဖို့ မျှော်လင့်ထားတယ် ဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောပြီးပါပြီ။ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်ဖို့ဆိုရင် ဒီအချက်က အခရာ ကျပါတယ်။ အခုတော့ ဒီအခြေအနေကို ဘာမှ မတွေ့ရသေးပါဘူး။”

တဘက်မှာတော့ မြန်မာစစ်အစိုးရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေအရ ပြည်တွင်း နိုင်ငံရေး အင်အားစုတွေ အနေနဲ့ အားနည်းချက်တွေ ရှိနေတဲ့ ရွေးကောက်ပွဲကို ဝင်မလား၊ သပိတ်မှောက်မလား ဆိုတာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ရမယ်ဆိုတာ သူနားလည်တယ်လို့ ပြောပါတယ်။ ကနေဒါနိုင်ငံ အနေနဲ့တော့ မြန်မာပြည်သူလူထုရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ သူတို့အနေနဲ့ ရှေ့ဆက် ဆောင်ရွက်စရာ ရှိတာတွေကို ဆောင်ရွက်သွားမယ်လို့ ကနေဒါ သံအမတ်ကြီး ရွန် ဟော့ဖ်မန်းက ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG