သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တော်လှန်ရေးနေ့သတင်းယူမယ့် CNN သတင်းထောက် နှင်ထုတ်ခံရ


မနက်ဖြန်နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနားကို သတင်းယူဖို့လာတဲ့ နိုင်ငံခြားသား သတင်းထောက် တွေထဲက စီအဲန်အဲန် (CNN) အရှေ့တောင်အာရှရုံးက သတင်းထောက်ကို မြန်မာနိုင်ငံကနေ ဒီကနေ့ ပြန်ထွက်သွားဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒီနှစ်မှ တပ်မတော်နေ့အခမ်းအနားမှာ နိုင်ငံခြားသား သတင်းထောက်တွေကို သတင်းယူဖို့ ပေးခဲ့တဲ့အထဲ ဘာကြောင့် အခုလို စီအဲန်အဲန် သတင်းဌာနက သတင်းသမားကိုမှ နိုင်ငံကနေ နှင်ထုတ်ခဲ့တာပါလဲ။ စုံစမ်းမေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။

စီအဲန်အဲန် သတင်းဌာနရဲ့ အရှေ့တောင်အာရှ ရုံးက သတင်းထောက် ဒန် ရစ်ဗား(စ်) (Dan Rivers) ကို ဒီကနေ့ သောကြာနေ့မှာ အာဏာပိုင်တွေက ထွက်ခွာဖို့အမိန့်ပေးလိုက်တာပါ။ သတင်းထောက် ဒန် ရစ်ဗား(စ်) က တပ်မတော်နေ့အခမ်းအနားကို သတင်းယူဖို့အတွက် သတင်းသမား ဗီဇာကို ရယူထားပြီးဖြစ်သလို ကြာသပတေးနေ့ ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး နေပြည်တော်ကို သွားခဲ့တာပါ။ ဒါပေမဲ့ သူဟာ မြန်မာစစ်အစိုးရ ပိတ်ပင်ကန့်သတ်ထားတဲ့ နံမည်ပျက်စာရင်းထဲမှာ ပါဝင်နေတဲ့အတွက် နေပြည်တော်ကနေ ရန်ကုန်ကို ဒီကနေ့ပြန်ခိုင်းလိုက်ပြီးတော့ နိုင်ငံကနေ အမြန်ထွက်ခွာဖို့ ညွှန်ကြားထားတယ်လို့ အခုနေပြည်တော်မှာ သတင်းယူဖို့ရောက်နေတဲ့ ဂျာနယ်တခုရဲ့ အယ်ဒီတာက အခုလို ရှင်းပြပါတယ်။

"ကျနော်တို့ကြားတာကတော့ black list ဖြစ်နေလို့လို့ ကြားတာပဲ။ သူတို့ ဒီရောက်မှသိတာက ဒီလူက black list ဖြစ်နေတယ်ဆိုတာ ကြားလို့ ပြန်လွှတ်လိုက်တယ်လို့ ကြားတာပဲ။ တယောက်ပဲ ပြန်လွှတ်လိုက်တာပါ။ စီအဲန်အဲန် ကလို့ ပြောတာပဲ။ အဲဒီလောက်ပါပဲ။ ထူးခြားတာကတော့ နိုင်ငံခြားသတင်းဌာနတွေ တော်တော်များများ လာတယ်ပေါ့နော်။ အဲဒါကတော့ တော်တော်ထူးခြားတဲ့ကိစ္စပေါ့။"

သတင်းထောက် ဒန် ရစ်ဗား(စ်) ဟာ ၂၀၀၈ ခုနှစ်မေလက ခရီးသွားဗီဇာနဲ့ နာဂစ်မုန်တိုင်းသင့် ဒေသတွေမှာ သွားပြီး သတင်းယူခဲ့သလို စီအဲန်အဲန်မှာ ဒီအခြေအနေတွေကို ပြန်လည်တင်ပြခဲ့တဲ့ သတင်းထောက်တဦးလည်း ဖြစ်ပါတယ်။ တကယ်တော့ ဒီနှစ်မှ နိုင်ငံခြားသတင်းသမား ၂၀ ကျော်ကို သတင်းယူခွင့် ဗီဇာတွေ ပေးခဲ့တာဖြစ်သလို သွားကြတဲ့ သတင်းသမားတွေထဲမှာ ဂျပန်သတင်းဌာနအခြေစိုက် သတင်းသမားတွေ များတယ်လို့ ပြောပါတယ်။ ပြည်တွင်း သတင်းသမားတွေကတော့ စာပေစိစစ်ရေးက စီစဉ်ပေးမှုတွေနဲ့ မနက်ဖြန်ပြုလုပ်မယ့် တပ်မတော်နေ့ အခမ်းအနားကို ဒီကနေ့မနက်မှ နေပြည်တော်ကို ကားတွေနဲ့သွားခဲ့ကြတာဖြစ်တယ်လို့ ရန်ကုန်သတင်းသမားတဦးက ပြောပါတယ်။

"လောလောဆယ်တော့ ရန်ကုန်သတင်းသမားတွေကနေပြီးတော့ နယ်သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာနဲ့ အယ်ဒီတာချုပ်တွေ ၄၀ ကျော်လောက် နေပြည်တော်ကို သွားကြပါတယ်။ စီစဉ်ပေးတာကတော့ စာပေစိစစ်ရေးကနေ စီစဉ်ပေးတယ်။ ဒါပေမဲ့ တယောက်ကို နေစရိတ်၊ စားစရိတ် ၈၀,၀၀၀ ကျပ် ပေးသွင်းရပါတယ်။ ဂျာနယ်မဂ္ဂဇင်းတွေရဲ့ အသေးစိတ် အချက်အလက်တွေ ပေးရပါတယ်။ မှတ်ပုံတင်နံပါတ် ဘာညာ အပါအဝင်ပေါ့လေ။ bio data တွေ ပေးရပါတယ်။ အဲဒါအပြင်ကို ဘာပစ္စည်းတွေ ယူဆောင်သွားမယ်ဆိုတာကို အသေးစိတ် ပေးရပါတယ်။"

နေပြည်တောမှာ အခု တပ်မတော်နေ့အခမ်းအနားကို ၂၀၀၆ ခုနှစ်ကတည်းက ကျင်းပခဲ့တာဖြစ်ပြီးတော့ အဲဒီ ၂၀၀၆ ခုနှစ် တနှစ်ထဲမှာပဲ ပြည်ပက နိုင်ငံခြားသားသတင်းတွေ တော်တော်များများကို သတင်းလာယူခွင့်ပေးခဲ့တာပါ။ ဒါပေမဲ့ ဒီနှစ်မှာ အခုလို နိုင်ငံခြားသားသတင်းတွေကို လာရောက်ခွင့်ပေးတာဟာ မနက်ဖြန်ပြုလုပ်မယ့် အခမ်းအနားမှာ စစ်ခေါင်းဆောင်ပိုင်းတွေဆီက ထူးခြားတဲ့သတင်းစကားတွေ ပါးလိုတာကြောင့် ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

"ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်တက်တဲ့အခါကျတော့ ထူးခြားတဲ့ မိန့်ခွန်းတွေလည်း ပြောနိုင်တယ်လို့တော့ ခန့်မှန်းနေကြတယ်။ အထူးသဖြင့် အခုဟာက အရေးကြီးတဲ့နှစ် ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲရှိတယ်ဆိုတော့ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပကနေပြီးတော့ အကြီးအကျယ် ဝေဖန်နေကြတဲ့အချိန်မှာ နိုင်ငံခြားသတင်းထောက်တွေကို တက်ခွင့်ပေးတယ် ဆိုတဲ့အခါကျတော့ ဒီမှာ ကာကွယ်ရေးဦးစီးချုပ်ကနေ သူ့ရဲ့ မိန့်ခွန်းမှာ အရေးကြီးတဲ့ ပေါ်လစီမိန့်ခွန်းများ ပြောမလားဆိုပြီးတော့ စိတ်ဝင်စားနေကြပါတယ်။ တချို့လည်း ပြောနေကြတယ်။ ပြန်ကြားရေးဝန်ကြီးနဲ့တွေ့ပြီးတော့ နိုင်ငံခြားကလာတဲ့ သတင်းထောက်တွေကို တွေ့ဆုံပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်နိုင်တယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။"

ရန်ကုန်အခြေစိုက်သတင်းသမားတဦး ပြောခဲ့တာပါ။ နေပြည်တော်ဘက်ကိုကြည့်မယ်ဆိုရင်တော့ နေပြည်တော်မှာရော၊ နေပြည်တော် တဝိုက်ကမြို့တွေမှာပါ လုံခြုံရေးတွေ အတော်လေး တင်းကြပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ညဘက် မြို့အဝင်အထွက်ကားတွေကို အထူးစစ်ဆေးနေသလို နေအိမ်တွေမှာ ဧည့်စာရင်းတွေကို ကြပ်ကြပ်မတ်မတ် စစ်ဆေးတာတွေ ကြုံနေရတယ်လို့ နေပြည်တော်ဒေသခံတဦးက ပြောပါတယ်။

"ထူးထူးခြားခြားကတော့ လုံခြုံရေးက နေပြည်တော်မြို့နဲ့ အကုန်ပေါ့။ နေပြည်တော်ဧရိယာထဲမှာပါတဲ့နေရာ အကုန်လုံးမှာတော့ တင်းတင်းကြပ်ကြပ် ချထားတာပေါ့လေ။ ဧည့်စာရင်းတွေဘာတွေလည်း လုပ်ပြီးတော့ ဧည့်စာရင်းမတိုင်တဲ့လူကို ဖမ်းဆီးတာတို့၊ ရုံးတင်တာတို့ အဲဒါမျိုးတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ မနက်ပိုင်းဆိုလို့ရှိရင် သူတို့ parade လျှောက်တဲ့အခါကျတော့ တပတ်လောက်ရှိပြီ။ ကားတွေကို မဖြတ်ရတာ မသွားရတာပေါ့၊ အဲဒီလိုဆိုလို့ရှိရင် ကျနော်တို့ ရုံးတွေဘာတွေဆိုရင် တော်တော် စောစောလာကြရတယ်။ လမ်းတွေပိတ်ထားတာပေါ့ဗျာ။"

တပ်မတော်နေ့ အခမ်းအနားအတွက် ချီတက်လမ်းလျှောက်ကြမယ့် တပ်မတော်သားတွေထဲမှာ ဖျားနာပြီး H1N1 ဝက်တုပ်ကွေးရောဂါရှိသူလို့ သံသယရှိသူတချို့ကို ပြန်လွှတ်လိုက်တာမျိုးတွေလည်း ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

"parade လာလျှောက်တဲ့ တပ်မတော်သားတွေ တော်တော်များများကို ပြန်လွှတ်တယ်လို့ ပြောတယ်။ ၇၀၀ လောက် ပြန်လွှတ်တယ်ပြောတယ်။ တမြန်နေ့ကပဲ့ အဲဒီက အရာရှိတယောက်ဆိုရင် သူ့ဆီလာဖို့ရှိတဲ့ ဗိုလ်မှူးကြီးတယောက်ကနေ ဒီဘက်က မိတ်ဆွေတွေဆီကို ဂျင်းတွေ ရသလောက်ပေါ့လေ။ ဂျင်းတက်တွေ ရသလောက် ရှာပေးပါဆိုလို့ အဲဒါကြောင့် ဂျင်းတွေ ရသလောက်ကို ရှာပေးပါဆိုလို့။ ဂျင်းတွေကို ကြိုသောက်ရင် H1N1 ကို ကာကွယ်လို့ရတယ် ဘာညာဆိုပြီး အဲဒီလိုမျိုး ပြောတာရှိတယ်ဗျ။"

ဒါကတော့ နေပြည်တော်မှာ ကျင်းပမယ့် တော်လှန်ရေးနေ့အတွက် သတင်းသွားယူကြမယ့် သတင်းသမားတွေရဲ့ အခြေအနေနဲ့အတူ နေပြည်တော်က လုံခြုံရေးအခြေအနေတွေ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG