ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အတိုင်းအဆကို ရည်ညွှန်းတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Lock, stock, and barrel; Hook, line, and sinker နဲ့ To take it with a pinch (grain) of salt တို့ကို တင်ပြထားပါတယ်။
(၁) Lock, stock, and barrel
Lock, stock, and barrel စကားလုံးသုံးလုံးတွဲ အီဒီယံက လုံးဝဥသုံ၊ တခုလုံး၊ အပြီးအပြတ် အားလုံး လို့ အဓိပ္ပါယ်ဆောင်ပါတယ်။ ဒီ အီဒီယံ အသုံးကသေနတ်မှာပါတဲ့ အပိုင်း (၃) ပိုင်းကို ရည်ညွှန်းတာဖြစ်ပါတယ်။ Lock (သေနတ်မောင်းခလုတ်)၊ Stock (သေနတ်ဒင်)၊ Barrel (သေနတ်ပြောင်း) ဖြစ်ပါတယ်။ သေနတ်တလက်မှာ ပါရမယ့် အင်္ဂါရပ်တွေ အပိုင်းအပြည့်အစုံ သဘောအတိုင်း ဒီအသုံးက ရည်ညွှန်းသုံးထားတာ ဖြစ်တဲ့အတွက်ကြောင့် Lock, stock and barrel လို့ ဆိုရင် အားလုံးအကုန် လုံးဝဥသုံပါတယ်လို့ အဓိပ္ပါယ်ဆောင်ပါတယ်။ ကျမတို့မြန်မာမှာ အိတ်သွန်ဖါမှောက်ဆိုတဲ့အသုံးနှင့်ဆင်တူတယ်လို့ဆိုရမှာပါ။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The billionaire Mr. John D. Rockefeller bought the Oil company lock, stock, and barrel.
ဘီလီယံနာသူဌေးကြီး Mr. John D. Rockefeller က ရေနံကုမ္မဏီတခုလုံး ကို ဝယ်လိုက်တယ်။
(၂) Hook, line, and sinker
Hook (ငါးမျှားချိတ်)၊ Line (ငါးမျှားကြိုး) နဲ့ Sinker (ခဲသီး) ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းက ငါးမျှားသူများဆီက ဆင်းသက်လာတာဖြစ်ပါတယ်။ ငါးစာကို ဟပ်မိတဲ့ ငါးအနေနဲ့ ငါးမျှားချိတ်ကိုသာမက ငါးမျှားကြိုးကို ရေထဲနစ်အောင်လေးစေတဲ့ ခဲသီးကိုပါ မြိုချမိတဲ့ ငါးတကောင်ရဲ့  ဥပမာလို ပြောသမျှ၊ လိမ်သမျှအားလုံးကို ယုံနေတတ်တာကို Hook, line and sinker ဆိုတဲ့ အသုံးအနှုန်းနဲ့ တင်စားပြောဆိုနိုင်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I warned Sally not to believe that man’s story about how rich he was. But she swallowed what he said hook, line and sinker.
ကျနော် Sally ကို သတိပေးခဲ့တယ်။အဲဒီလူကဘယ်လောက် ချမ်းသာသလဲဆိုတဲ့အကြောင်း ပြောတာတွေကို မယုံပါနဲ့လို့၊ ဒါပေမဲ့သူကပြောသမျှအားလုံးပစ်ယုံတာတွေ့ရတယ်။
(၃) To take it with a grain (pinch) of salt
Take (ယူတာ)၊ it (နာမ်စား ဖြစ်ပြီးတခုခုကိုရည်ညွှန်းတာ) ၊ with (နှင့်)၊ pinch (တစ်တို့) နဲ့ salt (ဆား) ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က ဆားတတို့နဲ့ တခုခုကို ချင့်ယုံပါ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတဲ့ သမိုင်းကတော့ ရှေးတုန်းက အဆိပ်အတောက်ကို ပြေစေတဲ့ ဆေးဖော်နည်းမှာ တခြားဆေးဖက်ဝင်တဲ့ ဆေးပစ္စည်းတွေအပြင် ဆားတတို့လည်း ပါတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်မို့ ဘယ်လိုဘဲ အန္တရာယ်ဖြစ်စေမဲ့ အဆိပ်ကိုဘဲ ခပ်ခပ် ဆားတတို့၊ ဆားတမှုန် နဲ့ တွဲစားနိုင်ရင် အန္တရာယ်ကို ပေါ့စေတဲ့သဘော ဖြစ်ပါတယ်။ ဒါကြောင့် ပြောသမျှကို မယုံနဲ့ ဆားတတို့လောက်နဲ့ ယှဉ်ပြီးတော့ ယုံပါ။ ဆားတတို့က ဥာဏ်အမြော်အမြင် ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဥာဏ်အမြော်အမြင်နဲ့ ချင့်ချိန်ယုံလို့ ဆိုလိုတာ ဖြစ်ပါတယ်။
ဆားတတို့အစား နောက်တမျိုးပြောနိုင်တာက to take it with a grain of salt ဖြစ်ပါတယ်။ ဒီနေရာမှာ grain က ဆားတပွင့် ဖြစ်ပါတယ်။ ဒီအတွက် pinch နဲ့ grain စကားလုံးကို အစားထိုးသုံးနိုင်ပါတယ်။ သင်္ကာမကင်း အခြေအနေ၊ အကြောင်းအရာတခုခုကို ဆားတပွင့် အသိပညာ ဆင်ခြင်ဥာဏ်နဲ့ သုံးသပ်ပြီး ယုံသင့်တယ်လို့ သွယ်ဝှက်အဓိပ္ပါယ် ရပါတယ်။ ကျမမြန်မာမှာတော့ လေလုံးထွားတတ်သူတွေရဲ့  ပြောစကားကို သုံးခွက်တခွက်ကြိုပြီးယုံပါလို့ ပြောတဲ့အသုံးနှင့်လဲတဆင်တူတယ်လို့ဆိုရမှာပါ။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Uncle Tom tells some great stories, but sometimes he makes things up. So, we usually take his tales with a grain of salt."
ကျနော့်ဦးလေး Tom ပြောတဲ့ တချို့အကြောင်းတွေကသိပ်ကိုနားထောင်ကောင်းတယ်။ ဒါပေမဲ့ တခါတလေ သူကလုပ်ဇာတ်တွေ ပြောတတ်တာမို့ကျနော်တို့က သူပြောသမျှကို ချင့်ချိန်ယုံတယ်။"
ဒီတပတ် တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ Lock, stock, and barrel; Hook, line, and sinker နဲ့ To take it with a pinch (grain) of salt တို့ ဖြစ်ကြပါတယ်။