သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD သပိတ်မှောက်မှု စစ်အစိုးရကို အမေရိကန် အပြစ်တင်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဒီနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို မဝင်ဘူးလို့ မနေ့က ဆုံးဖြတ်ချက် ချလိုက်တာနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့က ဘယ်လိုတုံ့ပြန်ချက်တွေ ပေးခဲ့ကြသလဲဆိုတာ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

NLD ပါတီက ရွေးကောက်ပွဲကို မဝင်ဘူးလို့ ဆုံးဖြတ်လိုက်တာဟာ စစ်အစိုးရဘက်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒမရှိဘူး ဆိုတာကို ထင်ဟပ် ပြသလိုက်တာ ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပီ.ဂျေ ခရော်လီ (P.J Crowley) က အခုလို ပြောခဲ့တာပါ။

“NLD ပါတီက အခုလို ဆုံးဖြတ်ချက် ချလိုက်တာဟာ မြန်မာနိုင်ငံမှာ ပွင့်လင်းတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ မရှိမဖြစ် လိုအပ်တယ်လို့ ကျနော်တို့ လက်ခံ ယူဆထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဓိက နိုင်ငံရေး အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အလေးအနက် ဆွေးနွေးလိုတဲ့ဆန္ဒ မြန်မာစစ်အစိုးရမှာ မရှိဘူးဆိုတာ ထင်ဟပ် ပြသလိုက်တာပါပဲ။ NLD ဘက်က အခုလို ဆုံးဖြတ်ရတာကို ကျနော်တို့ နားလည်ပါတယ်။

“ရွေးကောက်ပွဲ ဥပဒေတွေဟာ စိတ်ပျက်ဖို့ ကောင်းတယ်ဆိုတဲ့ အကြောင်း ကျနော်တို့ဘက်က သဘောထားကို ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီလို ထုတ်ဖော်ပြီးတဲ့ နောက်ပိုင်းမှာ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေတော့ မရှိသေးပါဘူး။ ရှေ့မှာ ရှိကောင်း ရှိလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာစစ်အစိုးရ ချမှတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ နည်းမှန်လမ်းမှန် ချမှတ်ထားတာ မဟုတ်ဘူး။” လို့ မစ္စတာ ခရော်လီက ပြောသွားခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို ဆက်လက် ကျင့်သုံးမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်လာအောင် ဆက်လက် တွန်းအားပေးမှာ ဖြစ်တဲ့အကြောင်း၊ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ နှစ်ခါ သုံးခါ တွေ့ဆုံ ဆွေးနွေးရုံနဲ့ ပြဿနာတွေ အားလုံး ပြေလည်သွားမယ်လို့ မျှော်လင့်မထားတဲ့အကြောင်းနဲံ့ မြန်မာ စစ်အစိုးရဘက်က အပြောင်းအလဲတွေ အမှန်တကယ် ဖေါ်ဆောင်ချင်တယ်ဆိုတာ သက်သေပြနိုင်တဲ့ အခွင့်အလမ်းကောင်းတခုကို ဆုံးရှုံးသွားတဲ့ အကြောင်းလည်း မစ္စတာ ပီ.ဂျေ ခရော်လီက ထည့်သွင်း ပြောဆိုပါတယ်။

မနေ့က ကျင်းပတဲ့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာလည်း သတင်းထောက်တွေက NLD ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ တုံ့ပြန်ချက်ကို မေးခဲ့ကြပါသေးတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နီစာကီး (Martin Nesirky) ကတော့ ပြီးခဲ့တဲ့ အပတ်က ကုလသမဂ္ဂ မြန်မာ့မိတ်ဆွေ နိုင်ငံများနဲ့ မြန်မာပြည်ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတုန်း အတွင်းရေးမှူးချုပ် ပြောခဲ့တဲ့ သူ့ရဲ့ သဘောထားကိုပဲ ပြန်ပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဘက်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်ချက်မျိုးပဲ ချခဲ့ချခဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက လေးစားဖို့ လိုလိမ့်မယ်လို့ အတွင်းရေးမှူးချုပ်က ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ နောက်ပြီး ရွေးကောက်ပွဲတွေဟာ ယုံကြည်စိတ်ချရဖို့ လိုတယ်၊ မျှမျှတတ ဖြစ်ဖို့လိုတယ်၊ တတ်နိုင်သမျှ နိုင်ငံရေးမှာ ပါဝင်သင့်တဲ့ အဖွဲ့အစည်းတွေ ပါနိုင်သမျှ ပါဖို့ လိုအပ်တယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က ပြောဆိုခဲ့တာကို သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတင် နီစာကီးက ရှင်းပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG