သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပါတီတချို့ ရွေးကောက်ပွဲအတွက် မဟာမိတ်ဖွဲ့မည်


ရွေးကောက်ပွဲဝင်လိုတဲ့ ဒီမိုကရေစီအင်အားစုတွေ နိုင်ငံရေးပါတီတွေအကြား ပါတီတရပ်တည်း ဖြစ်လာအောင် အခု ဆွေးနွေးမှုတွေ စည်းရုံးမှုတွေရှိနေပါတယ်။ ဒီမိုကရေစီအင်အားစုတွေဘက်က လာမယ့်ရွေးကောက်ပွဲမှာ ညီညွတ်တဲ့ အင်အားစုတရပ်ဖြစ်လာစေဖို့ ရည်ရွယ်တယ်လို့ ကြိုးပမ်းသူတွေက ပြောပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်း ထားပါတယ်။

ရှမ်းအမျိုးသားနိုင်ငံရေးသမားကြီး ဦးရွှေအုံး ဦးဆောင်တဲ့ ပြည်ထောင်စု ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်နဲ့ ၈၈ ကျောင်းသားဟောင်းတချို့ ဦးဆောင်တဲ့ လူထုဒီမိုကရေစီပါတီတို့ မူလပါတီတွေကို ဖျက်သိမ်းပြီး ပါတီသစ်တခု ဖွဲ့စည်းဖို့ စတင်ကြိုးပမ်းလိုက်ကြတာပါ။ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ယုံကြည်လိုလားတဲ့ ဒီမိုကရက်တစ်ပါတီတွေကို ပေါင်းစည်းဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ စည်းရုံးလှုပ်ရှားခဲ့သူတဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ရှင်းပြပါတယ်။

"ဘယ်လိုအဖွဲ့အစည်းမျိုးတွေကို ကမ်းလှမ်းသလဲဆိုတော့ ဒီမိုကရက်တစ်အင်အားစု သီးသန့်ရပ်တည်နေတဲ့ အဖွဲ့အစည်း တွေကို ကျနော်တို့ ကမ်းလှမ်းပါတယ်။ ကိုအေးလွင်တို့လို အဖွဲ့အစည်းတွေကိုတော့ ကျနော်တို့ မကမ်းလှမ်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အဖွဲ့အစည်းတွေက ပုံစံတခုနဲ့ အဲန်အယ်လ်ဒီကို တိုက်ခိုက်တယ်၊ ဒီမိုကရက်တစ် အင်အားစု တွေကို တိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေ ရှိတဲ့အတွက် အဲဒီလို အင်အားစုတွေကိုတော့ ကျနော်တို့က ညီညွှတ်ရေး မတည်ဆောက်ခဲ့ပါဘူး။ ကျနော်တို့ ညီညွတ်ရေး တည်ဆောက်နေတယ်ဆိုတာက ဒီဘက် ဒီမိုကရက်တစ်အင်အားစု အဖြစ် ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေကိုပဲ ကျနော်တို့ ညီညွတ်ရေး တည်ဆောက်နေတာပါ။"

နောက်ထပ် တခြား နိုင်ငံရေးပါတီတွေရော ဒီလိုပူးပေါင်းဖို့အတွက် ကမ်းလှမ်းဖို့ သဘောထားမျိုးတော့ ရှိလား။ -

"ကျနော်တို့ နောက်ထပ် တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဆွေးနွေးညှိနှိုင်းဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ ပါတီ မှတ်ပုံတင်လုပ်ဖို့ကိုတော့ ဧပြီလ ပထမအပတ်ထဲမှာ ကျနော်တို့လုပ်ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ register လုပ်ရေး ကိစ္စ ကလည်း တဘက်က အချိန်အကန့်အသတ်တခု ရှိနေပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဒီ register ကိစ္စကိုလည်း လုပ်ရင်းနဲ့ တဘက်က ညီညွတ်ရေးကိုလည်း ဆက်ပြီးတော့ လုပ်သွားမှာပါ။"

ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံးကတော့ ပြည်ထောင်စု စိတ်ဓါတ်ဆိုတာ အခြေခံရှိတဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်း မှန်သမျှ ကို စုစည်းသွားမယ်လို့ ပြောပါတယ်။

"တယောက်စီလုပ်တာထက်ကို နှစ်ယောက်လုပ်တာက ပိုပြီးတော့အားရှိတယ်ဆိုပြီး ပေါင်းတာပေါ့လေ။ ရည်ရွယ်ချက် လည်း တူတယ်။ လုပ်ငန်းစဉ်ချင်းလည်း တူတယ်။ ဒါကြောင့် ပေါင်းလုပ်တာပေါ့။ ကျနော်တို့က နောက်ထပ် အဖွဲ့ထဲမှာ တိုးချဲ့ဖို့ စီစဉ်ထားတာလည်း အများကြီး ရှိပါတယ်။ ကျနော်တို့က တကွဲတပြားစီ လုပ်တာနဲ့စာရင် ပေါင်းလုပ်တာ ပိုလုပ် တာ ပိုပြီးတော့အားရှိတယ်ဆိုပြီးတော့ ဝါဒချင်းတူတာ ပေါင်းတာပဲလေ။ မူလ ကျနော့်အဖွဲ့က ပြည်ထောင်စု ဒီမိုကရေစီ အဖွဲ့၊ ပြည်နယ် ၇ ခုက လူမျိုးစုတွေကို အဓိကထားပြီး ဖွဲ့ထားတာ။ နောက်တော့ ကျနော်တို့ချည်း လုပ်လို့မရဘူး။ မြန်မာ အမျိုးသားတွေနဲ့လည်း ပေါင်းပြီး လုပ်ရမယ်ဆိုပြီးတော့ ၈၈ မျိုးဆက်သစ် ကျောင်းသားတွေ ရှိတယ်။ သူတို့လည်း ပါတီ ထောင်ဖို့လုပ်နေတယ်။ ဆိုတော့ သူတို့နဲ့ ကျနော်တို့နဲ့ ပေါင်းပြီးတော့လုပ်လို့ရှိရင် အားပိုရှိမယ်ဆိုပြီးတော့ ကျနော်တို့က စလုပ်တာပါ။ ကျနော်တို့လည်း ပြည်ထောင်စုစနစ်ကို လိုချင်တယ်။ သူတို့လည်း ပြည်ထောင်စုစနစ်ကို လက်ခံတယ်။ ဆန့်ကျင်တိုက်ခိုက်ရေး (confrontation) ကို ကျနော်တို့ မကြိုက်တော့ဘူး။ cooperation ပူးပေါင်းဆောင်ရွက်ရေး သွားချင်တယ်။ သူတို့လည်း အဲဒီမူကို လက်ခံတယ်။ သွားမယ့် ပန်းတိုင်ချင်းလည်း တူတယ်။ လုပ်နည်းလုပ်ဟန်ချင်းလည်း တူတယ်။ နောက်ပြီးတော့ မြန်မာပြည်ထောင်စုစိတ်ဓါတ်ကိုလည်း တကယ်ရှိတာ။ ဒါကြောင့် ကျနော်တို့က အဲဒါဆိုရင် ပေါင်းပြီးတော့လုပ်ကြမယ်ဆိုပြီးတော့ အဲဒါ စပေါင်းတာပဲ။"

ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဦးသုဝေကတော့ အားလုံးပူးပေါင်းလုပ်နိုင်တဲ့ အခြေအနေအတွက် အချိန်တခု စောင့်ဆိုင်းဖို့ လိုတယ်လို့ ဆိုပါတယ်။ သူတို့ပါတီအနေနဲ့တော့ နေပြည်တော်မှာ မှတ်ပုံတင်ထားပြီး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ နိုင်ငံရေးပါတီအဖြစ် ခွင့်ပြုမိန့်ကို စောင့်နေရတယ်လို့ ပြောပါတယ်။

"သူတို့ ဖိတ်စာပို့ပါတယ်။ အခုကတော့ ကိုယ့်အတွက်ကို လုပ်တုန်းပေါ့နော်။ ကိုယ့်အတွက်ချည်းပဲတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့က အဓိက ကတော့ ကိုယ့်ဟာကိုယ် လုပ်မှာပေါ့။ သို့သော်လည်းပဲ ပေါင်းလုပ်တဲ့အခါလည်း လုပ်ရမှာ ပေါ့။ ဒါပေမဲ့ ပေါင်းလုပ်ဖို့အချိန် မကျသေးဘူးထင်လို့ မလုပ်တာပါ။"

စစ်အစိုးရဗိုလ်ချုပ်ဟောင်းတွေပါဝင်တဲ့ နိုင်ငံရေးပါတီတွေ၊ ကြံ့ခိုင်ရေးလို စစ်အစိုးရနောက်ခံ အင်အားစုတွေဖွဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ ယှဉ်ရင်တော့ တကယ်တမ်းတော့ ဒီမိုကရေစီလိုလားတဲ့င်အားစုတွေက ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ အားနည်းနေတုန်းပဲလို့ ဆိုရမှာပါ။ လွှတ်တော် ၃ ရပ်အတွက် အမတ်နေရာ ၁,၀၀၀ ကျော် အပြည့် ဝင်ပြိုင်နိုင်မယ့် အလားအလာလည်း မရှိကြပါဘူး။

ဒါကြောင့်လည်း အခုလို တပါတီချင်းထက် နီးစပ်ရာ စုဖွဲ့ဖို့ ကြိုးပမ်းနေတယ်လို့ ယူဆရပါတယ်။ အမျိုးသားဒိမိုကရေစီ အဖွဲ့ချုပ်နဲ့ အခြားတိုင်းရင်းသားပါတီတွေကတော့ ဒီရွေးကောက်ပွဲကို လက်မခံဘဲ၊ နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံ မတင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG