သုံးရလွယ်ကူစေသည့် Link များ

ASEAN ထိပ်သီးညီလာခံမှာ မြန်မာ့အရေးဆွေးနွေးဖို့ လွှတ်တော်အမတ် ၁၀၀ ကျော် ဖိအားပေး


မနက်ဖြန် ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် ၁၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ဒေသတွင်း နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့အပြင် မြန်မာ့နိုင်ငံရေး အခြေအနေကို ဆွေးနွေးပြီး အာဆီယံ အသင်းကြီး အနေနဲ့ ထိရောက်တဲ့ အရေးယူ ကိုင်တွယ်မှုမျိုး လုပ်ဖို့ တောင်းဆိုမှုတွေ ပေါ်ထွက်လာပါတယ်။ မြန်မာစစ်အစိုးရဟာ အာဆီယံ အသင်းကြီးကို ပေးထားတဲ့ ကတိကဝတ်တွေ ချိုးဖောက်ခဲ့တယ်လို့ AIPMC ခေါ် မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ကလည်း ပြောပါတယ်။ မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း အာဆီယံက မြန်မာ့အရေးကို ကိုင်တွယ် ဆောင်ရွက်ဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အာဆီယံ အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ အပြုသဘော ဆက်ဆံရေးဟာ အောင်မြင်မှု မရတာကြောင့် မြန်မာ့နိုင်ငံရေး တိုးတက်လာဖို့ရာ အာဆီယံ အသင်းကြီး အနေနဲ့ ထိထိရောက်ရောက် အမြန်ဆုံး အရေးယူ ကိုင်တွယ်သွားဖို့ အာဆီယံနိုင်ငံတွင်း လွှတ်တော်အမတ် ၁၀၀ ကျော်က ၁၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်မယ့် အာဆီယံခေါင်းဆောင် အားလုံးကို လက်မှတ်ရေးထိုး တောင်းဆိုထားတာပါ။

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံထဲမှာ အားနည်းချက်တွေ ရှိသလို ရွေးကောက်ပွဲ ဥပဒေမှာလည်း ဒီမိုကရေစီ နည်းမကျတာတွေ ပါဝင်တဲ့အတွက် အခု ရွေးကောက်ပွဲ ရလဒ်ကို အာဆီယံအနေနဲ့ နိုင်ငံရေးအရရော သိက္ခာကျင့်ဝတ် အရပါ လက်ခံလို့ မဖြစ်နိုင်ဘူးလို့ အာဆီယံ လွှတ်တော်အမတ်တွေက ထောက်ပြထားပါတယ်။

ဒီအတွက်ကြောင့် အာဆီယံ လွှတ်တော်အမတ်တွေ အနေနဲ့ အာဆီယံထဲမှာ မြန်မာနိုင်ငံ ဆက်ပြီး ရှိနေတဲ့အပေါ်မှာ စိတ်မသက်မသာ ဖြစ်ရတယ်လို့ မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ AIPMC ရဲ့ အတွင်းရေးမှူး၊ မလေးရှားနိုင်ငံ လွှတ်တော်အမတ် မစ်စ် ထရီဆာ ကော့ခ် (Ms. Teresa Kok) က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် ဖြစ်ပြီးကတည်းက တိုင်းပြည်အတွင်း လူ့အခွင့်အရေး တိုးတက်လာအောင် ဆောင်ရွက်ပါ့မယ်ဆိုတာ ပြောခဲ့တဲ့ ကတိအတိုင်း လိုက်နာဆောင်ရွက်ခဲ့တာ မရှိပါဘူး။ အခုဆို မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မကြာခင် လုပ်ပါတော့မယ်။ ဒါပေမဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ ဒီရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရကြပါဘူး။

“ဒါဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တန်ဖိုးတရားတွေနဲ့ လုံး၀ မကိုက်ညီပါဘူး။ ရွေးကောက်ပွဲကိစ္စ အပြင် မြန်မာနိုင်ငံတွင်းမှာ အခြား အခြေအနေ အကြောင်းရပ်တွေ ပြောစရာ ဆိုစရာလည်း အတော်များများ ရှိပါတယ်။ ဒီအတွက် အာဆီယံထဲမှာ မြန်မာနိုင်ငံ ဆက်ပြီး ပါဝင်နေတာကို အာဆီယံ လွှတ်တော်အမတ်တွေ အတွက် မသက်မသာ ဖြစ်ရပါတယ်။”

အာဆီယံအသင်း အနေနဲ့ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ဆုံးဖြတ်ချက်တွေ၊ တောင်းဆိုချက်တွေ မကြာခဏ ချမှတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး အခုလုပ်နေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်ခွင့် ပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အသင်းကြီးရဲ့ တောင်းဆိုချက်၊ ဖျောင်းဖျမှုတွေအပေါ် တောက်လျှောက်လိုလို လျစ်လျူရှု နေတာတွေကို ကြည့်ခြင်းအားဖြင့် အာဆီယံ အသင်းကြီးရဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ အပြုသဘော ဆက်ဆံရေး မူဝါဒ မအောင်မြင်ဘူးဆိုတာ ထင်ရှားတယ်လို့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ စင်ကာပူက လွှတ်တော် အမတ် ၁၀၀ ကျော်က ထောက်ပြပါတယ်။ အထူးသဖြင့်တော့ အာဆီယံ အသင်းကြီးကို ပေးထားတဲ့ ကတိကဝတ်တွေကိုပင် ဖောက်ဖျက်တာ ဖြစ်တယ်လို့ မစ်စ် ထရီဆာ ကော့ခ်က ပြောပါတယ်။

“မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းပြမြေပုံနဲ့ သွားနေပါတယ်လို့ ပြောတာဆိုတာ ဆယ်စုနှစ်တခု ကျော်ပါပြီ။ ဒါပေမဲ့ အခုဖြစ်လာတာက ဒီမိုကရေစီ လုံးဝမကျတဲ့ ရွေးကောက်ပွဲလုပ်ဖို့ အဖြေပဲ ပေါ်လာပါတယ်။ ဒါဟာ အာဆီယံ ခေါင်းဆောင်တွေ၊ အာဆီယံ တိုင်းပြည်တွေနဲ့ နိုင်ငံတကာ မိသားစုကို သူတို့ပေးထားတဲ့ ကတိကဝတ်အတိုင်း မလုပ်ဘူး၊ ဆန့်ကျင်တယ်ဆိုတာ ပြနေတာပါ။ ဒီအခြေအနေကြီးကို လုံး၀ လက်ခံလို့ မရပါဘူး။”

အခုလို AIPMC အပါအဝင် ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အာဆီယံ အနေနဲ့ မြန်မာနိုင်ငံအပေါ် လက်တွေ့ကျကျ ထိရောက်တဲ့ အရေးယူမှုမျိုးတွေ လုပ်ဖို့ တိုက်တွန်းနေသလို မြန်မာနိုင်ငံတွင်းက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ သံဃာ့တပ်ပေါင်းစုနဲ့ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့ကလည်း အာဆီယံ အတွင်းရေးမှူးချုပ်ဆီကို မြန်မာ့အရေး ကိုင်တွယ်ဖို့ တိုက်တွန်းစာတစောင် ပေးပို့ခဲ့ပါတယ်။ စာပါ ကိစ္စတွေနဲ့ ပတ်သက်လို့ ဗကသများ အဖွဲ့ချုပ် ပြောခွင့်ရသူ ကိုဇာနည်ကို မေးမြန်းထားပါတယ်။

“တကယ် ဖိအားပေးစေချင်တယ်။ တနိုင်ငံနဲ့ တနိုင်ငံ ဆက်စပ်နေတယ်။ တနိုင်ငံရဲ့ အကျိုးသက်ရောက်မှုက နောက်တနိုင်ငံမှာ သွားပြီး ထိခိုက်စေတယ်။ အဲဒီအခါမျိုးကျတော့ ဒီဟာတွေက ဘယ်လိုပဲဖြစ်နေနေ ကျနော်တို့ အနေနဲ့ ဝိုင်းဝန်းကူညီ ပံ့ပိုးဖို့ တာဝန်ရှိပါတယ်။ တကယ်လို့ ကျနော်တို့နိုင်ငံက မဟုတ်ဘဲနဲ့ အာဆီယံ တနိုင်ငံက ဒီလိုမျိုး ဖြစ်ခဲ့မယ် ဆိုရင်လည်း ကျနော်တို့ နိုင်ငံက ဝိုင်းဝန်း ပံ့ပိုးပေးရမယ့် အနေအထားမျိုးတွေ ရှိပါတယ်။”

အကယ်၍ မြန်မာနိုင်ငံဘက်က ဒီလိုဆောင်ရွက်မှု မရှိလို့ရှိရင် အာဆီယံထဲက မြန်မာနိုင်ငံကို ထုတ်ပစ်ဖို့ ဆိုတဲ့ဟာလည်း တွေ့ပါတယ်၊ ကိုဇာနည်တို့ စာထဲမှာ။ တကယ်တမ်း ဒါက ထိရောက်မယ့် နည်းလမ်းလို့ ယူဆလို့ ရပါ့မလား၊ ကိုဇာနည် ဘယ်လိုထင်ပါသလဲ။ ဘာဖြစ်လို့လဲဆိုတော့ ထုတ်ပစ်လိုက်ရင် အာဆီယံနဲ့ ပို မဝေးသွားနိုင်ဘူးလား၊ နိုင်ငံတကာနဲ့ ပိုပြီး မဝေးသွားနိုင်ဘူးလား။

“ဒီဟာက သံခင်းတမန်ခင်း နည်းလမ်းတွေကို အသုံးပြုတာ ကြာခဲ့ပါပြီ။ အဲဒီတော့ သံခင်း တမန်ခင်း နည်းက ဒီလိုပဲ ကျနော်တို့ကို နားလှည့်ပါးရိုက်နဲ့ ဖြေရှင်းခဲ့တာ ကြာပြီလေ။ အဲတော့ ဒီဥစ္စာနဲ့ ပတ်သက်ပြီး ကျနော်တို့က ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်မှုမျိုးကို လုပ်စေချင်တာပါ။”

မြန်မာနိုင်ငံတွင်း လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမှု ရှိစေဖို့ ဆိုပြီး အာဆီယံအတွင်းက အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း အစိုးရတွေက သူတို့ စိုးရိမ်ချက်တွေကို ဒီမတိုင်ခင် ထုတ်ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ ယခင် အာဆီယံ အသင်း အစည်းအဝေးတိုင်းလိုလိုမှာ တကယ်တမ်း ခေါင်းဆောင်တွေ ထိပ်တိုက်တွေ့ကြပြီ ဆိုရင်တော့ သံတမန်ရေး ဆန်ဆန်ပဲ ပြောတာဆိုတာ များပါတယ်။ အာဆီယံအနေနဲ့ လက်တွေ့ အရေးယူ ကိုင်တွယ်နိုင်ဖို့ ဆိုတဲ့ အခြေအနေတော့ မတွေ့ရဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

လတ်တလောအားဖြင့် လူ့အခွင့်အရေး စံနှုန်းစံထား တစိတ်တပိုင်း ဖော်ပြထားတဲ့ အာဆီယံ ပဋိညာဉ် ရှိနေတာမို့ မြန်မာ့အရေး ဆွေးနွေးမှုမှာ အားရစရာရှိပေမဲ့လည်း တကယ်တမ်း အာဆီယံ ပဋိညာဉ်ပါ အခြေအနေတွေကို အကောင်အထည် ဖော်ဖို့ကို အာဆီယံ အတွင်းမှာပဲ အခက်အခဲမျိုးစုံ ရှိနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG