သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ထိပ်သီးညီလာခံ မြန်မာ့အရေး လွှမ်းမိုးဖွယ်ရှိ


မြန်မာနိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ ထိပ်သီး အစည်းအဝေးပွဲတွေ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တော်မှာ ဒီကနေ့ စတင်ကျင်းပရာမှာ မြန်မာနဲ့ ထိုင်းတို့လို အသင်းဝင် နိုင်ငံတွေရဲ့ နိုင်ငံရေး ပြဿနာတွေ လွှမ်းမိုးဖွယ်ရာ ရှိနေပါတယ်။

အသင်းဝင် ၁၀ နိုင်ငံရဲ့ ခေါင်းဆောင်တွေ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေကို အဓိက ဆွေးနွေးသွားကြမှာ ဖြစ်ပေမဲ့ အသင်းဝင်တွေ ဖြစ်ကြတဲ့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေမှာ ကြုံနေရတဲ့ နိုင်ငံရေး ပြဿနာတွေကိုလည်း ပြောဆိုကြလိမ့်မယ်လို့ မျှော်လင့်ထားကြတာပါ။

မြန်မာစစ်အစိုးရက ဒီနှစ်ထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ပြောဆိုဖို့ အတွက်ကိုတော့ အာဆီယံ အသင်းဝင်တွေကြား ကွဲလွဲမှုတွေကလည်း ရှိနေတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေကတော့ ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခွင့်ကို တားမြစ်ထားတာပါ။ ဒီလို ကန့်သတ်ချက်တွေ ရှိနေတဲ့ အခြေအနေတွေ ရှိနေတာမို့ ကျန် အသင်းဝင်တွေ ဖြစ်ကြတဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေကတော့ ပြင်းထန်တဲ့ ဝေဖန်မှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေဟာ အာဆီယံရဲ့ ပဋိညာဉ်ကို ချိုးဖောက်မှု ဖြစ်တာမို့ အခု ထိပ်သီး ဆွေးနွေးပွဲမှာ ဦးစားပေး ဆွေးနွေးသင့်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) ကတော့ မနေ့တုန်းကပဲ ပြောဆိုလိုက်တာပါ။

ဒီ ထိပ်သီး အစည်းအဝေးပွဲဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်စေဖို့ စစ်အစိုးရကို ဖိအားပေးဖို့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူနဲ့ မလေးရှားတို့လို နိုင်ငံတွေအတွက် အခွင့်အလမ်းကောင်းတခု ဖြစ်တယ်၊ အာဆီယံအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရကို ရှင်းရှင်းလင်းလင်း ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်တစောင် ထုတ်ပြန်သင့်တယ်လို့လည်း Amnesty International က ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း အာဆီယံအနေနဲ့ အသင်းဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို မစွက်ဖက်လိုဘူးဆိုတဲ့ မူဝါဒအတိုင်း မြန်မာနိုင်ငံက ပြဿနာတွေနဲ့ ပတ်သက်တဲ့ ကြေညာချက် တစုံတရာ ထုတ်ပြန်တာမျိုးကိုတော့ လုပ်လာဖွယ်ရာ မရှိဘူးလို့လည်း အကဲခတ်တွေက ရှုမြင်ကြပါတယ်။

မနေ့တုန်းက ထိပ်သီးဆွေးနွေးပွဲ အကြိုအဖြစ် အသင်းဝင် နိုင်ငံတွေကြား အလွတ်သဘော တွေ့ဆုံရာမှာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးကို ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျန် နိုင်ငံခြားရေး ဝန်ကြီးတွေက ပြောဆိုတာတွေ ရှိတယ်လို့လည်း ဟနွိုင်မြို့ကလာတဲ့ သတင်းတွေက ဆိုပါတယ်။

ဒီလိုတွေ့ဆုံခဲ့တဲ့ အထဲက တဦးဖြစ်တဲ့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ချ်ယိုး (George Yeo) ကတော့ လာမယ့်လတွေဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ကာလ ဖြစ်မယ် ဆိုပေမဲ့ မြန်မာနိုင်ငံ အရေးဟာ မြန်မာနိုင်ငံသားတွေသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့အကြောင်း AFP သတင်းက ဖော်ပြခဲ့တာပါ။

အာဆီယံအနေနဲ့ ဘာလုပ်ပါ၊ ဘာကိုင်ပါ ဆိုတာ ပြောမှာ၊ ဆိုမှာ၊ ဝေဖန်မှာ မဟုတ်ဘဲ အကြံပေး တိုက်တွန်းတာသာ လုပ်မှာ ဖြစ်တယ်လို့လည်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ဆိုခဲ့တာ ဖြစ်ပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပီဆူဝန် (Surin Pitsuwan) ကတော့ ဒီနှစ်ထဲ ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲတွေဟာ စစ်အစိုးရက ပြောထားတဲ့အတိုင်း လွတ်လပ်ပြီး တရားမျှတတာကို မြင်တွေ့လိုတယ်လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG