သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသင်္ကြန် မစည်ကားမှာကို အစိုးရ စိုးရိမ်


မြန်မာနိုင်ငံတွင်း ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ သင်္ကြန်ပွဲကို မစည်ကားဘူးဆိုတာ မဖြစ်ရအောင် အာဏာပိုင်တွေ ဘက်က သူတို့လိုချင်တဲ့ ပုံစံနဲ့ သင်္ကြန်ကို အတင်းအကျပ် ဖော်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ ဒီနေ့ကျရောက်တဲ့ သင်္ကြန် အကြိုနေ့မှာ မြန်မာနိုင်ငံအတွင်း သင်္ကြန်ပွဲ ဆင်နွှဲမှု အသေးစိတ် အခြေအနေတွေကို ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

<!-- IMAGE -->

ရန်ကုန်သင်္ကြန်ဟာ ဒီနှစ်မှာတော့ ရေကစား မဏ္ဍပ်တွေကို ကုမ္ပဏီတွေက မဖြစ်မနေ လုပ်နေရတယ်ဆိုပြီး ရန်ကုန်မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“သင်္ကြန် ရန်ကုန်က အခြေအနေကတော့ အရမ်း အစည်ကြီးလည်း မဟုတ်ဘူး၊ မစည်ဘူးလည်း မဟုတ်ဘူး။ မဏ္ဍပ်တွေကလည်း ကုမ္ပဏီတွေ မလုပ်မနေရ ဟာတွေပေါ့၊ အဲဒီလိုမျိုးတွေတော့ ရှိပါတယ်။ ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်း၊ သူတို့သားသမီးတွေနဲ့ ကုမ္ပဏီ မဏ္ဍပ်တွေတော့ ရှိတယ်။ အရင်နှစ်တွေထက် စာရင်တော့ လုပ်တော့လုပ်တယ်၊ သူတို့ မစည်ဘူးလို့ ပြောမှာစိုးလို့လေ။ ရန်ကုန်သင်္ကြန် မစည်ဘူး၊ နေပြည်တော် မစည်ဘူး ဆိုပြီးတော့ ပြောမှာစိုးလို့ သူတို့နိုင်တဲ့ လူတွေကိုတော့ မဏ္ဍပ်ထိုးတာတွေ ဘာတွေ လုပ်ခိုင်းထားတယ်။”

ရေရှားပါးတဲ့ ရန်ကုန်မှာ မီးလာရင် မီးစက်မောင်းပြီး အဝီစိတွင်းက ရေကို ထုတ်ပြီး ရေကစားရသလို ခေတ်လူငယ် တွေကတော့ ကားတွေနဲ့ လည်ပတ်ပြီး ရေပတ်ခံ ထွက်တာမျိုးတွေကို ဒီနှစ်မှာ လုပ်နိုင်တာ သိပ်မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒီနေ့ဟာ သင်္ကြန်အကြိုနေ့ ဖြစ်ပေမဲ့ စီးပွားရေး ကျပ်တည်းမှုတွေကြောင့် လူငယ်တွေ ရေပက်ခံ မထွက်နိုင်တာတွေကို လည်း တွေ့ရကြောင်း ရန်ကုန်မြို့ခံက ဆက်ပြောသွားပါတယ်။

“ရပ်ကွက်ထဲမှာတော့ ဒီနေ့ အစပဲ ရှိသေးလို့လား မသိဘူး၊ ခါတိုင်းနှစ်ဆို ဒီအချိန်ဆို ရေပက်ခံကားတွေ ထွက်ကြတာ ဘာညာ ရှိကြတာပေါ့။ ဒီနှစ်တော့ ပထမရက်ပဲ ဖြစ်နေလို့လား မသိဘူး၊ အသံ သိပ်မကြားဘူး။ အခု ရေပက်ခံ ဂျစ်ကား တစီးကလည်း တနေ့ကို တသိန်းနဲ့ တသိန်းခွဲကြားမှာ ရှိတယ်။ အဲဒီကားကလည်း ၁၂ ယောက်လောက်ပဲ ဆန့်တယ်ဆိုတော့ ကလေးတယောက်က သင်္ကြန်လည်မယ်ဆိုရင် ကားခတင် ၁၀,၀၀၀ လောက်နဲ့ လမ်းမှာ စားမှာသောက်မှာနဲ့ဆိုရင် ၂၀,၀၀၀ လောက်ရှိမှ ဖြစ်မယ်ပေါ့။ အဲဒီလိုဆိုတော့ ကလေးတွေလည်း ဒီနှစ် သိပ်မထွက်နိုင်ဘူးနဲ့တူတယ်။

“ဒီနေ့ ရပ်ကွက်ထဲမှာ ကြည့်နေတာ သင်္ကြန်ကားတောင် မတွေ့ဘူး။ ခါတိုင်း ကိုယ့်ဘက်မှာ မဏ္ဍပ်မရှိတာတောင်မှ ရပ်ကွက်ထဲက ကလေးတွေက စုပြီး ကားငှားပြီး ရေပက်ခံ ထွက်ကြတယ်။ ပထမဆုံးနေ့ မို့လို့လားတော့ မသိဘူး၊ မနက်ဖြန် တရက် စောင့်ကြည့်ရဦးမယ်။”

ရခိုင်ပြည်နယ်ဘက်မှာတော့ သင်္ကြန်ကို လုပ်ရဖို့အတွက် ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်လို့ ရခိုင်ပြည်သားတဦးက အခုလို ပြောပြပါတယ်။

“သင်္ကြန်ကတော့ ဌာနဆိုင်ရာပိုင်းကိုပဲ အဓိကထားတယ်။ ရပ်ကွက်တွေကိုလည်း ပိုက်ဆံကောက်တာတွေ ရှိတယ်။ သံတွဲ မှာလည်း ရပ်ကွက်တခုကို ယိမ်းအသင်း ထွက်ရမယ်ဆိုပြီး တအိမ်ကို ၂,၀၀၀ ကောက်တယ်။ ကျပ်တည်းနေတဲ့ဟာကို အဲဒီလို လုပ်တယ်။ သံတွဲကတော့ ခယက က ဦးစီးတယ်။ ကန်ပေါက်ကြတော့ တပ်က၊ စကခ ၅ က ရပ်ကွက်တိုင်း ထွက်ရ မယ် ဆိုပြီးတော့ လုပ်တယ်။ အဲဒီမှာ တအိမ် ၅၀၀ စီကောက်တယ်။”

ရခိုင်သင်္ကြန်ကို လုပ်ခွင့်ပေးတာမျိုး မဟုတ်ဘဲ စည်ကားအောင်တော့ လုပ်ရမယ်၊ ရခိုင်လူမျိုးတွေ လုပ်နေကျ ရိုးရာ ယဉ်ကျေးမှုကို ပုံဖော်တဲ့ ပုံစံမျိုးနဲ့ မဟုတ်ဘဲ အာဏာပိုင်တွေ လုပ်ချင်တဲ့ ပုံစံနဲ့သာ လုပ်ခွင့်ရတယ်လို့လည်း ဆက်ပြောသွား ပါတယ်။

“ရခိုင်သင်္ကြန် ပေးမလုပ်ဘူး ဆိုတာထက် သူတို့လိုချင်တဲ့ သင်္ကြန်မျိုးကို ဖန်တီးတာပေါ့။ ကျနော်တို့ဆီမှာ အရင် ကောင်စီ ခေတ်၊ မဆလခေတ်တုန်းက ကောင်စီဝင်တွေကအစ ဘာပဲပြောပြော ရခိုင်တွေဆိုတော့ ရခိုင်ယဉ်ကျေးမှုအရ မိန်းကလေးတွေက တဘက်၊ နောက် ယောက်ျားလေးတွေက လာလောင်း၊ အဲဒီလိုမျိုး ယဉ်ကျေးမှု သင်္ကြန်ပေါ့၊ သံချပ်တွေ နဲ့ပေါ့။ အဲဒီလို လုပ်ခွင့်ရခဲ့တယ်။

“ဒါပေမဲ့ ဒီအစိုးရ တက်လာတဲ့ နောက်ပိုင်းမှာကျတော့ ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေ ဖျောက်ပြီးတော့ သူတို့လိုချင်တဲ့ ပုံစံနဲ့ လုပ်နေတာပေါ့။ ကျန်တဲ့ဟာတော့ သူတို့ဦးစီးပြီး သူတို့ပဲ လုပ်သွားတာပေါ့ဗျာ။ အဲဒီသဘောမျိုးပေါ့။”

မြို့တော် နေပြည်တော်မှာတော့ ဝန်ထမ်းတွေက ရုံးပိတ်ရက် မိသားစုတွေဆီ ပြန်ခွင့်မရဘဲ အတင်းအကျပ် ကခိုင်းမှုတွေနဲ့ စည်ကားအောင် လုပ်နေကြောင်း ဆွေမျိုးသားချင်းထဲက ဝန်ထမ်းတွေ ရှိနေတဲ့ အမျိုးသမီးက ပြောပြပါတယ်။

“နေပြည်တော်ဘက်မှာ ကျတော့လည်း တချို့ဝန်ထမ်းတွေက ပြန်ချင်ကြတာပေ့ါ။ တချို့တွေက အကတိုက်ပြီး အတင်း ဇွတ်ပြန်လာတာတွေ ရှိတယ်။ တချု့ိကျတော့လည်း မဖြစ်မနေ အကတိုက်တယ်၊ ဒါပေမဲ့ ပြန်ချင်ကြတာပေါ့၊ မိသားစုက ရန်ကုန်မှာ ရှိနေတဲ့အခါကြတော့။ နေပြည်တော်လည်း မစည်မှာ စိုးနေတယ်။ အခု သတင်းကြားနေတာ မစည်ဘူးလို့ မပြောရဘူးလို့တောင် ပြောနေတယ်တဲ့။ စည်တယ်ပေါ့၊ သူတို့ဝန်ထမ်းတွေ။”

မဟာသင်္ကြန်ဆိုရင် မန္တလေးမြို့ဟာ တကယ့်ကို စည်ကားတဲ့မြို့ ဖြစ်ပါတယ်။ တကယ့်ကို စည်ကားတဲ့မြို့တောင်မှ လူထုတွေ အနေနဲ့ မပျော်နိုင်ဘဲ မြို့သစ်တွေကို ရောက်သူရောက်နဲ့ စီးပွားရေးသမားတွေသာ လွှမ်းမိုးသွားတဲ့မြို့ ဖြစ်တာကြောင့် ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ပြသမှုတွေ အားနည်းသွားပြီး မဟာသင်္ကြန်ဟာ ခြောက်ခြောက်သွေ့သွေ့နဲ့ ဖြတ်သန်းရတာ နှစ်ကာလတွေ ကြာခဲ့ပါပြီလို့လည်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG