ပါတီကို ပြန်လည် မှတ်ပုံမတင်တော့တဲ့အတွက် ပါတီ ဖျက်သိမ်းခံရပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ မလုပ်နိုင်တော့ရင် လူမှုရေး လုပ်ငန်းတွေ ဆက်ပြီး လုပ်သွားမယ်လို့ ပြောထားတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသဘက်မှာ ရေသန့်ရရှိရေး အပါအဝင် လူမှုရေး လုပ်ငန်းတွေကို အခုကတည်းက လုပ်ပေးနေပါတယ်။ NLD ရဲ့ လူမှုရေး လုပ်ငန်းတွေအကြောင်း စုံစမ်းမေးမြန်းပြီး ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
၂၀၀၈ ခုနှစ်က နာဂစ်ဒဏ် ခံခဲ့ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ ပြီးခဲ့တဲ့နှစ် နွေရာသီအတွင်း ရေပြဿနာနဲ့ ကြုံခဲ့ရသလို ဒီနှစ်အတွက်လည်း သောက်ရေသန့် ပြဿနာနဲ့ ကြုံရနိုင်တာမို့ ရေရရှိရေး ကြိုးပမ်းကြဖို့ TCG အဖွဲ့က ပြီးခဲ့တဲ့လ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ပွန်ဂျာခေါ် နာဂစ်ဒေသ လေ့လာမှုတွေအရ မြစ်ဝကျွန်းပေါ်ဒေသက ရေကန်အားလုံးရဲ့ ၄၃% ဟာ ရေငန်ဝင်ပြီး သောက်သုံးဖို့ မသင့်လျော်တဲ့အပြင် မိုးရေသိုလှောင်တဲ့ ဓလေ့ကလည်း ပြတ်သလောက် ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကန်ရေကို အဓိက မှီခိုနေရတဲ့ ဒေသခံတွေရဲ့ ၇၀% ကျော်ကျော်အတွက် ရေရှည်ပြဿနာတွေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နာဂစ်ဒေသ ကူညီရေးအဖွဲ့ ဖွဲ့ပြီး ရေတွင်း ရေကန်တွေ တူးဖော် သန့်စင်ပေးခဲ့တဲ့အပြင် အခု မကြာသေးခင်ကပဲ သောက်ရေသန့် ဖူလုံစေဖို့အတွက် တူးပေးနေတဲ့ ရေတွင်းတွေထဲက နောက်ထပ် ၂ တွင်းကို ဒေသခံတွေလက်ထဲ အပ်နှဲခဲ့တယ်လို့ ကူညီရေးအဖွဲ့က ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။
“ဘိုကလေးမြို့နယ် အထက်ဖူးညိုနဲ့ ကလီကြီးဆိုတဲ့ရွာမှာ သွားပြီး လှူခဲ့တာပါ။ အခုတူးနေတာက ဘိုကလေးမြို့နယ်ပဲ ကဒုံကနိဆိုတဲ့၊ သူကတော့ မြို့နီးပါးလောက် ကြီးပါတယ်။ အဲဒီမှာရှိတဲ့ ငွေအားနဲ့ နောက်တနေရာ၊ နှစ်နေရာမှာ တူးတယ်။ မော်ကျွန်းဘက်မှာလည်း အခု တူးနေတယ်။ ဟို၂ ခုကတော့ အပ်ပြီးသွားပြီ၊ ပြီးခဲ့တဲ့အပတ်က။ တတွင်းကျတော့ နည်းနည်း သံဓာတ်ပါတယ်၊ နောက်တနေရာကျတော့ တတွင်းကို pH7 အတိုင်းပဲ ရပါတယ်။
“အခု ကဒုံကနိမှာ တူးတဲ့ တွင်းကတော့ ဟိုတလောတုန်းက ရေသန့် ထွက်ပြီးတော့မှ၊ ရေချိုထွက်ပြီးတော့မှ တွင်းပြိုသွားလို့ အခု ပြန်တူးနေရတယ်။ မော်ကျွန်းဘက်မှာ တူးတဲ့ တွင်းအခြေအနေကတော့ မပြောနိုင်သေးဘူးပေါ့။ ကျမတို့ဆီက ဦးအုန်းကြိုင်နဲ့ ဦးကြည်ဝင်းနဲ့ သွားကြပြီ။ ကျမတို့ နောက်ထပ် အသစ်တူးနေတဲ့တွင်းပေါ့၊ အဲဒီတွင်းတွေ အခြေအနေကို သူတို့ သွားကြည့်တာပါ။”
ဒီဒေသတွေမှာ ကန်ရေကို အဓိကထား သုံးကြပေမဲ့ ရာသီဥတု ပူပြင်းတဲ့အတွက် ခန်းပြီး ရေလုံလုံလောက်လောက် မရဘူးလို့လည်း ပြောပါတယ်။
“အဲဒီမှာ ကန်တွေတွေ့တယ်။ သူတို့က မိုးရေကို အဓိကထားပြီး လှောင်တာပေါ့။ ဒါပေမဲ့ ကန်တွေက ခန်းနေပြီ။ သုံးတဲ့လူက များပြီးတော့ ကန်ကသေးလို့။ ကန်တကန်ကတော့ အောက်ခြေမှာ ပက်ကြားအက်နေတယ်။ အဲဒီ ပက်ကြားအက်တဲ့ ကြားထဲက လက်ယက်တွင်းလို ပုံစံမျိုးနဲ့ အောက်ခြေမှာ လေးငါးနေရာလောက် တူးပြီး သုံးနေတာ တွေ့ရတယ်။ ဆိုတော့ မလုံလောက်ဘူးဆိုတဲ့ သဘောပေါ့။ အဲဒီ ကဒုံကနိဆိုတာ၊ ပင်လယ်အဝဘက်မှာ။ ရေငန်တွေများပြီး ရေချိုမရှိတာ တွေ့ရတယ်။ အဲတော့ ဒီလို ကန်ရေနဲ့တော့ လောက်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွာက လူဦးရေက တိုးတက်လာတယ်၊ ပြီးတော့ နွေကျတော့ ခန်းသွားတော့ စက်တွင်းပဲ ပိုသင့်တော်တယ်လို့ ကျမ ထင်တယ်။”
ကုလသမဂ္ဂ ယူနီဆက်ဖ်နဲ့ တခြားအဖွဲ့တွေက ဒေသတွင်းမှာ ရေကန်ပေါင်း ၃,၈၀၀ ကျော်နဲ့ စက်တွင်းပေါင်း ၃,၀၀၀ ကျော် တူးပေးခဲ့တယ်လို့ စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ အဖွဲ့အစည်း အသီးသီးက ဒီလို ကူညီမှုတွေ ရှိနေပေမဲ့ နာဂစ်ဒဏ်ခံရတဲ့ ဒေသတချို့မှာ အခုထိ သောက်သုံးရေ ဖူလုံမှု မရှိသေးပါဘူး။ NLD အဖွဲ့ကတော့ ရေတွင်းတူးသလို တွဲလျက် ရေကန်တွေပါ ဆောက်လုပ်ပေးခဲ့တယ်လို့ ပြောပါတယ်။
“တခြားသူတွေ လှူတာတော့ မသိဘူး၊ ကျမတို့ဆီက လှူတာတော့ စက်တွင်းတတွင်း တူးပြီးရင် ဘေးနားမှာ ရေကန်အကြီးကြီး၊ ဘေးနားမှာ လူတရပ်နီးပါးလောက် ရှိတဲ့ ကန်ပတ်လည်ပေါ့၊ အဲဒါကြီးကို တူးဖော်ပြီးမှ တခါတည်း ကန်ပါလှူလိုက်တာ ကျမတို့က။ သုံးတဲ့လူတွေကို တိုက်ရိုက်ပေးမခပ်ဘဲ ရေပိုသန့်အောင် စက်တွင်းထဲက ကန်ထဲကို တခါထည့်တယ်၊ ကန်ကမှ အောက်က ကော့ခ်လေးနဲ့ ထုတ်ပြီးတော့မှ ရွာသားတွေက ခပ်ကြတာပေါ့။ အဲတော့ ရေလည်း အလေအလွင့် မရှိဘူး၊ ပိုလည်း သန့်တာပေါ့။
“တခြားလူတွေ ပုံစံတော့ မသိဘူးပေါ့။ တခြားနေရာမှာ တခြား NGO တွေလည်း အများကြီး လှူနေတာ ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ မြင်တာတော့ သူတို့ အခက်အခဲတွေ လာလာတင်ပြနေတာ ရှိတော့ သိပ်မလုံလောက်ဘူးလို့ပဲ သုံးသပ်လို့ ရပါတယ်။ ကမ်းနဖူးမဟုတ်ဘဲ ဟိုး အတွင်းဘက်တွေမှာတော့ အများကြီး ထပ်လုပ်ဖို့ လိုသေးတယ်လို့ ကျမအနေနဲ့ မြင်ပါတယ်။”
နာဂစ်ဒေသ ကူညီရေးအဖွဲ့က ဒေါက်တာ ဒေါ်မေဝင်းမြင့် ပြောသွားတာ ဖြစ်ပါတယ်။