သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုက်စ်လန်မီးတောင် မြူမှိုင်းကြောင့် ဥရောပ လေကြောင်းခရီးစဉ်တွေ ဖျက်ကြရ


<!-- IMAGE -->

အိုက်စ်လန်နိုင်ငံက မီးတောင်ပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ ပြာမှုန်တွေဟာ ဥရောပတလွှားမှာ ထူထပ်နေဆဲ ဖြစ်တာမို့ ဒီကနေ့ဆိုရင် ၄ ရက် ဆက်တိုက်အဖြစ် လေကြောင်းသွားလာမှုတွေမှာ အကြီးအကျယ် ထိခိုက်မှုတွေ ကြုံတွေ့နေရပါတယ်။

လေတိုက်တဲ့ ပုံစံအရ ဆိုရင်လည်း ကမ္ဘာတဝန်း လေကြောင်း ခရီးစဉ်တွေကို နောက်ထပ် ရက်အတော်ကြာကြာအထိ ထိခိုက်နိုင်သေးတယ်လို့ ဥရောပ လေကြောင်း ခရီးသွားလာရေး အေဂျင်စီက ပြောပါတယ်။

ဒီအတောအတွင်း ဒတ်ချ်လေကြောင်းလိုင်း KLM ကတော့ သူတို့ရဲ့ လေယာဉ်တစင်းဟာ အထိအခိုက်မရှိဘဲ ပြာမှုန်တွေကြားက ဖြတ်ပြီး ပျံသန်းနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။ သူတို့ရဲ့ လေယာဉ်ခရီးစဉ်တွေကိုလည်း တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည် ပျံသန်းလိုကြောင်း ပြောဆိုခဲ့တာပါ။

မနေ့တုန်းကတော့ ဥရောပမှာ ပျံသန်းနေတဲ့ လေယာဉ်တွေရဲ့ ၄ ပုံ ၁ ပုံလောက်သာ ခရီးစဉ်တွေကို ထွက်ခွာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်တွေ ဖျက်ရတဲ့အတွက် ကမ္ဘာတဝန်းက ခရီးသွားတွေ ထောင်သောင်းချီပြီး စုပြုံနေကြသလို လေကြောင်းလိုင်းတွေ အတွက်လည်း ဒေါ်လာသန်းချီပြီး ဆုံးရှုံးမှုတွေနဲ့ ကြုံနေရတာပါ။ ခရီးသွားတွေ အနေနဲ့လည်း သူတို့ ခရီးစဉ်တွေ ဆက်ကြဖို့ ရထားတွေ၊ ဘတ်စ်ကားတွေ၊ ကူးတို့သင်္ဘောတွေ၊ တက္ကစီကားတွေကို လုယက် အသုံးပြုနေကြရပါတယ်။

ဥရောပကို ဖြတ်ပြီး သွားလာဖို့ ဒေါ်လာငွေ ထောင်ချီပေးပြီး ငှားရမ်းတာတွေ ရှိတယ်လို့လည်း တက္ကစီ ကုမ္ပဏီတွေက ပြောပါတယ်။

လေကြောင်းခရီးစဉ်တွေ အခုလို ရပ်တန့်ရတာဟာဆိုရင် အမေရိကန် ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုနောက်ပိုင်း အဆိုးရွားဆုံးလည်း ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG