ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ပလောင်ကျေးရွာတွေမှာ ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေ ကင်းမဲ့နေတာကြောင့် အနာဂတ်မဲ့နေရတဲ့ အခြေအနေတွေကို ကွင်းဆင်းပြီး သုတေသနပြု ရေးသားထားတဲ့ အလင်းမဲ့ဘဝလို့ အမည်ပေးထားတဲ့ အစီရင်ခံစာ တစောင်ကို တအောင်း ကျောင်းသားလူငယ်များ အစည်းအရုံးက မနေ့က ထုတ်ဝေခဲ့ပါတယ်။ စာမျက်နှာ ၇၈ မျက်နှာရှိတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ တခုကို ထိုင်း၊ မြန်မာနယ်စပ်မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ပလောင်ဒေသတွေ ဖြစ်တဲ့ နမ့်ခမ်၊ မိုင်းတုံ၊ နမ့်ဆမ် ဒေသတွေက မြို့နယ် ၃၀ ကျော်က ရွာပေါင်း ၆၀ ကျော်ကို သုတေသန ပြုစုခဲ့ပြီး ပညာရေး နိမ့်ကျနေတဲ့ အခြေအနေတွေကို အစီရင်ခံစာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပလောင်ဒေသတွင်းက အခြေအနေတွေနဲ့ ပတ်သက်ပြီး ပညာရေး တာဝန်ခံ မိုင်မောင်ဒေါင်းကတော့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောပြပါတယ်။
“စကောက်နေတဲ့ ၂၀၀၆ အချိန်ကို သုံးသပ်ထားတာက ကျောင်းတက်နိုင်တဲ့ ကလေးတွေ ၇၅% လောက်ရှိတယ်။ တဖြည်းဖြည်း နိမ့်ကျလာတာ ၂၀၀၉ ဆိုရင် ၅၅% လောက်ပဲ ကျောင်းတက်နိုင်တော့တယ်။ မြို့နယ်နာမည်က မိုင်းတုံတို့၊ နမ့်ခမ်တို့၊ နမ့်ဆမ်တို့ အဲဒီမြို့ ၃ မြို့နယ်ကို ကျနော်တို့ ဦးတည်ပြီး စုဆောင်းထားတာ ရှိတယ်။ ရွာပေါင်း ၆၁ ရွာ။ ကျနော်တို့ အဲဒီ မြို့ ၃ မြို့မှာ ကောက်ထားတဲ့ လူအရေအတွက် ခန့်မှန်းချေ မိသားစု မိဘ၊ ကလေးအပါ အကုန်လုံးဆိုရင် ၇၀၀,၀၀၀ ကျော်လောက် ရှိမယ်။ လူဦးရေအားဖြင့် ခန့်မှန်းကြည့်ရင် တမြို့ကို ၂၀၀,၀၀၀ ကျော်လောက် ရှိမယ်ပေါ့။”
ဒီအစီရင်ခံကို ထုတ်ဝေခဲ့တာကတော့ မြန်မာပြည်မှာ ပညာရေးစနစ်ကို နိုင်ငံတကာက သိရှိအောင် မီးမောင်းထိုးပြဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး သူတို့ဒေသတွင်းက အခြေအနေတွေ၊ လူငယ်တွေက ပညာရေးကို ဆက်လက် မသင်ကြားနိုင်တာတွေ အတွက် တိုင်းရင်းသား ဒေသတွေကို နိုင်ငံတကာက အကူအညီတွေ တိုက်ရိုက်ရောက်အောင်လည်း ရည်ရွယ်ခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့ မျှော်လင့်တယ်၊ နိုင်ငံတကာမှာလည်း မြန်မာပြည်ကို ပြန်ပြီးတော့ ဖိအားပေးဖို့၊ နောက်ထပ် ကျေးလက်ဒေသမှာရှိတဲ့ ကျောင်းတွေ တိုက်ရိုက်ပေးဖို့၊ နောက်တခုက နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အကုန်လုံး သိပြီဆိုရင် ကျနော်တို့ မြန်မာပြည်မှာ ရှိနေတဲ့ ပညာရေးက ဘယ်လောက်အထိ ဆိုးရွားလဲဆိုတာ သူတို့ ပိုပြီးတော့ နားလည်ဖို့ ထုတ်ဝေရတာ ဖြစ်ပါတယ်။”
အဲဒီဒေသတွင်းမှာ ဆရာမ တာဝန် ယူခဲ့ဖူးတဲ့ ပလောင်အမျိုးသမီး တဦးကတော့ ပညာရေးဟာ ကလေးတွေအတွက် ဖန်တီးနိုင်တဲ့ စွမ်းရည်တွေကို ပေးတဲ့ ပညာရေး မဟုတ်ဘူးလို့ အခုလို ပြောသွားပါတယ်။
“အခု ကလေးတွေက ဒီသင်ရိုးညွှန်းတန်းအတိုင်း ဒီဟာသင်ပေးတယ်၊ ဒီဟာကျက်၊ အဲဒီလိုမျိုး ဘာမှ တွေးခေါ် စဉ်းစားမှု မရှိဘူး။ ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားတာ လုံး၀ မရှိဘူး။ ဦးနှောက်ထဲမှာ ရိုက်သွင်းထားတဲ့အတိုင်း ဒီဟာက ဒီဟာပဲ ဆိုတဲ့ပုံစံ၊ အဲဒီလိုမျိုး သင်ရိုးညွှန်းတန်း အတိုင်းပဲ လိုက်ကျက်တဲ့ အခါကြတော့ သူတို့ ဦးနှောက် ဖွံ့ဖြိုးတိုးတက်မှုက တဖြည်းဖြည်း လျော့သွားတာပေါ့။”
ပလောင်ဒေသတွေမှာ ပညာရေးကို မြှင့်တင် အားပေးတာမျိုးတွေကို စစ်အစိုးရက ပြုလုပ်ပေးခြင်း မရှိဘဲ သင်ထောက်ကူ ပစ္စည်းတွေ မပြည့်စုံမှု၊ ဆရာ မလုံလောက်မှု၊ ကျောင်းပညာ သင်ကြားရေးအတွက် ငွေကြေးပေးရမှုလည်း ရှိခဲ့သလို ၂၀၀၈ ခုနှစ်အတွင်းမှာ ပလောင်တွေရဲ့ မိရိုးဖလာ စိုက်ပျိုးရေး လုပ်ငန်းဖြစ်တဲ့ လက်ဘက်ရောင်းဝယ်မှုတွေ အကြီးအကျယ် ပျက်စီးသွားခဲ့ရပြီး ပလောင်လူမျိုးတွေဟာ ကျောင်းထားနိုင်ဖို့ နေနေသာသာ ထမင်းစားရဖို့တောင် ခက်ခဲသွားခဲ့ရတာတွေ ဖြစ်ခဲ့ရကြောင်း၊ ပညာသင်ကြားနိုင်သူ လူနည်းစုတွေ အနေနဲ့လည်း သူတို့တတ်မြောက်ထားတဲ့ ပညာနဲ့ တခြားစီဖြစ်တဲ့ မိရိုးဖလာ လက်ဘက်ရောင်းတဲ့ အလုပ်တွေကိုသာ လုပ်ကိုင် စားသောက်နေရကြောင်း တွေကိုလည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ပလောင်ဒေသတွင်းမှာ ကျောင်းတွေ နည်းပါးမှုကြောင့် ဝေးလံတဲ့ နေရာတွေမှာ ကျောင်းတက်နိုင်တဲ့ဦးရေ တဖြည်းဖြည်း နည်းလာရသလို ကလေးတွေဟာ ဘိန်းခင်းတွေထဲက အလုပ်သမားတွေ ဖြစ်လာရတာတွေ၊ ဘိန်းစွဲတဲ့သူတွေ ဖြစ်လာရတာတွေ၊ မိုင်းတုံကျေးရွာ တခုတည်းမှာတောင် အသက် ၁၅ နှစ်ကျော် လူငယ်တွေထဲမှာ မူးယစ်ဆေးဝါး စွဲနေသူ ၈၅% ရှိနေတဲ့အတွက် လူငယ်တွေအတွက် အထူးစိုးရိမ်စရာ ကောင်းကြောင်းတွေကိုလည်း ဖော်ပြသွားပါတယ်။