သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မဝင်ပေမဲ့ NLD ရုံးချုပ် ပိတ်ဖို့မရှိ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဘူး ဆိုပေမဲ့ ပါတီရုံးကို ပိတ်မှာ မဟုတ်သလို ပါတီအလံ၊ ပါတီဆိုင်းဘုတ်ကိုလည်း မိမိဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်ဘူးလို့ ပါတီခေါင်းဆောင်တချို့က ပြောလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဥပဒေအရ ပါတီတည်ရှိမှု ပျက်ပြယ်သွားမယ်ဆိုရင် အခြေအနေတွေကို ကိုင်တွယ်နိုင်အောင် စီမံခန့်ခွဲမှုဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တရပ် ဖွဲ့ထားပါတယ်။ ဒါပေမဲ့လည်း NLD အနေနဲ့ သူ့ရဲ့ အဖွဲ့တည်ရှိမှုကိုတော့ မိမိဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်ဘူးလို့ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။

“ကျနော်တို့က နိုင်ငံရေးပါတီ၊ ဖျက်သိမ်းမယ်၊ မဖျက်သိမ်းဘူးဆိုတာ သူတို့အပေါ်မှာသာ တည်တယ်၊ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျနော်တို့ ကိုယ့်ဘာသာလည်း ဘာမှ ဖျက်သိမ်းမပေးဘူး။ အလံချခြင်းတို့၊ ဆိုင်းဘုတ်ဖြုတ်ခြင်းတို့ ဘာမှမလုပ်ဘူး။ ကျနော်တို့လုပ်ငန်း ကျနော်တို့ လုပ်မယ်။ ဒါက ဒေါ်စုရဲ့ အမြင် သဘောထားတွေနဲ့လည်း ထင်ဟပ်ပြီးတော့ ဖြစ်တာလို့ ပြောချင်ပါတယ်။”

ဥပဒေ ကျွမ်းကျင်သူတဦးဖြစ်တဲ့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကလည်း လက်ရှိ ဥပဒေအတိုင်းဆိုရင် ပါတီ မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တဲ့ သဘောပဲရှိပြီး အစုအဖွဲ့ ဆက်တည်ရှိနေမှုအပေါ် အရေးယူရမယ်ဆိုတဲ့ ဥပဒေ ဖော်ပြချက်မျိုး ဘာမှမတွေ့ရဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ပြင်ဆင်မှု မလုပ်ဘူးဗျ၊ လုပ်စရာ မလိုဘူးလို့ ကျနော်တို့က သတ်မှတ်ထားတာ။ ဥပဒေအရ အလိုအလျောက် Cancel ဖြစ်တော့လည်း အလိုအလျောက် ဖြစ်ပေါ့။ ကျနော်တို့က ဒီအတွက် လိုက်လုပ်ပေးစရာ မရှိဘူး။”

အကယ်၍များ မေလ ၇ ရက်နေ့မှာ သူတို့က သူ့ဥပဒေအရ အလိုအလျောက် Cancel ဖြစ်တယ်၊ ပါတီဆိုင်းဘုတ်တွေ တင်ခွင့်မပေးဘူး၊ အလံတွေ တင်ခွင့်မပေးဘူး၊ ရုံးတွေ ဖွင့်ခွင့်မပေးတော့ဘူး ဆိုရင်ရော အန်ကယ်တို့ ဘာများ စဉ်းစားမှုရှိပါလဲ။

“အဲဒီလို ခွင့်မပေးဖို့ကိစ္စ ဘယ်ဥပဒေမှာမှ ကျနော်တော့ မတွေ့ဘူးဗျ။”

ဥပဒေမှာက ဘယ်လိုဆိုထားလဲခင်ဗျ၊ အကယ်၍ မေလ ၇ ရက်နေ့ကျရင် နိုင်ငံရေးပါတီ တရပ်အနေနဲ့ မရှိတော့ဘူးလို့ သဘော မသက်ရောက်နေဘူးလား။

“သက်ရောက်ပါတယ်။”

သက်ရောက်နေတော့ အဲဒါ သူတို့အနေနဲ့ တခြား Action တွေဘာတွေ လုပ်ရမယ်ဆိုတဲ့ ရည်ညွှန်းချက်တွေရော မရှိဘူးလားခင်ဗျ။

“အဲဒီရည်ညွှန်းချက်တွေလည်း ဥပဒေမှာ မရှိဘူး။”

ဦးဝင်းတင်ကတော့ အခုလက်ရှိ ရွေးကောက်ပွဲ ဥပဒေရော၊ ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေတွေဟာ မတရားတဲ့ ဥပဒေတွေ ဖြစ်တဲ့အတွက် သူတို့ရပ်တည်ချက် လုပ်ရပ်တွေကို ဒီဥပဒေတွေနဲ့ စံနှုန်းထား သတ်မှတ်တာမျိုး လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ကတော့ ဥပဒေဘောင်အတွင်းမှာ ဆိုတာ ဘာလဲဆိုတော့ ကျနော်တို့က တရားဥပဒေ ဘောင်အတွင်းမှာ ရှိတယ်၊ ရပ်တည်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ဝင်မယ်တို့၊ ပါတီ မှတ်ပုံတင်မယ်ဆိုတဲ့ လူတွေရဲ့ ဥပဒေဘောင်အတွင်း ဆိုတာက ၂၀၀၈ ဥပဒေဘောင်အတွင်း၊ ၂၀၀၈ အခြေခံ ဥပဒေကနေ ချတဲ့ ဘောင်အတွင်း ဖြစ်မယ်။ ကျနော်တို့ကတော့ တရားဥပဒေ ဘောင်အတွင်းမှာ ရှိတယ်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်းဆိုတဲ့ ဘောင်အတွင်းမှာ ရှိတယ်လို့ ကျနော်က ယူဆတယ်။”

အန်ကယ်တို့အနေနဲ့ အလံမချဘူး၊ ဆိုင်းဘုတ်ကိုလည်း မဖြုတ်ဘူး၊ ဒီအတိုင်းထားမယ်ဆိုရင် ၁၉၈၉ ခုနှစ်တုန်းက အန်ကယ်တို့ တကယ်တမ်း ကြွေးကြော်ပြီး လှုပ်ရှားခဲ့ကြတဲ့ မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်ရေးဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်မသွားနိုင်ဘူးလား ခင်ဗျ။

“မတရားတဲ့ ဥပဒေတွေကတော့ ရှိနေပြီ။ ဒေါ်စုကနေပြီးတော့ ဒီဥပဒေတွေ ထွက်ကတည်းက ပြောခဲ့တဲ့စကား ၂ ခွန်း ရှိပါတယ်။ ဒီဥပဒေတွေက မတရားဘူး၊ မတရားဘူးဆိုရင် ကျနော်တို့က မတရားတဲ့ အမိန့်အာဏာ ဟူသမျှ ဖီဆန်ကြဆိုတဲ့ သဘောထား၊ လမ်းကြောင်း လုပ်ငန်းစဉ်ဟာ ကျနော်တို့ ရှိနေတဲ့ သို့မဟုတ် ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီးတော့ ကိုင်စွဲဦးမယ်လို့ ဆုံးဖြတ်ရင် အထွေအထူး စဉ်းစားစရာ မလိုတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေတွေက မတရားတဲ့ ဥပဒေတွေ ဖြစ်နေတာကိုး။

“သို့သော် ကျနော်တို့က အဲဒီဟာကို လုပ်ငန်းစဉ်အနေနဲ့ ကိုင်စွဲသေးသလား၊ ကိုင်စွဲလို့ ရသေးသလား၊ ကိုင်စွဲဦးမလား ဆိုတာကတော့လည်း အဓိက ဖြစ်နေပြန်တယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဝိညာဉ်အားဖြင့်တော့ ကျနော်တို့ထဲမှာ ဒီအနှစ် ၂၀ ကာလပတ်လုံး ရှိခဲ့တယ်။ သို့သော် အဲဒါကို ကျနော်တို့ လှုပ်ရှားမှု အနေနဲ့ ကိုင်စွဲမလား၊ မကိုင်စွဲဘူးလား ဆိုတာကတော့ အဆင့်တဆင့်ဖြစ်မယ်၊ သို့မဟုတ်လည်း ကဏ္ဍသစ်တခု ဖြစ်ကောင်း ဖြစ်လိမ့်မယ်လို့ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။”

NLD အနေနဲ့ မေလ ၇ ရက်ကျော်လို့ ဥပဒေအရ အလိုအလျောက် ပါတီပျက်ပြယ်ချိန်မှာ ရှိထားတဲ့ အစုအဖွဲ့တွေနဲ့ လူထုအကျိုးပြုလုပ်ငန်း၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်သွားမယ်လို့ ဆိုသလို တဘက်မှာလည်း နိုင်ငံရေးအရ ဆက်ရှိနေဦးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီအစုအဖွဲ့တွေနဲ့ နိုင်ငံရေးအရ ဘယ်လို ရပ်တည်လှုပ်ရှားမလဲ ဆိုတဲ့ အစီအစဉ် အသေးစိတ် အတိအကျကိုတော့ ပါတီခေါင်းဆောင်ပိုင်း ကြားမှာ သဘောထား ကျထားပုံ မရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG