သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် ဝတပ်ဖွဲ့တွေနဲ့ စစ်ရေး တင်းမာမှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်


အပစ်ရပ် ဝတပ်ဖွဲ့တွေနဲ့ စစ်ရေး တင်းမာမှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်
အပစ်ရပ် ဝတပ်ဖွဲ့တွေနဲ့ စစ်ရေး တင်းမာမှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်

အပစ်အခတ် ရပ်စဲထားတဲ့ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) က မြန်မာစစ်အစိုးရ တောင်းဆိုထားတဲ့အတိုင်း နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ သဘောမတူတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်ပြီး တောင်ပိုင်း ဝနယ်မြေမှာ နေထိုင်ကြတဲ့ အရပ်သားတွေဟာ ထိုင်း၊ မြန်မာ နယ်စပ်က တောတောင်တွေထဲကို ထွက်ပြေး ပုန်းရှောင်နေကြပါတယ်။ မြန်မာစစ်အစိုးရဘက်က ဒီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ တောင်းဆိုထားတာကို အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေက လက်မခံဘဲ စစ်ရေးအရ ပြင်ဆင်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ အပစ်ရပ်အဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရအကြား လတ်တလော ဆက်ဆံရေး အခြေအနေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ မြန်မာစစ်အစိုးရ တောင်းဆိုထားတဲ့ နောက်ဆုံး သတ်မှတ်ရက်ဟာ မနေ့က ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။ အခုလကုန်ထိ နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ သဘောမတူရင် မြန်မာစစ်အစိုးရက အပစ်အခတ် မရပ်စဲခင်က အခြေအနေအတိုင်း ပြန်လည် ဆက်ဆံသွားမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် အပစ်ရပ်ဒေသမှာ နေထိုင်နေကြတဲ့ အရပ်သားတွေဟာ တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေခဲ့ကြပါတယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာဆို ထိုင်း၊ မြန်မာနယ်စပ် တောင်ပိုင်း ဝတပ်ဖွဲ့တွေ အခြေစိုက်ရာ မိုင်းတုံ၊ မိုင်းဆတ်နယ် အတွင်းက အရပ်သားတွေဟာ တောတောင်တွေ အတွင်းကို ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

“အခု နယ်စပ်မှာ တချို့ ပြည်သူတွေကလည်းပဲ ပြောင်းရွှေ့နေတယ်။ လူတွေကတော့ ထွက်ပြေးနေပြီ။ တောထဲမှာလေ၊ အမျိုးသမီးတွေ ကလေးတွေက ဟိုမှာ ရောက်နေပြီ။ နားကောင်းမူ့က လူတွေ၊ နိုင်ရုတ်က လူတွေ၊ နယ်စပ်မှာနေတဲ့ ရွာက လူတွေပေါ့။ ဒါပေမဲ့ တိုက်ပွဲကတော့ ဘယ်အချိန် တိုက်ကြမယ် ဆိုတာတော့ မသိသေးဘူး။ အဆင်သင့်ကတော့ လုပ်ထားပြီးပြီ လူတိုင်း။ ထွက်ပြေးတယ် ဆိုတာက တောထဲမှာ ပြေးနေတာ အခုက တိုက်ပွဲစပြီဆိုတော့ ထိုင်းဘက်ဝင်လာဖို့ အဲလို လုပ်ထားတယ်။”

ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်ကတော့ ရှမ်းပြည်အရှေ့ပိုင်း တောင်ပိုင်း ဝနယ်မြေက ဒေသခံတွေဟာ သင်္ကြန်မတိုင်မီ ကတည်းက စတင် ထွက်ပြေးနေကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီ တောင်ပိုင်း ဝကတော့လည်း ဝရွာသားတွေ ဘာတွေက လွန်ခဲ့တဲ့ တပတ်လောက်က စပြီးမှ တော်တော် ရုတ်ရုတ်သဲသဲ ဖြစ်တယ်။ ထွက်ပြေးကြတယ်။ သူတို့ ရွာတွေကနေ ရှောင်နေကြတယ်၊ တိမ်းရှောင်နေကြတယ်။”

ရှမ်းသံတော်ဆင့် သတင်းဌာနကတော့ လူအင်အား ထောင်ချီပြီး ထွက်ပြေး တိမ်းရှောင်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

တချိန်တည်းမှာပဲ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဘက်က စစ်ရေးအရ အသင့်အနေအထား ပြင်ဆင်ထားတယ်လို့ ဝတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဦးစိန်ကြည်က ဆက်ပြောပါတယ်။

“ဝတပ်ကတော့ သ့ူနေရာနဲ့ သူပေါ့။ ရှေ့တန်း နအဖနဲ့ မျက်နှာချင်းဆိုင် ရှေ့တန်းအသီးသီးမှာလည်း ကောင်းကောင်းမွန်မွန် အသင့်အနေအထားမှာ ပြင်ဆင်ထားတယ်တဲ့။ သတိရှိရှိ နေကြဖို့၊ အသင့်အနေအထားမှာ ရှိစေဖို့၊ ပေါ့လျော့ ပေါ့ဆမှုတွေ မလုပ်ဖို့ အဲဒါတွေ တပ်လှန့်ထားတယ်တဲ့။”

တရုတ်၊ မြန်မာ နယ်စပ်ဘက်က ဝဌာနချုပ် ပန်ဆန်းနဲ့ မိုင်းလားဒေသ ဘက်မှာတော့ အခြေအနေက တည်တည်ငြိမ်ငြိမ်ပဲ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းဖို့ လွန်ခဲ့တဲ့နှစ် ဧပြီလ ၂၈ ရက်နေ့ကနေ စတင် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြောင်းလဲဖွဲ့စည်းမယ်ဆိုရင် အပစ်ရပ်အဖွဲ့တွေ အနေနဲ့ သူတို့ရဲ့ လက်ရှိအင်အားကို လျှော့ချပြီး မြန်မာတပ်မတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ ထားရှိရမှာ ဖြစ်တာကြောင့် UWSA၊ KIA ကချင် လွတ်လပ်ရေး တပ်မတော်၊ မိုင်းလားအဖွဲ့၊ SSA ခေါ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ မွန်ပြည်သစ်ပါတီတို့က သဘောမတူခဲ့ကြပါဘူး။

ဒီအပစ်ရပ်အဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရ အကြားမှာ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ ဒီကနေ့အထိတော့ ပြီးပြတ်တဲ့ သဘောတူညီချက် မရသေးပါဘူး။

ဒီလ ၃ ရက်နေ့ကတော့ ဝတပ်ဖွဲ့ဘက်က အချက် ၈ ချက်ပါတဲ့ တောင်းဆိုချက် အသစ်တွေကို မြန်မာစစ်အစိုးရဘက်က ထပ်မံ တင်ပြခဲ့ပေမဲ့ မြန်မာစစ်အစိုးရက လက်မခံသလို ထပ်မံဆွေးနွေးတာလည်း မရှိသေးဘူးလို့ သိရပါတယ်။

KIA အဖွဲ့ကတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံနိုင်ကြောင်း ဒီလ ၁၆ ရက်နေ့က ဌာနချုပ် လိုင်ဇာမှာ လူထုရှင်းလင်းပွဲ ကျင်းပပြီး သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ဒီလ ၂၂ ရက်နေ့မှာတော့ ဥက္ကဋ္ဌ ဦးဇောင်းဟရား ဦးဆောင်တဲ့ KIO ကိုယ်စားလှယ်အဖွဲ့ဟာ မြစ်ကြီးနားမြို့ကို သွားရောက်ပြီး မြောက်ပိုင်းတိုင်း တိုင်းမှူးနဲ့ ဆွေးနွေးနေတာ အခုချိန်ထိ ဌာနချုပ်ကို ပြန်မရောက်သေးပါဘူး။

နိုင်ငံရေး၊ စစ်ရေး လေ့လာသူတွေကတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတဲ့ အပစ်ရပ် အဖွဲ့တွေကို မြန်မာစစ်အစိုးရဘက်က လောလောဆယ်မှာ စစ်ရေးအရ အရေးယူမယ့် အခြေအနေမျိုးတော့ မတွေ့ရသေးဘူးလို့ သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG