နိုင်ငံပေါင်း ၁၈၆ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို အဆုံးအဖြတ်ပေးတဲ့ ကမ္ဘာ့ဘဏ်မှာ တရုတ်နိုင်ငံဟာ မဲပေးနိုင်ခွင့် ပိုရရှိသွားပါတယ်။
ကမ္ဘာ့စီးပွားရေးမှာ တရုတ်ရဲ့ စီးပွားရေးက ကြီးမားလာတာကြောင့် တရုတ်ရဲ့ မဲပေးနိုင်အားကလည်း တိုးလာတာ ဖြစ်ပါတယ်လို့ ဝါရှင်တန်မှာရှိတဲ့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ရောဘတ် ဇိုးလစ် (Robert Zoellick) က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
တရုတ်ရဲ့ မဲပေးနိုင်အားဟာ ၂.၇၈% ကနေ ၄.၄၂% ကို တိုးလာပါတယ်။ အမေရိကန်နဲ့ ဂျပန်ပြီးရင် တရုတ်ဟာ ကမ္ဘာ့ဘဏ်မှာ တတိယ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။
တချို့တိုင်းပြည်တွေဟာ တတိယကမ္ဘာ ဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ဟောင်းနေပြီဖြစ်ပြီး ကမ္ဘာ့ဘဏ်အနေနဲ့ ဒီအယူအဆကနေ ထွက်ဖို့လိုတာကို အသိအမှတ် ပြုလိုက်တာ ဖြစ်ပါတယ်လို့ မစ္စတာဇိုးလစ်က သတင်းထောက်တွေကို ပြောပါတယ်။
ကမ္ဘာကြီးဟာ အရင်တုန်းကလို နိုင်ငံကြီး တနိုင်ငံရဲ့ စီးပွားရေး အဓိက အင်အားတရပ်အပေါ် လည်ပတ် အလုပ်လုပ်နေတာ မဟုတ်တော့ဘဲ နိုင်ငံများစွာရဲ့ စီးပွားရေး အင်အားအပေါ် အဓိကထား လည်ပတ် အလုပ်လုပ်နေရတာ ဖြစ်လာနေပြီလို့ သူက ဆိုပါတယ်။
ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေက မဲပေးနိုင်အားကို တိုးမြှင့်လိုက်တဲ့အပြင် ကမ္ဘာ့ဘဏ်ရဲ့ အရင်းအင်အားကိုလည်း ဒေါ်လာ သန်းပေါင်း ၃,၅၀၀ အထိ တိုးမြှင့်ဖို့ ကမ္ဘာ့ဘဏ် အဖွဲ့ဝင်တွေက သဘောတူလိုက်ကြပါတယ်။ ကမ္ဘာ့ငွေကြေး အကျပ်အတည်းအတွင်း ပိုပြီး များများစားစား ချေးခဲ့တာကို ကာမိဖို့ အခုလို အရင်းအင်အားကို တိုးလိုက်တာ ဖြစ်ပါတယ်။