သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲပြီ


ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ ဝန်ကြီး အနည်းဆုံး ၁၇ ယောက်တို့ဟာ စစ်ရာထူးတွေကနေ အနားယူလိုက်ကြပြီ ဖြစ်ပါတယ်။ အခုလို စစ်ရာထူးက အနားယူလိုက်တာဟာ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ခြေလှမ်း ဖြစ်တယ်လို့ စစ်တပ် သတင်းရပ်ကွက်က ပြောပါတယ်။ အနားယူကြတဲ့ အထဲမှာ ဗိုလ်ချုပ်ဌေးဦးလည်း ပါဝင်ပါတယ်။

စစ်ယူနီဖောင်းကနေ အရပ်ဝတ် ပြောင်းဝတ်တာသာဖြစ်ပြီး အခု အစိုးရအဖွဲ့ ရာထူးတွေကတော့ ဒီအတိုင်းပဲ ဖြစ်ပါတယ်လို့ အမည်မဖော်လိုသူ အစိုးရ အရာရှိတယောက်က ပြောပါတယ်။

အစိုးရ သတင်းမီဒီယာတွေကတော့ ဒီသတင်းကို အတည်ပြု ဖော်ပြတာ မတွေ့ရသေးပါဘူး။ စစ်ရာထူးတွေကနေ အနားယူတဲ့ သတင်းတွေ လာပါဦးမယ်၊ ဒါက ပထမအသုတ် ဖြစ်ပါတယ်လို့ သတင်းပေးသူက ဆိုပါတယ်။

စစ်ထွက် ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ တရပ်ကို မကြာမီ မှတ်ပုံတင်မယ်လို့ အများက မျှော်လင့်ထားကြပါတယ်။

စစ်တပ်လိုလားတဲ့ အစိုးရတရပ်ဟာ ရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာပြီး ဗိုလ်ချုပ်ကြီးတွေရဲ့ အာဏာချုပ်ကိုင်မှုကို ပိုမို ခိုင်မာစေလိမ့်မယ်လို့ ရွေးကောက်ပွဲကို ဝေဖန်သူတွေက ပြောကြပါတယ်။

ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ယူဆရတဲ့ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပေးတဲ့အတွက် နိုင်ငံတကာ အသိုက်အဝန်းကလည်း စစ်အစိုးရကို ဝေဖန်နေကြပါတယ်။

တကယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်မယ် ဆိုရင် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမယ်လို့ ရွေးကောက်ပွဲ ဥပဒေတွေက ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် NLD ပါတီက ပါတီအဖြစ် မှတ်ပုံမတင်တော့ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG