ဒီနေ့ ဧပြီလ ၂၈ ရက်နေ့ဟာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို စစ်အစိုးရတပ် လက်အောက် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ နောက်ဆုံး အကြောင်းပြန်ရမယ့်နေ့ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းဘူးဆိုရင် စစ်အစိုးရရဲ့ တရားမဝင်အဖွဲ့အဖြစ် သတ်မှတ်ခြင်းနဲ့ တိုက်ခိုက်ခြင်းကို ခံရနိုင်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အခုအချိန်ထိတော့ အဓိက အပစ်ရပ်အဖွဲ့တွေက ငြင်းဆိုထားကြဆဲ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်၊ မြန်မာ နယ်စပ်မှာ တိုက်ပွဲတွေ ပြန်စလာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ကိတ်တ် ဝုဒ်စမ် (Kate Woodsome) ပေးပို့ထားတဲ့ သတင်းကို အခြေခံပြီး နော်ရှိုးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံဟာ စစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ် ဆိုပေမဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံတို့နဲ့ ထိစပ်နေတဲ့ တိုင်းရင်းသား ဒေသတွေကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးရဲ့ စိုးမိုးမှုအောက်မှာ လုံးလုံး ရှိနေဆဲပဲ ဖြစ်ပါတယ်။ ဒီနေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ စစ်အစိုးရက ဖိအားပေးထားတာကို အခုအချိန်ထိ အဓိက အပစ်အခတ်ရပ် အဖွဲ့အစည်းတွေကတော့ ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။ အဲဒီထဲက အကြီးဆုံးကတော့ အင်အား ၂၀,၀၀၀ ရှိတဲ့ UWSA ဝပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့လည်း အပါအဝင် ဖြစ်ပါတယ်။
အခုလို အခြေအနေမှာ စစ်အစိုးရဘက်က စစ်အင်အားသုံးပြီး နှိမ်နင်းလာနိုင်ခြေ ရှိတာကြောင့် ဝတပ်တွေဟာ တိုက်ပွဲရှည်ကြီးကို ဆင်နွှဲဖို့အတွက် အသင့်ပြင်နေကြပြီလို့ မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်ပြည်ထဲမှာ အခြေစိုက်နေတဲ့ သူပုန်ဟောင်း တဦးဖြစ်တဲ့ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။ ဝတပ်တွေအနေနဲ့ စစ်မတိုက်ချင်ကြပေမဲ့ စစ်အစိုးရဘက်က ညှိနှိုင်းတဲ့သဘော မဟုတ်ဘဲ တဖက်သတ် ဖိအားပေးနေတဲ့ လုပ်ရပ်တွေက ဝတွေအတွက် ရွေးစရာလမ်း မရှိအောင် ဖြစ်စေတယ်လို့လည်း ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။
“ကျနော်တို့ သိသလောက် ဝခေါင်းဆောင် အများစုကတော့ မဖြစ်ချင်ပါဘူး။ ပြည်သူတွေလည်း မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ တတ်နိုင်သမျှ ဆွေးနွေးခဲ့တယ်။ အဓိကအားဖြင့် Border Guard ပေါ်လစီကို ချပြပြီး ၁၃ ကြိမ်တိတိ ကျနော်တို့ ဆွေးနွေးခဲ့တယ်။ နောက်ဆုံးအကြိမ်မှာ တခါမှ မလိုက်လျောဘူးတဲ့ အချက်တွေ ပေးပြီးတော့ ဆွေးနွေးပါတယ်၊ အလျှော့ပေးပြီးတော့ပေါ့။ အထူးသဖြင့် တရုတ်ပြည်ရဲ့ ဝင်ရောက် ဖျောင်းဖျမှုတွေလည်း ပါတာပေါ့။ ဒါပေမဲ့ ဗမာအစိုးရဘက်က Compromise သဘော မဟုတ်ဘဲနဲ့၊ ဆွေးနွေးတဲ့ သဘော မဟုတ်ဘဲနဲ့ အမိန့်ပေးတဲ့ သဘော ဖြစ်ပါတယ်။”
၁၉၉၀ ခုနှစ်လွန် နှောင်းပိုင်းအတွင်း ဝ၊ ကချင်၊ ကိုးကန့်နဲ့ တခြား လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေဟာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲရေး ယူခဲ့ပြီးနောက် အထူးသဖြင့် ဝဒေသမှာဆိုရင် နိုင်ငံရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ ပိုပြီး ရရှိခဲ့သလို စစ်အစိုးရက ဝတွေကို သစ်ပါမစ်တွေ၊ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ခွင့်တွေ၊ နယ်စပ်ကုန်သွယ်ခွင့်တွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီကရတဲ့ ငွေတွေနဲ့ လျှပ်စစ်မီးတွေ ဝယ်ယူနိုင်တာကြောင့် ဝဒေသမှာတော့ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေပါတယ်။
အခုလို အခြေအနေမျိုးကနေ စစ်အစိုးရ တပ်မတော် လက်အောက် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်ရင် သူတို့မှာရှိနေတဲ့ လက်ရှိ အခွင့်အရေးတွေ တစတစ ဆုံးရှုံးသွားမှာကို ဝတွေက စိုးရိမ်နေကြတာပါ။ ဝတပ်က စစ်အစိုးရရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ ငြင်းဆိုခဲ့ပြီးနောက် ရှမ်းပြည်နယ်အတွင်း ဝဒေသတွေမှာ စစ်အစိုးရဘက်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်လာတာကို တွေ့ရတယ်လို့လည်း ဦးအောင်ကျော်ဇောက ပြောပြပါတယ်။
“ကျနော်တို့ သိသလောက် စစ်ရေး ပြင်ဆင်မှုကတော့ သက်ဆိုင်ရာ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေမှာတော့ တလျှောက်လုံး ပြင်ဆင်နေတာ တွေ့ရပါတယ်။ မြန်မာအစိုးရ အနေနဲ့ ရှေ့တန်းကို တပ်တိုးချဲ့ ပို့တာတွေတော့ အတော်နည်းပါသေးတယ်။ တကယ်တမ်း တိုက်ခိုက်ဖို့ လိုအပ်တဲ့ အင်အား ဖြည့်တင်းမှုတို့၊ ရိက္ခာ ခဲယမ်း ဖြည့်တင်းမှုတို့ မလုပ်သေးပါဘူး။ အဲဒါကို ကျနော် မတွေ့ရသေးဘူး။
“ဒါပေမဲ့ ခြိမ်းခြောက်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့ လှုပ်ရှားမှုတွေတော့ တွေ့ရတယ်။ အမြောက်တွေကို ဟိုကနေ ဟိုဆွဲတာ၊ ဒီကနေ ဒီကိုဆွဲတာ၊ တင့်ကားတွေကို လူမြင်အောင် ရှေ့တန်းကိုပို့တာ၊ ရှေ့တန်းကနေ ပြန်မောင်းသွားတာတို့၊ ပြီးခဲ့တဲ့ လထဲမှာဆို MIG-29 တွေကို လားရှိုး လေယာဉ်ပျံကွင်းတို့၊ ကျိုင်းတုံလေယာဉ်ပျံကွင်းတို့၊ အပစ်ရပ်တွေနဲ့ နီးစပ်တဲ့၊ အပစ်ရပ် ရဲဘော်တွေ နေနိုင်တဲ့ နေရာမျိုးတွေမှာ MIG-29 တွေကို မောင်းပြတာတို့၊ ရပ်ထားတာတို့ ဒါမျိုးတွေ လုပ်ပါတယ်။”
အခုလို မရေရာတဲ့ အခြေအနေတွေ စစ်အစိုးရဘက်က တပ်တွေ တိုးချဲ့ နေရာယူလာတာကြောင့် ဒေသခံ ပြည်သူအများကလည်း စိုးရိမ် ထိတ်လန့်နေကြပါတယ်။ တချို့ဆိုရင် သူတို့ပိုင်တဲ့ ကားတွေ၊ တန်ဖိုးကြီး ပစ္စည်းတွေကို တရုတ်နယ်စပ်ထဲ သယ်ဆောင်သွားပြီ ဖြစ်သလို ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို တချို့လည်း တရုတ်ပြည်ဘက်ကို ထွက်ပြေး တိမ်းရှောင်သွားကြပြီ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ ဝါရှင်တန်ဒီစီ အခြေစိုက် US Campaign for Burma အဖွဲ့က မြန်မာ့အရေး အသိပညာပေး နှိုးဆော်ရေးဆိုင်ရာ တာဝန်ခံ ဂျနီဖာ ကွစ်လီကလည်း တကယ်လို့ စစ်ဖြစ်လာမယ်ဆိုရင် အရပ်သား ပြည်သူတွေ အပေါ်မှာ တကယ်ပဲ အန္တရာယ် ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
“စစ်အစိုးရဟာ အစဉ်အလာ အားဖြင့်တော့ လက်နက်ကိုင် တပ်တွေကိုချည်း မဟုတ်ဘဲနဲ့ အရပ်သား ပြည်သူတွေကိုပါ ပစ်မှတ်ထား ထိုးစစ်ဆင် တိုက်ခိုက်လေ့ ရှိပါတယ်။ ဒါဟာ တကယ်လို့ စစ်တွေဖြစ်လာရင် သူတို့က မြေတွေကို သိမ်း၊ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ လုပ်၊ ကလေးတွေကို ဖမ်းဖို့ အလားအလာက အများကြီး ရှိနေပါတယ်။ တရုတ်နိုင်ငံကို ဒုက္ခသည် ၁၀၀,၀၀၀ ကျော် ထွက်ပြေးနိုင်မယ့် အနေအထားကို တွေ့နိုင်ပါတယ်။”
မြန်မာနိုင်ငံနဲ့ နယ်စပ်တလျှောက် တရုတ်ပြည် ယူနန်နယ်မှာ တရုတ်စစ်သားတွေ ထောင်နဲ့ချီ တပ်ချထားပါတယ်။ အဲဒီနယ်စပ် တလျှောက်ကနေပဲ တရုတ်က မြန်မာနိုင်ငံကို ကုန်ပစ္စည်းတွေ တင်ပို့ ရောင်းချနေတာ ၂၀၀၈ ခုနှစ် တနှစ်အတွင်းမှာတင် အမေရိကန် ဒေါ်လာ သန်း ၂,၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း နယ်စပ်ဒေသ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရအကြား တင်းမာမှုတွေ ပြေလျော့လာစေရေးအတွက် တရုတ်အစိုးရ ခေါင်းဆောင်တွေက နေပြည်တော်ကို ပုံမှန်သွားရောက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံလာနေတာ ဖြစ်ပါတယ်။
မကြာခင်တုန်းက စစ်အစိုးရနဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ ဝခေါင်းဆောင်တချို့ရဲ့ လုံခြုံရေးအတွက် တရုတ်က ဝိုင်းရံ လိုက်ပါပေးခဲ့ပါတယ်။ ဝတပ်ဖွဲ့အပြင် ကချင်လွတ်မြောက်ရေးတပ် (KIO) ကလည်း နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းဖို့ ငြင်းဆိုထားသလို ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်တဲ့ ကရင် ငြိမ်းချမ်းရေးကောင်စီကလည်း မြန်မာစစ်အစိုးရ ကမ်းလှမ်းထားတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းဖို့ ငြင်းဆိုခဲ့ပါတယ်။