သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်နောက်ခံ ပါတီတွေကြောင့် အရပ်ဘက် နိုင်ငံရေးပါတီတွေ ယှဉ်ပြိုင်မှု အားနည်းနိုင်


မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးရာထူး ယူထားတဲ့ စစ်ခေါင်းဆောင်ပိုင်းတွေ စစ်တပ်က ယူနီဖောင်း ချွတ်လိုက်တာကြောင့် သူတို့ဦးဆောင်တဲ့ နိုင်ငံရေးပါတီတခု ဖွဲ့လာနိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ယူဆနေပါတယ်။ ဒီအတိုင်းဆိုရင်တော့ စစ်တပ်ဟာ သူတို့ သတ်မှတ်ထားတဲ့အတိုင်း ၂၅% တင် မဟုတ်ဘဲ ပါလီမန်ထဲမှာ နေရာအပြည့် သူတို့လူတွေကို ထည့်ထားမယ့် အစီအမံ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အခု ဗုဒ္ဓဟူးနေ့ အစိုးရ သတင်းစာတွေမှာတော့ ဝန်ကြီးချုပ် ဦးသိန်းစိန်လို့ ဖော်ပြထားတာမို့ ဝန်ကြီးအဖွဲ့ အတွင်းက စစ်အရာရှိတွေ ယူနီဖောင်း ချွတ်ကုန်ပြီဆိုတဲ့ သတင်း အတည်ပြုပေးလိုက်သလို ရှိပါတယ်။ စောင့်ကြည့် အကဲခတ်တွေကတော့ စစ်အစိုးရဘက်က ကြံ့ခိုင်ရေးအဖွဲ့အပြင် နောက်ထပ် နိုင်ငံရေးပါတီတွေ ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ စစ်အစိုးရ အရာရှိဟောင်းတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီ အနည်းဆုံး ၃ ခုလောက် ဖွဲ့စည်းလာနိုင်တယ်လို့ တွက်ဆကြပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဝင်းတင်ကတော့ အရင် ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရလက်ထက် ကတည်းက အခုလို စစ်တပ်က ယူနီဖောင်းချွတ်ပြီး အရပ်ဘက် အစိုးရမှာ ပါဝင်ဖို့ ပြင်ဆင်ဆောင်ရွက်မှုတွေ မြန်မာစစ်တပ်မှာ အလေ့အထလို ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

“စစ်တပ်က သူတို့ အချိန်တန်လို့ အနားယူတာပဲလား၊ သို့မဟုတ်ရင်လည်း စစ်တပ်ကနေ ထွက်မယ်၊ ဒါပြီးရင် အချိန်တန်လို့ရှိရင် ဝန်ကြီးတွေ ခန့်ပြီးတော့ ပါတီတို့ ဘာတို့ သွားပြီးတော့ စည်းရုံးရေးတွေ လုပ်မလား။ ဒီလို တွက်စရာပါ။ ကျနော်တို့ အသက်နည်းနည်းကြီးတဲ့ လူတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးဆယ်တုန်းက ဆိုရင် မဆလခေတ်မှာ ဒီလိုဟာမျိုးတွေ လုပ်ခဲ့တာပါပဲဗျာ။ ဦးနေဝင်း အပါအဝင်ပေါ့။ ကျနော်ကတော့ အဲဒီခေတ်တုန်းက ဘာပြောလဲဆိုရင် ဘောင်းဘီချွတ်ပြီး တောင်ရှည်ဝတ်တယ် ဆိုတဲ့ဟာပေါ့။”

အခုလို အလားအလာကြောင့် ဘဏ္ဍာရေးအရရော၊ လူအင်အားအရပါ အခက်အခဲ ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ အရပ်ဘက် နိုင်ငံရေးပါတီတွေ အဖို့တော့ စစ်တပ်က နောက်ခံပေးတဲ့ နိုင်ငံရေးပါတီတွေနဲ့ ယှဉ်ပြိုင်ရမှာ အားနည်းသွားနိုင်တယ်လို့ ယူဆကြပါတယ်။ ဦးဝင်းတင်ကလည်း ဒီသဘောပါပဲ။ လာမယ့် ပါလီမန်ထဲကနေ အရပ်သားအစိုးရ ဖြစ်လာလိမ့်မယ်လို့ သူက မယူဆပါဘူး။

“အစိုးရဆိုလည်း တချို့ မှန်းတဲ့လူတွေ၊ ရွေးကောက်ပွဲဝင်တဲ့ လူတွေ ကြားထဲမှာ မှန်းထားတာတွေ ရှိတာပေါ့ဗျာ။ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာနိုင်မယ်၊ သူတို့ ပြောပြောနေတဲ့ Political Stage တို့ ဘာတို့က ကျယ်လာမယ်၊ ဘာညာပေ့ါဗျာ။ ပြောတဲ့သူတွေ အဖို့က ဘာပဲပြောပြော သူတို့အဖို့ နေရာကို မရှိဘူး။ သူတို့ ချောင်ကပ်နေရင်တောင်မှ ကပ်လို့ ရပါ့မလား မသိဘူး။ နံရံကပ်ပြီးပေါက်တဲ့ ညောင်ပင်လိုပဲ ဖြစ်နေမလား။ နေရာမှ ရှိပါ့မလားလို့ အဲဒီလိုပဲ တွက်ရမယ်ထင်တယ်။

“အဲတော့ အခု သူတို့လုပ်မယ့်ဟာ ဒီအတိုင်းဆိုရင် စစ်တပ်ဟာ သူတို့ဟာသူတို့ စစ်တပ်က ၂၅% ယူတာတင် မကတော့ဘဲ နောက်ထပ် အုပ်စုလိုက်၊ အုပ်စုလိုက် ထွက်ပြီးတော့ သူတို့တွေရဲ့ ပါတီတွေ၊ သူတို့တွေရဲ့ အစုအဖွဲ့တွေ ဦးဆောင်ပြီး ရွေးကောက်ပွဲ ဝင်ကြဦးမယ် ဆိုရင်တော့ မြန်မာပြည်ရဲ့ ရှေ့အနာဂတ် နိုင်ငံရေးဟာ သူတို့တွေ အခုပြောနေတဲ့ ဒီမိုကရေစီ ဘာညာ ဆိုတာတွေနဲ့၊ သို့မဟုတ်ရင်လည်း စည်းကမ်းရှိသော ဒီမိုကရေစီပေါ့ဗျာ၊ သို့မဟုတ်ရင်လည်း နဖားကြိုးတပ်သော ဒီမိုကရေစီပေါ့ဗျာ၊ အဲဒါတွေနဲ့ကတော့ အတော့်ကို ဝေးတယ်။ ဒီမိုကရေစီဆော် နံဖို့ ဆိုတာတော့ အတော်ဝေးတယ်။ စစ်ဆော်နံဖို့ပဲ ပိုပြီးတော့ များတယ်။ အရပ်သား အစိုးရလို့ ပြောနိုင်လောက်တဲ့ အနေအထားတောင်မှ မရှိဘူး။ စစ်ဗိုလ်တွေ ပါဝင်တာပဲ ရှိဖို့များတယ်။ အဲဒီလိုပဲ ပြောလို့ရမယ်လို့ ကျနော်တော့ ထင်တာပဲ။”

၁၉၉၀ ရွေးကောက်ပွဲတုန်းက တကယ်တမ်းဆိုရင် စစ်တပ်က ကြားနေအနေနဲ့၊ ခုံသမာဓိ အနေနဲ့ နေခဲ့ပါတယ်။ ဘယ်သူမှ သူတို့ ဝင်ပြိုင်တာ မရှိဘူး။ ပြိုင်တယ်ဆိုတာ အရင် မဆလက အသွင်ပြောင်းလာတဲ့ တစညတို့ ဘာတို့ပဲ ရှိတယ်။ အခုအနေအထားက စစ်တပ်က ပုဂ္ဂိုလ်တွေကိုယ်တိုင် ဝင်ပြိုင်ဆိုင်မယ့် အနေအထားမှာ ဖြစ်နေတဲ့အတွက် တကယ်တမ်း စစ်တပ်က ရွေးကောက်ပွဲ လုပ်ပေးမယ်၊ ကြားနေဆိုတဲ့ အဆင့်အတန်း ရောက်ပါ့မလား။

“မရှိပါဘူးခင်ဗျာ။ ဒါ သိပ်ကိုထင်ရှားပါတယ်။ ထင်ရှားတယ်ဆိုတာ အခု ရွေးကောက်ပွဲ အစီအမံတွေ ကြည့်ပါ။ ရွေးကောက်ပွဲအတွက် ဥပဒေတွေ ထုတ်လာပုံတွေ ကြည့်ပါ။ ရွေးကောက်ပွဲ ဒိတ်တွေ ဘာတွေ မကြေညာဘဲနဲ့ သူတို့ ထင်သလို စီမံနေတာကြည့်ရင် စစ်တပ်က ကြားနေမဟုတ်ဘူး။ သူတို့ ဘယ်လိုပြိုင်မလဲ၊ ပြိုင်ရုံတင် မဟုတ်ဘူး၊ သူတို့ ဘယ်လိုနိုင်မလဲ ဆိုတာပါ တွက်နေကြတယ်။ ဘယ်လိုပြိုင်မလဲ အထိကတော့ ကျနော်က ပြိုင်ပါစေ၊ ပြိုင်ပေါ့။

“အခုတော့ သူတို့က ဘယ်လိုနိုင်မလဲပါ ကြည့်နေတယ်ဗျ။ ဟိုတုန်းကလို ကြားနေဆိုတဲ့ အစိုးရ သဘောမျိုး၊ ကြားနေပြီး တိုင်းပြည်ရဲ့ ရွေးကောက်ပွဲတွေ ဘာတွေ ကြီးကြပ်ပေးတယ်ဆိုတဲ့ အနေအထား လုံး၀ မရှိပါဘူး။ ဒါ တော်တော် ထင်ရှားပါတယ်။ ရှင်းပါတယ်။ အဲတော့ ဒီစစ်အစိုးရက စစ်ဗိုလ်တွေကပဲ ဒီအထဲမှာ ဝင်ပြီးတော့ ပြိုင်တာပါပဲ။ နိုင်ငံရေးပါတီတွေ ထောင်၊ ထောင်ဖို့လုပ်နေတာ၊ အခု သူတို့ပါတီတွေ ဘယ်တော့ဖွဲ့မလဲ မသိဘူး၊ ကြံ့ခိုင်ရေးပါတီလား၊ ဘာလား ဒီလိုဟာတွေက ထွက်လာဦးမယ်။”

၂၀၁၀ အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် အရပ်ဘက် နိုင်ငံရေးပါတီ အများစုကတော့ စစ်အုပ်ချုပ်ရေးကနေ တဆင့်ပြီးတဆင့် အသွင်ပြောင်းရမယ်လို့ ခံယူထားကြတာ တွေ့ရပါတယ်။ စစ်အစိုးရ နောက်ခံတဲ့ နိုင်ငံရေးပါတီတွေ အဖို့တော့ ဘဏ္ဍာရေးအရပါ ပြည့်စုံဖွယ် ရှိတာမို့ လာမယ့် ၂၀၁၀ အကုန်မှာ ပါလီမန်ထဲ အရပ်သားစစ်စစ် နိုင်ငံရေးသမားတွေ ဘယ်လောက်အထိ နေရာယူနိုင်မလဲဆိုတာ စောင့်ကြည့် အကဲခတ်တွေက မေးခွန်းထုတ်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG