သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက် အသုံးပြုမှုအပေါ် ကန့်သတ်မှုနဲ့ အခက်အခဲတွေ ပိုများလာ


အင်တာနက် အသုံးပြုမှုအပေါ် ကန့်သတ်မှုနဲ့ အခက်အခဲတွေ ပိုများလာ
အင်တာနက် အသုံးပြုမှုအပေါ် ကန့်သတ်မှုနဲ့ အခက်အခဲတွေ ပိုများလာ

အများသုံး အင်တာနက်ကဖေး ဆိုင်တွေမှာ သုံးစွဲကြသူတွေ အနေနဲ့ ဝင်ကြည့်ချင်တဲ့ ဝက်ဘ်ဆိုက်တွေကို ကျော်ခွ ကြည့်နေရတာ အဆန်းမဟုတ်ပေမဲ့ အခုတလော ရန်ကုန်တိုင်းထဲက အင်တာနက် ကဖေးဆိုင် တချို့မှာ သက်ဆိုင်ရာ ဝင်ပြီး စစ်ဆေးတာ၊ စောင့်ကြည့်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ကွန်နက်ရှင် (Connection) ကလည်း အရင်တုန်းကထက် ပိုပြီး နှေးနေလို့ အင်တာနက် သုံးနေသူတွေ ပိုပြီး အခက်တွေ့နေပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

အင်တာနက် သုံးစွဲမှုတွေကို ထိန်းချုပ်ကန့်သတ်တာ၊ စောင့်ကြည့်တာတွေနဲ့ အတူ အထူးသဖြင့် အင်တာနက်ဆိုင်တွေကို နိုင်ငံခြား သတင်းဌာနတွေနဲ့ တချို့ဝက်ဘ်ဆိုက် တော်တော်များများကို မကြည့်ရဘူးလို့ ပိတ်ပင်ထားတဲ့ စာတွေကို ဆိုင်တွေမှာ ကပ်ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားသလို အစိုးရကိုယ်တိုင်ကလည်း ကြည့်မရအောင် ပိတ်ထားတာတွေလည်း ရှိပါတယ်။

ဒါပေမဲ့ ခုရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့ထဲက ဆိုင်တချို့ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးတာ၊ စောင့်ကြည့်တာမျိုးတွေ ရှိနေတယ်လို့လည်း ရန်ကုန် အင်တာနက်ဆိုင်ရှင် လူငယ်တဦးက သူသိထားသမျှ အခုလို ပြန်ပြောပြပါတယ်။

“ဆိုင်တော်တော်များများကတော့ တဆင့်စကား တဆင့် ကြားနေရတာ သူတို့ဘက်ကနေပြီးတော့ လူတွေဘာတွေ ထည့်ထားတာတို့၊ ရှောင်တခင် ဝင်စစ်ဆေးတာတို့ ရှိတယ်လို့တော့ ကြားတယ်။ ကျနော်တို့ဆိုင်တွေ ဆီကိုတော့ မလာသေးဘူး။ အဲလိုတော့ ကြားနေရတာပဲ။ နိုင်ငံရေးနဲ့ မလွတ်ကင်းတဲ့ ဝက်ဘ်ဆိုက်တွေ မကြည့်ရဘူးတို့ ဘာတို့ ကပ်ထားတာရှိတယ်။

“တချို့ကျတော့လည်း ကြည့်ချင်ပေမဲ့ ကြည့်လို့ အဆင်မပြေဘူးပေါ့။ လူတဦးချင်း လာသုံးတဲ့လူတွေ အနေနဲ့လည်း ဆန္ဒရှိသလောက်၊ ကိုယ်ကြည့်ချင်သလောက် ဖွင့်ကြည့်ဖို့က ကိုယ့်အတွက် လုံခြုံရေးအရ အဆင်မပြေတာတွေလည်း ရှိတယ်။ ပြီးတော့ ဖွင့်ကြည့်ပြန်တော့လည်း ကွန်နက်ရှင် စပိတွေက အရမ်းနှေးနေတော့ အင်တာနက် သုံးရတာကို အဆင်မပြေဘူး ဖြစ်နေတယ်။”

တခါ ပြီးခဲ့တဲ့ သင်္ကြန်ရက်ပိုင်းတွေကစလို့ အတော်လေး ဆက်သွယ်မှုနှုန်းတွေ နှေးလွန်းနေတာကြောင့် ဆိုင်ရှင်တွေရော အိမ်သုံးသမားတွေရော အဆင်မပြေကြဘူးလို့ ဆိုသလို အင်တာနက် ဆိုင်တွေကနေ နိုင်ငံခြား ဖုန်းခေါ်ပေးတာတွေလည်း လုံးဝကို လုပ်မရလောက်အောင် လိုင်းတွေ ကျနေတယ်လို့လည်း ဆိုင်ရှင်တွေ ညည်းကြပါတယ်။

“ကွန်နက်ရှင် စပိကလည်း အရမ်းနှေးတယ်။ တခါတလေကျရင် သုံးလို့မရလောက်အောင် ပြတ်သွားတာမျိုးတွေ ရှိတယ်။ အဲလိုမျိုး အခြေအနေတော့ ရှိတယ်။ သုံးရတာတော့ အဆင်မပြေပါဘူး၊ ရန်ကုန်မှာကတော့။ နောက် တချို့ဆိုက်တွေကလည်း Banned ထားတာက များနေတယ်။ ကျနော်တို့ဆီမှာ ကြည့်လို့မရတာက များတယ်။ ချတ်တင် (Chatting) လုပ်တဲ့ ဆိုက်လေးတွေလောက်ပဲ သုံးလို့ရသလို ဖြစ်နေတယ်။ ဘလော့ဂ်တွေ ဖတ်မယ်၊ ဘာညာဆိုရင် လေးပင်နေပြီးတော့ အဆင်မပြေတာ များတယ်။ ဝက်ဘ်ဆိုက်ရဲ့ မေးလ် ဘာညာတောင် သုံးလို့မရဘူး ဆိုမှတော့ အဆင်မပြေကြဘူးပေါ့ဗျာ။”

ဆိုင်ရှင်တွေအတွက် ပိုပြီး တွက်ခြေမကိုက်တဲ့ နောက်တချက်ကလည်း လျှပ်စစ်မီး မရတဲ့ ပြဿနာပါ။ တဆိုင်လုံးကို မီးစက်တွေနဲ့ မောင်းထားရသလို ဆီဖိုးနဲ့ မကိုက်တာတွေရှိလို့ တချို့ဆိုင်တွေဆို ပိတ်ပစ်လိုက်ရတာမျိုးထိ ရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲမှုဈေးက အလွန်ကြီးပါတယ်။ ပထမအဆင့် အင်တာနက် သွယ်မယ်ဆိုရင် FEC ၁,၅၀၀ ကြိုသွင်း၊ တခါ လစဉ်ကြေးက ပုံမှန်လိုင်းဆို တလ ၄၅ FEC၊ နည်းနည်း မြန်နှုန်းမြင့် လိုင်းဆိုရင် တလ ၇၅ FEC အပြင် ဆိုင်တွေဆို တလကို FEC ၁၅၂ ပေးကြရပါတယ်။ တခါ နှစ်စဉ်ကြေး ဆိုတာလည်း သွင်းကြရတာပါ။ အစိုးရလိုင်းတွေဖြစ်တဲ့ ပုဂံနက်တို့၊ ရတနာပုံတို့၊ MPT တို့ကလည်း အင်တာနက်လိုင်းတွေ မကောင်းလို့ တခုတည်းသော ပုဂ္ဂလိကလိုင်းဖြစ်တဲ့ Red Link ကုမ္ပဏီကို အားကိုးပြီး ပြောင်းသုံးပေမဲ့လည်း မထူးပါဘူး၊ လိုင်းတွေ မကောင်းပါဘူးလို့ပဲ ဆိုကြပါတယ်။

“အတူတူတော့ အတူတူပဲဗျ။ ကျနော်သိသလောက် ပြောရရင် ကွန်နက်ရှင် နှေးသွားတယ်ဆိုရင်တော့ အကုန်လုံးလိုလို ကျကျတာပဲ။ Red Link က ဝိုင်မက်တွေ နောက်ပိုင်း ရောင်းထားတာ ရှိတယ်။ ကွန်နက်ရှင်စပိ နှေးပြီဆိုရင်တော့ အကုန်လုံးလိုလို သုံးရတာ အဆင်မပြေတာတော့ ဘယ်ဟာမဆို မပြေပါဘူး။ ကောင်းနေတဲ့ လိုင်းရယ်လို့တော့ မရှိဘူးပေါ့။”

ဒါကတော့ မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲမှု ခက်ခဲလွန်းတဲ့ အခြေအနေတွေကို ရန်ကုန် အင်တာနက်ဆိုင်ရှင် တဦးက ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG