သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD မဖျက်သိမ်းဖို့ တားဝရမ်း လျှောက်လွှာ ပယ်ချခံရ


စစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ကန့်သတ်ချက်တွေအရ သူတို့သတ်မှတ်ထားတဲ့ ပါတီများ မှတ်ပုံတင်တဲ့ သတ်မှတ်ရက် ကျော်လွန်ရင် NLD ပါတီ ရပ်တည်ခွင့် ပျက်ပြယ်ရမယ့်သဘော ဖြစ်နေတာမို့ ဒါကို တရားရုံးချုပ် အနေနဲ့ တားမြစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက လျှောက်တင်ထားခဲ့တာကို ရန်ကုန်တိုင်း တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။ ဘယ်လိုအကြောင်းပြချက်တွေနဲ့ ပယ်ချလိုက်တာလဲ ဆိုတာကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကနေ NLD ပါတီ မပျြက်ပယ်ဘူးဆိုတာ တားမြစ်ပေးပါဆိုပြီး တရားရုံးချုပ်မှာ လျှောက်လွှာ တင်ထားခဲ့တာနဲ့ နောက်တခါ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက သူတို့အနေနဲ့ ဥပဒေအရ ရပ်တည်ပိုင်ခွင့်ကို ထိခိုက်တဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၉၁ (ခ) ဟာ အကျုံးမဝင်ကြောင်း ကြေညာပေးဖို့ ပူးတွဲပြီး လျှောက်လွှာတင်ခဲ့ကြတာပါ။

အဲဒီလျှောက်လွှာတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ညနေပိုင်းမှာ တရားရုံးချုပ်က အကြောင်းပြန်ခဲ့တဲ့အကြောင်း အကျိုးဆောင်ရှေ့နေ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

“ဒီနှစ်မှုစလုံးနဲ့ ပတ်သက်ပြီးတော့ ၃ နာရီခွဲ၊ ၄ နာရီလောက်က ကျနော်တို့ကို တရားရုံးချုပ် ဒါရိုက်တာတဦးက ခေါ်တွေ့ပါတယ်။ ခေါ်တွေ့ပြီး ဒီလျှောက်လွှာတွေကို လက်မခံနိုင်ဘူး ဆိုပြီးတော့ မှတ်ချက်ရေးပြီး ပြန်ပေးပါတယ်။ မှတ်ချက်ရေးတာကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီဘူး၊ General ပေါ့၊ အထွေထွေသဘော ပြောတယ်။ အဲတော့ ကျနော်တို့က မေးတယ်၊ ဘယ်ဟာတွေလဲ ဆိုတော့ သူက ဥပဒေတွေမှာ ဒီဟာတွေက ပယ်ဖျက်ပြီးဖြစ်တယ်၊ နောက်တခု ရွေးကောက်ပွဲ ရလဒ်တွေက ပယ်ဖျက်ပြီးဖြစ်တယ်၊ ဒါကြောင့် လက်မခံတာပါလို့ ကျနော်တို့ကို ဖြေပါတယ်။”

တရားဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ အမှုတမှုကို ပယ်တယ်တို့၊ လက်ခံတယ်တို့ဆိုတာ တရားသူကြီးကသာ လုပ်ပိုင်ခွင့် ရှိတာမို့ အခုလို တရားရုံးချုပ် ဒါရိုက်တာတယောက် အနေနဲ့ အဆုံးအဖြတ် ပေးပိုင်ခွင့် မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီလျှောက်ထားချက် ၂ ခုစလုံးအတွက် ဥပဒေလမ်းကြောင်းအရ လုပ်စရာရှိတာကို ဆက်လုပ်မယ့်အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“ကျနော်တို့က Complain တခုတော့ တင်ပါမယ်။ အခုနေတော့ မပြောနိုင်သေးဘူး။ ဒီလို လက်မခံ၊ ပယ်တာကိုက နည်းလမ်းမကျဘူး ဆိုတာတော့ ကျနော်တို့ အကြမ်းဖျင်း ပြောလို့ရတယ်။ အကျဉ်းချုပ်ပြောရင် အမှုတမှုကို ပယ်တယ်တို့၊ လက်ခံတယ်တို့ဆိုတာ တရားသူကြီးက ဆုံးဖြတ်ရတာ။ Staff က ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး၊ အခြေခံကတော့ အဲဒါပဲ။ တရားသူကြီးမှာသာ ဒီအာဏာရှိတယ်လို့ ကျနော်တို့က ဒီလိုပဲ မှတ်ယူတယ်။”

ဦးဉာဏ်ဝင်း ပြောသွားတာ ဖြစ်ပါတယ်။

စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတခြင်း မရှိတာ၊ နောက် ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရအောင် ဥပဒေတွေကို တမင် ရေးသားထုတ်ပြန်ခဲ့တာ၊ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရအောင် ကန့်သတ်ချုပ်ချယ် ထားတာနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပြုပြင်ရမယ့် အချက်တွေကို ပြင်ဆင် ပြုပြင်ပေးဆိုတဲ့ တောင်းဆိုချက်တွေကို စစ်အစိုးရဘက်က လိုက်လျောခြင်း မရှိတဲ့အတွက် ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ NLD ပါတီက မှတ်ပုံမတင်ဖို့ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ချက် ချထားခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG