သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kurt Campbell  လာလျှင် အဲန်အယ်လ်ဒီနှင့် တွေ့မည်


Kurt Campbell  လာလျှင် အဲန်အယ်လ်ဒီနှင့် တွေ့မည်

အရှေ့အာရှဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) (Kurt Campbell) ဟာ မြန်မာပြည် လာရောက်တဲ့အခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ ထပ်မံတွေ့ဆုံဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မစ္စတာ ကန့်(မ်)ဘဲ(လ်) ရဲ့ မြန်မာနိုင်ငံခရီးစဉ် အသေးစိတ်ကိစ္စကိုတော့ နှစ်ဘက်အာဏာပိုင်တွေ ညှိနှိုင်း ဆွေးနွေးနေတုန်းပဲလို့ ဘန်ကောက် အမေရိကန်သံရုံးက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ကိုသားညွှန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြထားပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကန့်(မ်)ဘဲ(လ်) ရဲ့ အခု အာရှခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံကိုလည်း သွားနိုင်ဖို့ မူလ အစီအစဉ် ရှိထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းကိုတော့ ရန်ကုန် အမေရိကန် သံရုံး တာဝန်ရှိသူကနေ မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) မကြာခင် မြန်မာနိုင်ငံကို လာရောက်ဖို့ရှိပြီး၊ အဖွဲ့ချုပ်နဲ့ပါ တွေ့ဆုံ လိုတယ်လို့ ပြောခဲ့တဲ့အကြောင်း ဦးဝင်းတင်က ပြန်ပြောပြပါတယ်။

"သူတို့ ဟိုတနေ့ကတော့ လာပြီးတော့ ပြောတယ်။ ပြောတော့ ကျနော်တို့ကတော့ အမှန်အတိုင်း ပြောရရင် ကျနော်တို့ရဲ့ အဲန်အယ်လ်ဒီမှာ လုပ်စေချင်တာပေါ့ဗျာ။ နောက်တခုက ကျနော်တို့ သံမှူးကြီးနဲ့ တွေ့တဲ့အချိန်မှာ ကျနော်တို့ ပြောတာ ကတော့ ကျနော်တို့တွေ သဘောထားကတော့ ဖြစ်နိုင်ရင် ကျနော်တို့တင် မကပါဘူး။ အခြားသော အတိုက်အခံ အင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများနဲ့ တွေ့ဖို့ဆိုတာဟာ နအဖနဲ့မတွေ့ခင် ကျနော်တို့နဲ့ အရင်တွေ့တာ ကောင်းမယ် လို့ ကျနော်တို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နအဖ ဆီကို ကျနော်တို့ရဲ့ သဘောထားတွေ ခင်ဗျား သယ်ဆောင် သွားပြီးတော့ နအဖနဲ့ ဆွေးနွေးညှိနှိုင်းတဲ့အခါ ကျနော်တို့ရဲ့ သဘောထားတွေ ကြိုတင်သိထားတော့ ပိုကောင်းတာပေါ့။ သူတို့ဆီက ပြန်သွားခါမှ ကျနော်တို့နဲ့ တွေ့ရင် သူတို့ရဲ့ သဘောထားတွေ ခင်ဗျားတို့ဆီကတဆင့် ကြားရတာပဲ ဖြစ်မှာပေါ့ လို့ ကျနော်တို့ ပြောခဲ့တယ်ဗျ။ အခုအတိုင်းဆိုရင်ကျနော်ထင်တယ်၊ ကျနော်တို့ကိုများ အရင်တွေ့မလား မသိဘူး။ တွေ့ဖြစ် ပါလိမ့်မယ်ထင်တယ်။"

အဲဒါက လယ်ရီ ဒင်းဂါး က ပြောသွားတာနော်။ အဲန်ကယ်လ်တို့ကို -

"ဟုတ်တယ်ခင်ဗျ။ ကျနော်တို့နဲ့ လာဆွေးနွေးပါတယ်။ လယ်ရီဒင်းဂါး ရယ်၊ သူတို့ရဲ့ ဒုတိယ သံမှူးရယ် ပေါ့ဗျာ။ လေးယောက် လာပြီးတော့ ဆွေးနွေးပါတယ်။ ဆွေးနွေးတော့ ကျနော်တို့ ဒီကလည်း ဦးတင်ဦးတို့ ဘာတို့နဲ့ တွေ့ပြီးတော့ ဦးတင်ဦး တို့ကပဲ ပြောလိုက်တာပါ။"

အဲန်ကယ်လ်တို့က အခုဟာက ဒီပါတီအနေနဲ့ တရားဝင်ပုံစံမျိုး မရှိတဲ့အခါကျတော့ သူတို့ ဘယ်လိုပုံစံမျိုးနဲ့ တွေ့မလဲ။ ရုံးပဲ လာတွေ့မလား။ သံရုံးမှာတွေ့မလား။ -

ကျနော် စောစောကပြောသလိုပဲ ကျနော်တို့ကတော့ ကျနော်တို့ရုံးမှာ တွေ့ချင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျနော်တို့ရဲ့ ဌာန၊ နောက်ပြီးတော့ လုံခြုံရာ ဌာနလို့လည်း ကျနော်တို့ ယူဆတယ်ပေါ့ဗျာ။ ဘာပဲပြောပြော ကျနော်တို့က အဖွဲ့အစည်းအနေနဲ့ အဖွဲ့ချုပ်ရယ်လို့ ရှိတဲ့အခါကျတော့ နိုင်ငံခြားက လာတာတွေ တွေ့တယ်ဆိုရင် ကျနော်တို့နဲ့ဆိုရင် ကျနော်တို့ရုံးမှာ တွေ့ဖို့ပဲ ဆိုတဲ့ သဘောထားတွေ ကျနော်တို့ ပြောခဲ့တဲ့အတွက် အရင် မစ္စတာ ကန့်(မ်)ဘဲ(လ်) တို့ ပထမအကြိမ် နိုဝင်ဘာလကုန်က လာခဲ့တုန်းကလည်း ကျနော်တို့ရုံးမှာပဲ တွေ့ပါတယ်။ ခက်တာက ဒီလို - သူတို့လာမှာက ရှေ့အပတ်ထဲမှာ လာမှာကိုး။ ရှေ့အပတ်လာမယ်ဆိုတော့ အဲဒီလို လာတဲ့အခါကျတော့ ကျနော်တို့က ရှေ့အပတ်မှာ ပါတီ ရှိမလား၊ မရှိဘူးလား ကျနော်တို့ မသိဘူး။ အဲဒီတုန်းကပေါ့ဗျာ၊ လာဆွေးနွေးတဲ့ရက်တုန်းက။ သူတို့က ပြီးခဲ့တဲ့ ကြာသပတေးနေ့လောက်တုန်းက လာဆွေးနွေးတာကိုး။ အဲဒီတော့ ကျနော်တို့ကတော့ ဒီလိုဆိုရင်တော့ ခင်ဗျားတို့ စီစဉ်တဲ့ နေရာပဲ ကျနော်တို့ လာမယ်လို့ ကျနော်တို့ ပြောလိုက်တယ်။ အဲဒါကိုတော့ ကျနော်တို့ သဘောတူလိုက်တယ်။"

အဲဒါက ဘယ်ရက်လောက် ဖြစ်မယ်လို့ သိရပါသလဲ။ အဲန်ကယ်လ်။ -

"အဲဒါတော့ ကျနော်တို့ မသိရသေးဘူး။ သတင်းမရသေးဘူး။ မသိသေးဘူးခင်ဗျ။ ဒါပေမဲ့လို့ ရှေ့အပတ်ထဲတော့ ရှေ့အပတ်ဆန်းမှာ ဖြစ်တော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လာမှာက စနေ၊ တနင်္ဂနွေမှာ တနင်္ဂနွေနေ့လောက် လာမယ်လို့ သတင်းကြားနေတာပဲလေ။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးကတော့ အခုအချိန်အထိ ရုံးဖွင့်ထားဆဲပဲ ရှိပါတယ်။ အာဏာပိုင်တွေဘက်က အနှောက်အယှက် အတားအဆီး တစုံတရာ မရှိသေးပါဘူး။ ဒါပေမဲ့ လာမယ့် မေလ ၁၃ ရက်မှာ အဖွဲ့ချုပ်ရုံး ပတ်ဝန်းကျင် က ဆိုင်ခန်းတွေကို အာဏာပိုင်တွေက ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့ ဖူးပါတယ်။ အဲဒီတုန်းကတော့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒသစ်ကို သယ်ဆောင်ပြီး၊ စစ်အစိုးရ အကြီးအကဲတွေနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ရလဒ်ဘာမှ မတွေ့ရတဲ့အပေါ်မှာ၊ အထူးသဖြင့် အမေရိကန် မူဝါဒ အပြောင်းအလဲကြောင့် မြန်မာနိုင်ငံရေးမှာ ထူးထူးခြားခြား ပြောင်းလဲမှုမတွေ့ရတဲ့အပေါ် အတိုက်အခံ လှုပ်ရှားသူတွေက ပြန်လည် ဝေဖန်ခဲ့ကြပါတယ်။ အခု ဒီနှစ်ဆန်းပိုင်း မစ္စတာ ကန့်(မ်)ဘဲ(လ်) အာရှခရီးစဉ်လာတုန်းက တကြိမ် မြန်မာနိုင်ငံကိုသွားဖို့အတွက် ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘယ်လို အကြောင်းကြောင်းမှန်းတော့ မသိရဘဲ မဖြစ်ခဲ့ပါဘူး။ အခု ဒီတကြိမ်ရော တကယ်တမ်း သွားနိုင်မလား။ ဘန်ကောက်မှာရှိတဲ့ အမေရိကန်သံရုံး တာဝန်ရှိသူတဦးကို မေးကြည့်တော့ အခုအချိန်အထိ ဒီခရီးစဉ်အတွက် နှစ်ဖက်အာဏာပိုင်တွေ ညှိနှိုင်းနေဆဲပဲလို့ သိရပါတယ်။ အဖြေ အတိအကျ သွားနိုင်မယ့် ရက်အတိအကျ ဘာမှ မသိရသေးဘူးလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG