အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) (Kurt Campbell) ဟာ မနက်ဖြန် တနင်္ဂနွေနေ့မှာ မြန်မာပြည်ကို ရောက်မယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ အခုနှစ်အတွင်း စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း တရားဝင်ကြေညာပြီးနောက်မှာ ပထမဆုံး အဆင့်မြင့် အမေရိကန်အရာရှိတဦး အခုလို သွားရောက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) ဟာ တနင်္ဂနွေနေ့မှာ မြန်မာပြည်ကို ရောက်မယ်ဆိုတဲ့ သတင်းကိုတော့ အမည်မဖော်လိုတဲ့ သံတမန်တချို့ကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားတာပါ။ မစ္စတာ ကန့်(မ်)ဘဲ(လ်)ဟာ ခရီးရောက်မဆိုက်ဘဲ နေပြည်တော်ကိုသွားပြီး စစ်အစိုးရအရာရှိတွေနဲ့ တွေ့ဆုံပါလိမ့်မယ်။
နောက်တနေ့ တင်္လာနေ့မှာတော့ ရန်ကုန်မြို့မှာ အဲန်အယ်လ်ဒီ စီအီးစီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ အမေရိကန် သံရုံးအရာရှိတွေက အကြောင်းကြားထားတဲ့အကြောင်း အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပြပါတယ်။
"ရောက်မယ့်နေ့တွေဘာတွေတော့ ကျနော်တို့ အဲဒီလို မသိဘူး။ ကျနော်တို့ အဖွဲ့ချုပ် စီအီးစီ နဲ့တွေ့ဖို့ကိုတော့ သူတို့ တနင်္လာနေ့ နေ့ခင်းပိုင်းကို ချိန်းထားပါတယ်။"
မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) ကတော့ သူ့အနေနဲ့ စစ်ခေါင်းဆောင်တွေနဲ့သာမက ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ခွင့်ရမှသာ မြန်မာပြည်ကိုသွားမယ်လို့ အစောပိုင်းတုန်းက ပြောထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) ရန်ကုန်ရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖြစ်လိမ့်မယ်လို့ သူနားလည်ထားတဲ့အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။
"တွေ့မယ်လို့ ကျနော် နားလည်တယ်လေ။ သူတို့ အဲဒီလို တိုက်ရိုက်တော့ ကျနော်တို့ကို ဒါ မပြောပါဘူး။"
မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) နေပြည်တော်ကို ရောက်နေတဲ့အချိန်အတွင်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ခွင့်ရမရ မသိရသေးသလို မြန်မာပြည်မှာ ဘယ်နှစ်ရက် ကြာမယ်ဆိုတာကိုလည်း အတိအကျ မသိရသေးပါဘူး။ အခုထွက်လာတဲ့ သတင်းတွေအရကတော့ သူ့အနေနဲ့ မြန်မာပြည်မှာ တနင်္ဂနွေနဲ့ တနင်္လာ နှစ်ရက်ပဲ ကြာမယ့် သဘောရှိပါတယ်။