သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sock စကားလုံးဆိုင်ရာ အသုံးအနှုန်းများ


Sock စကားလုံးဆိုင်ရာ အသုံးအနှုန်းများ
Sock စကားလုံးဆိုင်ရာ အသုံးအနှုန်းများ

မေလ ၁၀၊ ၂၀၁၀ - ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ sock away, sock in နဲ့ knock your socks off တို့ ဖြစ်ကြပါတယ်။
ခြေအိတ်လို့ မြန်မာလို အဓိပ္ပါယ်ရတဲ့ sock ကို အခြေခံပြီး ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းကတော့ sock away ဖြစ်ပါတယ်။ Sock ကို နာမ် (noun) အဖြစ် အသုံးပြုရင်တော့ ခြေအိတ် ဖြစ်ပြီး၊ ဒါပေမယ့် ဒီနေရာမှာ sock ကို away (တခြားသို့၊ တပါးသို့၊ အဝေးသို့) အဓိပ္ပါယ်ရတဲ့ ကြိယာဝိသေသန နဲ့ တွဲသုံးပြီး ကြိယာ (verb) အဖြစ် အသုံးပြုထားပါတယ်။ ဒီအသုံးက ၁၉၀၀ ခုနှစ်လောက်က စတင်အသုံးပြုလာတယ်လို့ ဆိုပါတယ်။ ခြေအိတ်လို့ အဓိပ္ပါယ်ရတဲ့ sock မှာ ရှေ့တုန်းက လူတွေဟာ အများအားဖြင့် သူတို့ပိုင်တဲ့ ဒင်္ဂါးပြားငွေတွေကို ဘဏ်မှာ မအပ်ကြဘဲနဲ့ ခြေအိတ်ထဲမှာထည့်ပြီး တခြားခြေအိတ်တွေနဲ့ ရောထားခြင်းအားဖြင့် အခိုးမခံရလေအောင် စုဆောင်းသိမ်းဆည်းထားရကနေ ဒီအသုံးအနှုန်း ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ တိုက်ရိုက် အဓိပ္ပါယ်ကတော့ ခြေအိတ်ထဲထည့်ပြီး အဝေးတနေရာမှာ သိမ်းထားခြင်း ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယ်ကတော့ ငွေ (သို့မဟုတ်) အဖိုးတန်ပစ္စည်းတွေကို စိတ်ချလုံခြုံရတဲ့ တနေရာမှာ သိမ်းဆည်းထားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
အောက်ပါ George Crows ပေးတဲ့ ဥပမာမှာ သူနဲ့ သူ့ဇနီးမှာ သမီးလေးတဦးက တနှစ်ပဲရှိသေးပေမယ့်လည်း ကြီးပြင်းလာရင် တက္ကသိုလ်ကျောင်းတက်နိုင်ဖို့ ကြိုတင်စီမံချက်အဖြင့် မိဘတွေအနေနဲ့ ငွေစုမယ့် အစီအစဉ်အကြောင်း ဖြစ်ပါတယ်။

"It costs a lot these days to send someone to a college. So, we are going to sock away some money every month to make sure she starts life with a good education."

"အခုအချိန်အခါမှာ ကလေးတယောက်ကို တက္ကသိုလ်ကောလိပ် ပို့ရတာ အလွန်စရိတ်စခကြီးမားလွန်လှတယ်။ ဒါကြောင့် သမီးလေးဘဝအစမှာ ပညာကောင်းကောင်းသင်နိုင်အောင်လို့ လစဉ် လုံခြုံတဲ့နေရာမှာ ငွေစုထားနေရတယ်။"

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ sock in ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း ဆင်းသက်လာတာကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းကဖြစ်တယ်လို့ ဆိုပါတယ်။ မြူတွေဆိုင်းတဲ့အခါ (သို့မဟုတ်) နှင်းတွေကျတဲ့အခါ စစ်လေတပ်စခန်းတွေကို ရာသီဥတု ကောင်းလာတဲ့အထိ၊ သာယာကြည်လင်လာတဲ့အထိ လေယာဉ်အတက်အဆင်းတွေ ဘေးအန္တရာယ်ကင်းအောင်လုပ်နိုင်တဲ့အထိ မလွှဲမရှေုာင်သာ ပိတ်လာရတဲ့အခါတွေရှိတဲ့အခါမှ ဒီအသုံး ဆင်းသက်လာတာ ဖြစ်ပါတယ်။
ဒီနေရာမှာ sock က windsock ဆိုတဲ့ အသုံးကို ရည်ညွှန်းတာဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ လေညွှန်ပြွန် ဖြစ်ပါတယ်။ Windsock ဆိုတာကတော့ လေယာဉ်ကွင်းတွေမှာ တွေ့မြင်ရပါတယ်။ ဒါကတော့ လေဘယ်ဖက်က တိုက်ခိုက်နေတယ်၊ လေတိုက်ခိုက်နှုန်း ဘယ်လောက်ပြင်းထန်တယ်ဆိုတာကို လေယာဉ်မောင်းသူတွေ တွေ့မြင်နိုင်အောင် တိုင်မှာလွှင်တင်ထားတဲ့အရာကို ဆိုလိုတာဖြစ်ပါတယ်။ အဝတ်နဲ့ ချုပ်လုပ်ထားတဲ့ ကရိယာတမျိုး ဖြစ်ပါတယ်။ အင်္ကျီလက်တဖက်လို တဖက်က အဝကျယ်ပြီး ကျန်တဖက်က အဖျားရှုးသွားတာ ဖြစ်ပါတယ်။ ဒီအပြင် အထဲမှာ လေဝင်တိုးဖို့ အပေါက်ရှိနေပါတယ်။ ဒါကို တိုင်မှာချည်ထားတဲ့အခါ လေတိုက်တဲ့အခါ အဝကျယ်တဲ့ဖက်က လေဝင်ပြီး ကျဉ်းတဲ့ဖက်က လေပြန်ထွက်ကာ လွှင့်နေတာကြောင့် လေယာဉ်မောင်းသူများအနေနဲ့ လေဘယ်ဖက်က တိုက်နေတယ်ဆိုတာကို မြင်တာနဲ့ သိရှိနိုင်ပြီး လေယာဉ်အဝေးပြေးလမ်းပေါ် ဆင်းသက်တဲ့အခါ သင့်တော်တဲ့လမ်းကြောင်းကို ကြည့်ပြီး ရွေးချယ်ဆင်းနိုင်တာ ဖြစ်ပါတယ်။ လေမတိုက် လေငြိမ်နေမယ်ဆိုရင်တော့ လေညွှန်ပြွန်က အထဲမှာလေမရှိတော့ အောက်မှာခွေလျော့ကျနေပါလိမ့်မယ်။ အဲဒီလို အခြေအနေမျိုး ဖြစ်လာခဲ့ရင်တော့ လေယာဉ်ပျံသန်းမှုကို စတင်တဲ့ခေတ်တွေတုန်းက လေယာဉ်ပျံအနေနဲ့ မြေပြင်ပေါ်မှာပဲ နေရပြီး အပေါ်ဖက်ကို ပျံမတတ်နိုင်ပါဘူး။ ဒါကြောင့်မို့ လေယာဉ်ကွင်းတကွင်းမှာ sock in ဆိုတဲ့ အသုံးအနှုန်းကို ကြားရရင် ရာသီဥတုဆိုးဝါးလို့ ရာသီဥတုကောင်းလာတဲ့အထိ အဲဒီ လေယာဉ်ကွင်းကို ပိတ်ထားတယ်၊ လေယာဉ်အတက်အဆင်းတွေမရှိဘူးလို့ ဆိုလိုပါတယ်။
နှင်းကျတဲ့ဆောင်းတွင်း ညတညမှာတော့ ကျမတို့ မိတ်ဆွေကြီး George Crows ကနေ ပြတင်းပေါက်အပြင်ဖက်ကိုကြည့်ပြီး သူအနေနဲ့ New York ကို အလုပ်ကိစ္စသွားဖို့ ဖြစ်ပါ့မလားဆိုတဲ့ ပူပင်နေတဲ့အကြောင်း ပြောတာကို လေ့လာကြည့်ရအောင်ပါ။

"Honey, the snow is beginning to come down a lot faster. I'm afraid it will sock in the airport and I won't be able to fly up to New York for that business meeting."

"အချစ်ရေ နှင်းတွေ စပြီးမြန်မြန်ကျလာနေတယ်။ ဒါကြောင့် လေယာဉ်ကွင်း ပိတ်ထားပြီး အလုပ်ကိစ္စ ဆွေးနွေးဖို့ New York ကို လေယာဉ်နဲ့သွားဖို့ မဖြစ်နိုင်မှာကို စိုးရိမ်နေမိတယ်။"

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းကတော့ knock your socks off ဖြစ်ပါတယ်။ Knock က ခေါက်သည်၊ တွန်းသည် စသဖြင့် အဓိပ္ပါယ်ရှိပေမယ့် ဒီနေရာမှာ off ဆိုတဲ့ တဖက်သို့ အဓိပ္ပါယ်ရတဲ့ ဝိဘတ်နဲ့ တွဲသုံးထားတာကြောင့် knock off က တဘက်ကိုရောက်အောင် တွန်းပစ်လိုက်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ your က သင့်၏ ဖြစ်ပြီး socks က ခြေအိတ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဝတ်ထားတဲ့ခြေအိတ်တွေတောင် လွှင့်ထွက်မတတ် ဖြစ်ရတဲ့သဘော တင်စားပြောဆိုထားတာ ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယ်ကတော့ တခုခုကြောင့် လူ့စိတ်ကို လှုပ်ရှားစေတာ၊ ကျမတို့ မြန်မာမှာတော့ တခုခု သိပ်ကောင်းလို့ရှိရင် ဆွေမျိုးတောင်မေ့စေတယ်ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။
George Crows ပေးတဲ့ ဥပမာမှာတော့ မနေ့ညက သူကြည့်ခဲ့ရတဲ့ ရုပ်ရှင်ကို သိပ်ကြိုက်လွန်လို့ သူ့ရဲ့ ချစ်သူ Betty ကို ထပ်ပြီးနောက်တခေါက်ကြည့်ဖို့ ပြောဆိုတဲ့အကြောင်း ဖြစ်ပါတယ်။

"I want to tell you, Betty that you'd love this picture. I promise it will knock your socks off, honey. It's the best thing I've seen in a long time."

"ပြောရအုံးမယ် Betty ရေ။ ဒီရုပ်ရှင်ကားကို ကြည့်ရင်တော့ မင်းအလွန်ကြိုက်လိမ့်မယ်၊ ဆွေမျိုးတောင် မေ့လိမ့်မယ်ဆိုတာကို ကိုပြောရဲတယ်။ ဒီလို ရုပ်ရှင်ကားမျိုး မကြည့်ရတာ အတော်ကြာလှပြီ။ ဒီရုပ်ရှင်ကားက အကောင်းဆုံးလို့ ပြောနိုင်တယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG