သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှု အထူးအယူခံတင်


ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှု အထူးအယူခံတင်
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှု အထူးအယူခံတင်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချတဲ့အမှုနဲ့ ပတ်သက်လို့ ရှေ့နေဖြစ်သူတွေက ဗဟိုတရားရုံးချုပ်ကို အထူးအယူခံတရပ် မနေ့က တင်သွင်းလိုက်ပါတယ်။ ဗဟိုတရားရုံးချုပ်က လက်ခံမယ် ဆိုရင်တော့ ဒါကို နေပြည်တော်မှာ ကြားနာစစ်ဆေးဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တနှစ်ခွဲနဲ့ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခံထားရမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အထူးအယူခံ တင်ပြ လျှောက်ထားခဲ့ကြတာပါ။ ဒီမတိုင်ခင် အတွင်းကတော့ ရှေ့နေဖြစ်သူတွေနဲ့ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမှုကိစ္စ တွေ့ဆုံ ညှိနှိုင်းခဲ့ကြပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကတော့ လက်ရှိအမှုမှာ နဂို မူလကတည်းက ဥပဒေအတိုင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူးလို့ ပြောပါတယ်။

“ကျနော်တို့ Admission ပြောဖို့၊ Argument ပေးဖို့ ရက်ချိန်း စောင့်နေပါတယ်။”

အဲဒါက ဘယ်ကိုတင်တာလဲခင်ဗျ။

“တရားရုံးချုပ်မှာပါ။”

အရင် ပထမ အယူခံတင်တာက…။

“ပထမတုန်းက အယူခံမဟုတ်ဘူး၊ ပြင်ဆင်မှု။ ဒါက Special Appeal တဲ့၊ အထူးအယူခံလို့ ခေါ်ပါတယ်။”

ပထမအယူခံ တခုကို ပယ်ထားပြီးပြီးနော်၊ အဲဒါ ဘယ်ကလဲ မသိဘူးခင်ဗျ။

“အဲဒါ တရားရုံးချုပ်ကပဲ။”

ဒီအဆင့်ကရော ဘယ်လို ထူးခြားမှု ရှိပါသလဲခင်ဗျ။

“ဒါကတော့ ၃ ပါးထိုင် အရှေ့မှာ Admission ပြောရမယ်။ ပြီးရင် နေပြည်တော်မှာ သွားပြောရမယ်။”

အခု အခြေအနေ အလားအလာကရော ဘယ်လိုရှိလဲခင်ဗျ။

“တရားဥပဒေအရတော့ အစကတည်းက အပြစ်မှ မရှိဘဲ။ ကြံဖန်ပြီး အပြစ်ပေးတာ။ ဒီဟာတွေကိုပဲ ကျနော်တို့ ထောက်ပြရမှာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ကာလအတွင်း တရားမဝင် နေအိမ်ခိုးဝင်လာသူ အမေရိကန် နိုင်ငံသားတဦးကို လက်ခံခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းက ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်အရ ဆိုပြီး ပြစ်ဒဏ်တဝက်ကိုပဲ နေအိမ်အကျယ်ချုပ်နဲ့ ကျခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရှေ့နေတွေကတော့ ဒီဥပဒေဟာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေပါ ဖော်ညွှန်းချက် ဖြစ်တာမို့ ၁၉၇၄ ဖွဲ့စည်းပုံဟာ အသက်မဝင်တော့ဘူး၊ တရားမဝင်တော့ဘူး ဆိုပြီးတော့ ထောက်ပြထားကြပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်း တရားရုံးရော ဗဟိုတရားရုံးချုပ်ရော အဆင့်ဆင့် အယူခံတွေ ပယ်ချခံခဲ့ရပြီး အခုနောက်ဆုံး ရှေ့နေတွေက အထူးအယူခံ တင်ပြလျှောက်ထားခြင်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG