သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝစီမံကိန်း လုံခြုံရေးသင်္ဘော တိုက်ခိုက်ခံရ


AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

(Zawgyi / Unicode)

ပလက်ဝတံတားစီမံကိန်းအတွက် သံဘောင်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်တဲ့ ရေယာဉ်တွေနဲ့ တပ်မတော် လုံခြုံရေးရေယာဉ်တွေကို AA အဖွဲ့ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ဘက်ကနေ မနေ့က သတင်းထုတ်ပြန်ထားတာပါ။ ဒီတိုက်ခိုက်ခံရမှုအတွင်း စစ်သင်္ဘောထိခိုက်ပြီး ဒဏ်ရာတချို့ ရရှိခဲ့တယ်လို့ တပ်မတော်က ပြောပါတယ်။ ရခိုင်တပ်မတော်ဘက်ကတော့ တပ်မတော်လုံခြုံရေးယာဉ်ကိုသာ ပစ်ခတ်တာလို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ ကုလားတန်စီမံကိန်းအတွက် ပစ္စည်းတင်ဆောင်လာတဲ့ သင်္ဘော နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“၂၉ ရက်နေ့မှာတော့ ကျနော်တို့ အဲဒီရေယာဉ် ၆ စီး ပါတယ်ဗျ။ ကျနော်တို့ တံတားထိုးဘက်ဟိုးနဲ့ သံဘောင်တွေနဲ့ ဆောက်တဲ့ပစ္စည်း တင်တဲ့ယာဉ်တွေ ပါတယ်။ ပြီးရင် ကျနော်တို့ လုံခြုံရေးအစောင့်လိုက်တဲ့ တပ်မတော်က စစ်ရေယာဉ်တွေ ပါတယ်။ အဲဒီအဖွဲ့တွေက ကျနော်တို့ စစ်တွေကနေ ထွက်တယ်။ ၂၉ ရက်နေ့မှာ မနက်ပိုင်းမှာ ကျနော်တို့ တကြိမ်ဖြစ်တယ်။ ညနေပိုင်းမှာတော့ ကျောက်တော်ကို ရောက်တယ်။ ကျောက်တော်ကနေ ပြန်ထွက်တော့ ကျနော်တို့ ထုတ်ပြန်ထားတဲ့ နေရာမှာပဲ ၃၀ ရက်နေ့ မနက် ၁ နာရီလောက်မှာ ဖြစ်တယ်။ အဲဒီမှာတော့ ကျနော်တို့ စစ်ရေယာဉ်ကနေ ပြန်လည်ပြီးတော့ ပစ်ခတ်တာကြောင့်မို့လို့ ပြန်ပြီးတော့ ဆုတ်သွားတယ်။ ကျနော်တို့ ဒီဘက်က ရေယာဉ်တစီးတော့ အနည်းငယ် ကျည်ထိမှန်မှုရှိတယ်။ ထိခိုက်မှုရှိတယ်။ ဆက်သွားတယ်။ ကျနော်တို့ စစ်သည်တချို့လည်း ထိခိုက်ဒဏ်ရာရမှု ရှိပါတယ်။”

ပလက်ဝတံတား စီမံကိန်းမှာ အသုံးပြုမယ့် သံဘောင်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို တင်ဆောင်ထားတဲ့ ရေယာဉ်ခြောက်စင်းဟာ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းက ကုလားတန်မြစ်အတိုင်း ထွက်ခွာလာရာမှာ ကျောက်တော်မြို့နယ် ကန်ဇောက်ကျေးရွာ အရှေ့ဘက်မှာ AA ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၃၀ မနက်ပိုင်းမှာလည်း ကျောက်တော်မြို့နယ် မီးဝကျေးရွာဘက်မှာ ထပ်မံပစ်ခတ်ခံရတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်လက်နက်ကိုင် AA ပြောခွင့်ရ ခိုင်သုခကတော့ ဆောက်လုပ်ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ရေယာဉ်ကို ပစ်ခတ်တာမဟုတ်ဘဲ တပ်မတော် လုံခြုံရေးယာဉ်ကိုသာ ပစ်ခတ်တာလို့ ဆိုပါတယ်။

“ကျနော်တို့ ဒီပစ်ခတ်တိုက်ခိုက်တဲ့ သင်္ဘောတွေက ဗမာစစ်တပ်ရဲ့ သင်္ဘောတွေနဲ့ ဗမာစစ်တပ်က အသုံးပြုနေတဲ့ ရေယာဉ်တွေသာ ဖြစ်တယ်ဗျနော်။ အဲဒီ ကုလားတန်စီမံကိန်း သင်္ဘောတွေ မဟုတ်ဘူး။ ကျနော်တို့ အကြိမ်ကြိမ်လည်း ပြောပြီးပါပြီ။ စစ်ဖြစ်နေတဲ့နေရာမှာ စစ်ဆင်ရေးပုံစံမျိုးနဲ့ ချီတက်လာတဲ့ ကြည်းတပ်ကပဲဖြစ်ဖြစ် ရေတပ်ကပဲဖြစ်ဖြစ် ကျနော်တို့က လိုအပ်သလို ပစ်ခတ်တားဆီးမှာပဲ။”

မနေ့ကလည်း စက်ချို့ယွင်းနေတဲ့ ပစ္စည်းတင် ပင်လယ်မင်းသမီး သင်္ဘောကိုလည်း AA အဖွဲ့က စီးနင်းပြီး အောက်ပြန်ဆုတ်ခိုင်းတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“မနေ့က ပင်လယ်မင်းသမီးပေါ့။ ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွား စီမံကိန်းအတွက် ဆိုပြီးတော့ သယ်လာတဲ့ ပင်လယ်မင်းသမီး အရပ်ဘက်ရေယာဉ်ဟာ သောင်ပြင်နဲ့တင်တယ်။ တင်တဲ့အခါမှာ စက်အားနဲ့ ရုန်းလိုက်တဲ့အတွက်ကြောင့်မို့လို့ သူ့ပန်ကာ ကျိုးသွားတယ်။ ကျိုးသွားတဲ့အတွက်ကြောင့်မို့လို့ ရှေ့ကယာဉ်တွေနဲ့ လိုက်လို့မရတဲ့အတွက် သူက အဲဒီမှာပဲ လိုအပ်တဲ့ဟာတွေ ပြင်ပြီးတော့မှ အောက်ကိုပြန်ဆင်းလာတယ်၊ မနေ့က တင်းမမှာ။ တင်းမအနား ပြန်ဆင်းတဲ့အချိန်မှာ တင်းမအနား ရောက်တဲ့အခါမှာ AA တွေက အနောက်ဘက်ကမ်းက သေနတ်ဖောက်ပြီးတော့မှ အဲဒီရေယာဉ်ကို ခေါ်တယ်လို့ ကျနော်တို့ အကြမ်းဖျင်း သိရတယ်။ ခေါ်ပြီးတော့မှ အဲဒီရေယာဉ်ကို အပေါ်ကို ဆက်မတက်နဲ့ ဘာညာ သူတို့ ပြောတယ်လို့ ပြောတယ်။ အောက်ကို ပြန်တက်လာတယ်။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ မြန်မာအစိုးရနဲ့ အိန္ဒိယနိုင်ငံ အစိုးရတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေတဲ့ ကုလားတန်ပရောဂျက်ကို ဆန့်ကျင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာ ဆန့်ကျင် လုပ်ဆောင်နေတယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က ဆောက်လုပ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတစင်းကို AA ဘက်ကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ် မီးရှို့ဖျက်ဆီးခဲ့သလို နိုဝင်ဘာလ ၂၁ ရက်ကလည်း ဆောက်လုပ်ရေးပစ္စည်းတွေကို တင်ဆောင်ထားတဲ့ ရေယာဉ်တွေကို ရခိုင်လက်ကိုင် AA အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တပ်သားတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

AA ပြောခွင့်ရ ခိုင်သုခကတော့ ကုလားတန်ပရောဂျက် လုပ်ဆောင်သူတွေ ပစ္စည်းသယ်ဆောင်ရာမှာ ကြိုတင်အကြောင်းကြားဖို့နဲ့ မြန်မာလုံခြုံရေးအစောင့်တွေ ခေါ်မလာဖို့ အခုလို သတိပေး ပြောဆိုပါတယ်။

“ကုလားတန်ပရောဂျက်လုပ်တဲ့သူတွေ အနေနဲ့လည်းပဲ ပိုပြီးတော့ အန္တရာယ်ကင်းဖို့ ဆိုလို့ရှိရင် ကုလားတန်ပရောဂျက်ပစ္စည်း ဘယ်နေ့မှာ ဘယ်အချိန် ရောက်မယ်ဆိုတဲ့ ဥစ္စာကို ဟိုတခါ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာပြီးတော့ သွားသလိုမျိုး ပုံစံနော်။ အဲဒီလိုမျိုး သွားလို့ရှိရင် အန္တရာယ်အကင်းဆုံးပဲ။ အဓိကကတော့ အဲဒီလိုသွားလာတဲ့အခါ ဗမာစစ်တပ်၊ ဗမာရဲ၊ ဘယ်ဗမာလက်နက်ကိုင် အစိုးရကို ကိုယ်စားပြုတဲ့ ဘက်နက်ကိုင်အဖွဲ့အစည်း ပါလာလို့မရဘူး။ ပါလာလို့ရှိရင် ကျနော်တို့ ပစ်ခတ်မှာပဲ။ ဘာကြောင့်လဲဆိုလို့ရှိရင် အခုဟာ ကျနော်တို့ အစိုးရနဲ့ စစ်ဖြစ်နေတာ။ အဲဒါတွေ ပါလာလို့ရှိရင် ပစ်ခတ်မှာပဲ။”

ရခိုင်ပြည်နယ်အတွင်း ရေကြောင်းခရီးသွားလာမှုနဲ့ ကုန်ပစ္စည်းတင်ဆောင်မှု လုပ်ဆောင်ရင် AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကို အကြောင်းကြားဖို့ AA ဘက်ကနေ နိုဝင်ဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်ဘက်ကနေ အရပ်ဘက်လှေတွေကို အသုံးပြုပြီး စစ်လက်နက်ပစ္စည်း တပ်အင်အားတွေ တင်ဆောင်နေတဲ့ အခြေအနေကြောင့် ဒီလိုထုတ်ပြန်တာလို့ AA ဘက်က ပြောပါတယ်။

-------------------------------------

(Unicode)
















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG