သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်း အမျိုးသားလွှတ်တော်အမတ် AA ဖမ်းဆီးစစ်ဆေးနေဆဲ


AA ရခိုင် လက်နက်ကိုင်အဖွဲ့ (သတင်းဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA ရခိုင် လက်နက်ကိုင်အဖွဲ့ (သတင်းဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

(Zawgyi/Unicode)

ချင်းပြည်နယ်ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို စုံစမ်းစစ်ဆေးစရာတွေရှိလို့ အခုအချိန်အထိ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ AA ရခိုင် လက်နက်ကိုင်အဖွဲ့က ပြောပါတယ်။ ဦးဝှေ့တင်းနဲ့အတူ ဖမ်းဆီး ခံရသူတွေကို ပြန်လွှတ်ပေးရာမှာ အိန္ဒိယ အစိုးရဘက်က ကြားဝင် ညှိနှိုင်းခဲ့တယ်လို့ အိနိယ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပေမယ့် သူတို့ လွှတ်ခဲ့တာမှာ ဘယ် ဖိအားကြောင့်မှ မဟုတ်ဘူးလို့ AA ပြောခွင့်ရသူူက ပြောပါတယ်။ ဒီ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

AA ရခိုင်လက်နက်ကိုင်ဘက်က ဖမ်းဆီးသွားတဲ့ ကုလားတန်ဖွံဖြိုးရေး စီမံကိန်းဝန်ထမ်း အိန္ဒိနိုင်ငံသား ငါးဦး၊ ချင်းပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း စကားပြန် ၂ ဦး စက်လှေသမားနှစ်ဦးအပေါင်း ၁၀ ဦးတို့ ပြန်လည် လွတ်မြောက်လာရေးအတွက် အိန္ဒိယအစိုးရက အချိန်မီ ကြားဝင်ဆောင်ရွက်ခဲ့တာလို့ အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနက နိုဝင်ဘာလ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အပေါ် AA ပြောခွင့်ရ ခိုင်သုခက အခုလိုပြောပါတယ်။

“ဦးဝှေ့တင်းတယောက်က လွှဲရင် ကျန်တဲ့ ၉ ယောက်ပေါ့နော်။ အဲဒီဥစ္စာလောက်ပဲ လွှတ်ပေးလိုက်တာဗျ။ ဦးဝှေ့တင်း ကိုတော့ ကျနော်တို့ စစ်ဆေးစရာတွေ ရှိတဲ့အတွက်ကြောင့် ဆက်ပြီးတော့ ထိန်းသိမ်းထားတာ ရှိတယ်။ သူတို့ ထုတ်ပြန်ချက်တော့ ကျနော်လည်းတွေ့တယ်။ ပုံမှန်နေပြီးတော့ ကျနော်တို့ လုံခြုံရေး စစ်ဆေးတဲ့အချိန်မှာ တွေ့တဲ့ ဥစ္စာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်ဆေးပြီးတာနဲ့ ကျနော်တို့ မလိုအပ်တဲ့လူကို ချက်ချင်းပြန်လွှတ်တာ ဖြစ်တယ်။ ဆိုတော့ ဘယ်သူ့ဖိအားကြောင့်မှ လွှတ်တဲ့ ဥစ္စာမျိုး တော့ မဟုတ်ဘူး။”

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းကို ကိုးကားပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ပြန်လည် လွတ်မြောက်လာပြီးလို့လည်း သတင်းတွေ ပေါ်ထွက်နေပေမဲ့ ဦးဝှေ့တင်းရဲ့ဇနီးဖြစ်သူ ဒေါ်ခင်အိဆင့်ကတော့ သူမရဲ့ခင်ပွန်းဖြစ်သူ လွတ်မလာသေးဘူးလို့် ပြောပါတယ်။

“ကောလဟာလတွေပါ။ ဘာမှထပ်မကြားဘူး။ မနေ့က Facebook တချက် ဖွင့်တယ်နော်။ သူ့ရဲ့အကောင့်နဲ့လည်းသူတို့ AA ဖုန်းသုံးသေးတယ်။ သူမဟုတ်ဘူး သူတို့တွေသုံးတာဖြစ်မယ်။၁၂ နာရီ ၃၀ မှာဖုန်းဖွင့်သေးတယ်။ ဒါပေမဲ့ဆက် သွယ်လို့မရဘူးပေါ့နော်။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့ကနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ကုလားတန် မြစ်ကြောင်းအတိုင်း စက်လှေနဲ့ စီးနင်းလာတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါဝင် ၁၀ ဦးကို AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့က လမ်းခုလတ်မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

နိုဝင်ဘာ ၄ ရက်နေ့မနက်မှာ လွှတ်တော်ကိုယ်စားလှယ် တဦးက လွှဲပြီးအားလုံးကိုပေးခဲ့ပေမဲ့ အိန္ဒိယဝန်ထမ်း ငါးဦးထဲမှာ တဦးကတော့ AA အဖွဲ့က ဖမ်းဆီးထားချိန်မှာ နှလုံးရောဂါဖောက်ပြီး သေဆုံးခဲ့ပါတယ်။

သူ့ရဲ့ ရုပ်အလောင်းကို ပြန်လည်လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား လေးဦးနဲ့အတူ စစ်တွေမြို့ကို သယ်ဆောင် ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံကို ဆက်လက်ထွက်ခွာဖို့ နိုဝင်ဘာလ၅ ရက်နေ့မှာပဲ စစ်တွေကနေ ရန်ကုန်မြို့ကို ထွက်လာကြပြီလို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုပါတယ်။

အခုလို အိန္ဒိယနိုင်ငံသား တဦး ဆုံးပါးသွားတဲ့အတွက်နှစ်နိုင်ငံ အကြား သံတမန်ရေးအရ ရှုပ်ထွေးမှုတွေဖြစ်လာနိုင်ပြီး မြန်မာနဲ့အိန္ဒိယစစ်တပ်တို့ပေါင်းပြီးAAကို စစ်ရေးအရ ဖိအား ပေးလာနိုင်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ AA ပြောခွင့်ရခိုင်သုခကတော့ အိန္ဒိယအစိုးရအနေနဲ့ ရခိုင်လက်နက်ကိုင် AA အပေါ် စစ်ရေးအရ ဖိအားပေးမယ် မထင်ကြောင်းဆိုပါတယ်။

“သူတို့ကတော့ အစိုးရ အချင်းချင်း ပူးပါင်းဆောင်ရွက်မှုတွေတော့ ရှိနေကြတာပဲလေ။ အိန္ဒိယအနေနဲ့ကတော့ အဲဒီလိုမျိုး ပူးပေါင်းပြီးတော့ ကျနော်တို့ကို Action ဆိုတဲ့ ဥစ္စာက ဖြစ်နိုင်ချေကနည်းတယ်လို့ထင်တယ်။ ဘာကြောင့်လည်းဆိုရင် ကျနော်တို့က သူတို့ရဲ့ရန်သူလည်း မဟုတ်ဘူးလေ။ အဲဒီလိုမျိုူးထိတော့ သူတို့လုပ်မယ်လို့တော့ ကျနော်တို့ဘက်က မယူဆဘူးဗျ။”

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ စစ်တပ်နဲ့ပူးပေါင်းပြီး AA အဖွဲ့ ရဲ့သတင်းအချက်တွေကို စုံစမ်းဖို့ ခူမီးလူငယ်အဖွဲ့ကို လျှိူ့ဝှက်ဖွဲ့စည်းတဲ့အပြင် နိုင်ငံရေးအရ AAတပ်ဖွဲ့ကို တိုက်ခိုက် နေသူဖြစ်တာကြောင့် ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပြီး ဘယ်အချိန်ပြန်လွှတ်မယ်ဆိုတာ မပြောနိုင်သေးဘူး လို့ပြောပါတယ်။

NLDအမျိုးသားဒီမိုကရေစီပြောခွင့်ရဒေါက်တာမျိုးညွန့်ကတော့ အခုလိုဖမ်းဆီးပြီးမှ စွပ်စွဲတဲ့အပေါ် မသင့်လျော်ဘူးလို့ ဆိုပါတယ်။

“စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေကလည်း လွတ်လပ်တဲ့သူ တဦးအနေနဲ့ ဖြေရှင်းခွင့်ရသင့်တယ်လို့ ထင်ပါတယ်။ ဒီလိုမျိုး ဖမ်းဆီးပြီးမှ စွပ်စွဲချက်တွေ တင်လို့ ရှိရင် သိပ်မသင့်လျှော်ပါဘူးလို့ပြောချင်ပါတယ်။”

ဦးဝှေ့တင်း အဖမ်းခံရတဲ့ကိစ္စအပေါ် ချင်းအမျိူးသား ဒီမိုကရေစီအဖွဲ့ချူပ် ချင်းလူ့အခွင့်အရေးအဖွဲ့ ခူမီးချင်းမျိူးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ခူမီးလူငယ်အသင်း စတဲ့အဖွဲ့အစည်းတွေ ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့ကြပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]


















XS
SM
MD
LG