သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်လူထုဒုက္ခ ကမ္ဘာကစာနာဖို့ AA တောင်းဆို


မြန်မာနိုင်ငံတွင်း လူနည်းစု တိုင်ရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရ တပ်တွေအကြား စစ်ရေးတင်းမာမှုတွေ တိုးလာနေတာကြောင့် AA ရခိုင်လက်နက်ကိုင် အဖွဲ့လိုမျိုး တိုင်းရင်းသားအဖွဲ့တွေကို လူသစ်တွေ ပိုပြီး ဝင်ရောက်နေကြပါတယ်။ မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့ အခြေစိုက်တဲ့ KIA ကချင်လွတ်လပ်ရေး တပ်ဖွဲ့အခြေစိုက်ရာဒေသမှာ AA လိုအဖွဲ့တွေရဲ့ လေ့ကျင့်ရေး စခန်းတွေ တည်ရှိနေတာပါ။ အဲဒီ ဒေသကို သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် Steve Sandford ရေးသားပေးပို့ထားတာကို ကိုသားညွန့်ဦး ပြောပြမှာပါ။

အစိုးရတွေနဲ့ လူမျိုးစု မဟာမိတ်တပ်တွေ အကြား တိုက်ခိုက်မှုတွေ တိုးမြင့်လာတာကြောင့် တိုင်းရင်းသားဒေသတွေမှာ စစ်သားသစ်တွေ ပိုတိုးလာဖို့ အခြေအနေဖြစ်လာပါတယ်။ ကိုယ်ပိုင်နယ်မြေနဲ့ ထိန်းချုပ်ထားနိုင်တဲ့ KIA ကချင်လက်နက်ကိုင် အဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က စ ဖွဲ့စည်းခဲ့တဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့အတွက် အခြေချစခန်း စိုက်ခွင့်ပေးထားပါတယ်။ အဲဒီမှာ မစိုးစိုးလိုမျိုး လူသစ်တွေအတွက် စစ်ရေး လေ့ကျင်သင်ကြားပေးရာနေရာဖြစ်နေတယ်။

“ ရခိုင့်တပ်တော်ထဲကို မိန်းကလေး တယောက် အနေနဲ့ ဝင်ဖို့ ဆုံးဖြတ်တာတော့ ဗမာတွေက ကျမတို့ ရခိုင် ပြည်သူ လူထုတွေကို အထက်က နိုင်ထက်စီးနင်း လုပ်တယ်။ ဖိနှိပ် ချုပ်ချယ်မှုတွေ များပြီး မတရား နှိပ်စက်တယ် ပေါ့နော်။ ဒါမျိုးတွေ လုပ်လို့ ကျမက မခံချင်စိတ်နဲ့ တပ်ထဲ ဝင်ဖို့ ဆုံးဖြတ်တာ ဖြစ်တယ်။ ”

AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ဒုတိယ စစ်ဦးစီး ဒေါက်တာ ညိုထွန်းအောင်ဟာ အဲဒီ သင်တန်းတွေမှာ ဆေးသင်တန်းကို ကြီးကြပ်ပေးပါတယ်။ အခု ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာမွတ်ဆလင်တွေချည်းပဲ အကြမ်းဖက်ခံနေရတာ မဟုတ်ဘူး၊ ရခိုင်တွေလည်း အလားတူ ဒုက္ခရောက်နေတယ်ဆိုတာ သိစေချင်တယ်လို့ ပြောပါတယ်။

" ဆိုတော့ ဘင်္ဂလီ လူမျိုးတွေ အနေနဲ့ တုန်းကဆို ကမ္ဘာကြီးက သူတို့ အပေါ်မှာ စာနာမှုတွေ ပြသခဲ့ကြတယ်။ အခု ရခိုင် ဒေသမှာ တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုတော့ ကမ္ဘာကြီး အနေနဲ့ ဘယ်လို စာနာ နားလည်မှုတွေကို ပြသဖို့ အတွက် ကျနော်တို့ အနေနဲ့ တောင်းဆိုပါတယ်။ ”

ဒေါက်တာညိုထွန်းအောင်ပြောသလိုပဲ နိုင်ငံတကာမှာ ရခိုင်ပြည်နယ်ပြဿနာဆိုရင် ရိုဟင်ဂျာကိစ္စကိုပါ အပြောများ အသိများပါတယ်။ မြန်မာအစိုးရ ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို လက်မခံသလို၊ ဒီ ပြဿနာအပေါ်မှာ နိုင်ငံတကာက ပုံကြီးချဲ့လွန်းတယ်လို့ မြင်ပါတယ်။ ရခိုင်ပြည်နယ်တွင်း အခုနောက်ပိုင်းမှာ AA ရခိုင်အဖွဲ့နဲ့ မြန်မာ စစ်တပ်အကြား တိုက်ပွဲတွေကြောင့် ရခိုင်အရပ်သား အတော်များများ ထိခိုက်သေဆုံးတာတွေ ဖမ်းဆီးညှဉ်းပမ်းခံရတာမျိုးတွေ ရှိနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ တရုတ်၊ အိန္ဒိယတို့ရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ အဓိက စီးပွားရေးဇုံကြီးတွေ တည်ဆောက်ရေးလုပ်ခဲ့တာကြောင့် ကမ်းရိုးတန်းတလျှောက်က ထောင်နဲ့ချီတဲ့ အရပ်သားတွေ အိုးအိမ်ရွေ့ပြောင်းခဲ့ကြရပါတယ်။ အဲဒီ ဒေသတွင်း တည်ဆောက်တဲ့ ဓါတ်ငွေ့ပိုက်လိုင်းနဲ့ ပင်လယ်ဆိပ်ကမ်း ဆောက်လုပ်ရေးတွေကနေ အိမ်နီးချင်းတွေအတွက် ရေနံနဲ့သဘာဝဓါတ်ငွေ့တွေ ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီစီမံချက်တွေဟာ ဒေသခံတွေအတွက် ဘယ်လောက်အထိ အကျိုးအမြတ်ရှိမလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိဘူးလို့ AA လက်နက်ကိုင်တွေ ပြောပါတယ်။ ဒီလို ခံစားမှုမျိုးကို AA တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုကျော်သန်းက အခုလို ပြောပါတယ်။

“ ရိုးတောင်ထဲကနေ လှမ်းလို့ ကြည့်လို့ ဗမာပြည်ကို မြင်ရတယ်။ ဗမာပြည်မှာ မီးတွေ ထိန်ထိန်လင်းပြီးတော့မှ အဲလိုမျိုး ရှိမလားဆိုပြီး ကျနော်တို့ ရခိုင်ပြ ည်ကို လှမ်းကြည့်လိုက်တော့ ရခိုင်ပြည်မှာ မှောင်မည်းပြီးတော့မှ နေတာကို တွေ့ရတယ်။ အဲဒီတုန်းက ကျနော် စိတ်ထဲမှာ တအား ခံစားရတယ်။ ”

AA လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်လေးဦးကိုတော့ ရဲစခန်းတွေကို စီးနင်းတိုက်ခိုက်မှုနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မတွေနဲ့ တရားရုံး တင်ထားပါတယ်။ ဒါပေမယ့်လည်း တဖက်မှာတော့ AA အပါအဝင် မြောက်ပိုင်း တိုင်းရင်းသားမဟာမိတ် အဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ အကြား အပစ်ရပ်ရေးဆွေးနွေး ညှိုနှိုင်းမှုတွေရှိနေပါတယ်။ ဒါပေမယ့်လည်း အခုအချိန် အထိတော့ ရလာဒ်ကောင်း ထွက်တာမရှိသေးဘဲ၊ တိုက်ပွဲတွေကလည်း ရခိုင်မှာရော ရှမ်းပြည်မြောက်ပိုင်းမှာပါ ရှိနေဆဲပါ။

(Unicode)

ရခိုငျလူထုဒုက်ခ ကမ်ဘာကစာနာဖို့ AA တောငျးဆို





တိုက်ရိုက် လင့်ခ်
XS
SM
MD
LG