သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းပြားနဲ့ ကျောက်တော်မှာ မြန်မာစစ်တပ် တိုက်ခိုက်ခံရ


ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ တို့အကြား တိုက် ပွဲတွေဆက်လက် ဖြစ်ပွား နေတာမှာ မနေ့က မင်းပြားမြို့နယ်ဘက်မှာ တပ်မတော် စစ်ကြောင်း တကြောင်းကို AA ဖက်က ပစ်ခတ်တိုက်ခိုက် ခဲ့သလို ကျောက်တော်မြို့နယ်ဖက်မှာလည်း ဗုံးခွဲတိုက်ခဲ့တယ်လို့ တပ်မတော်တာဝန်ရှိသူတွေကပြောပါတယ်။

AAဖက် ကတော့ တိုက်ပွဲဖြစ်ပွားကြောင်း အတည်ပြုခဲ့သလို အသေးစိတ်အခြေအနေကို မသိရှိသေးဘူး လို့ဆိုပါတယ်။ လနဲ့ချီ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် နှစ်ဘက် တပ်ဖွဲ့ဝင်တွေအပြင် အရပ်သားပြည်သူ အများအပြားလည်း အသက်ဆုံး ရှုံးမှုတွေ ရှိနေပါတယ်။ ဒီအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး မနေ့ကလည်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ တပ်မတော် စစ်ကြောင်းကို AAဖက်က တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။

“ပန်းမြောင်းရဲ့အရှေ့ဖက်ကဖြစ်နေကြတာ ဖြစ်နေတုန်းဘဲဗျာ။ မနေ့ကပန်းမြောင်းရဲ့အရှေ့ဖက်လေ။ ကျွန်တော်တို့ အုပ်ချုပ်မှုလုပ်နေတဲ့စစ်ကြောင်းတကြောင်းကို ဒီကောင်တွေ ချောင်းပြီးတော့ပစ်တာ စောင့်ပြီးတော့ ချတာပေါ့နော်။ ဒါပေမယ့် ဘာမှတော့ မဖြစ်ပါဘူး။”

မနေ့က မင်းပြားမြို့နယ် ဒိုင်းသားရွာဖက်မှာတိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းအတည်ပြုပေမဲ့ အသေးစိတ် အခြေအနေကို မသိရ သေးဘူးလို့ ရခိုင်လက်နက်ကိုင် AA ပြန်ကြားရေး တာဝန်ခံခိုင်သုခက ပြောပါတယ်။

“မင်းပြားမြို့နယ် အဲဒီဒိုင်းသားရွာဖက်မှာလဲ တိုက်ပွဲဖြစ်ပွား တာရှိတယ်။ ဒါပေမဲ့တိုက်ပွဲ အသေးစိတ် တွေကတော့ ကျွန်တော် ဆီကိုမရောက်လာသေးဘူး။”

တိုက်ပွဲဖြစ်ပွား ဖြစ်စဉ်အတွင်း ဒိုင်းသားရွာသားတွေ ရွာကနေတိမ်းရှောင်နေကြရတယ်လို့ ပန်းမြောင်းဒေသခံ တဦး ကဆိုပါတယ်။

မနေ့ကလဲကျောက်တော်မြို့နယ် ဆင်အိုးချိုင်ကျေးရွာဘက်မှာ တပ်မတော်စစ်ကြောင်းတခု ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ဆင်အိုးချိုင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

“ဆင်အိုးချိုင်နဲ့ ရွာသစ်နဲ့ရွာဟောင်းကြားမှာ။ ကားလမ်းပေါ်မှာဟုတ်တယ်။ ကျွန်တော်တို့ကတော့ အသံကြားလိုက် တယ်လို့။ ပထမတချက်ပေါက်တယ်။ အကြီးကြီးပေါက်တယ်။ လက်နက်ငယ်တွေ ပေါက်တယ်။ တပ်မတော်စစ်ကြောင်း ပစ်တယ်အဲဒီမှာ။ ထိခိုက်မှုတော့ မကြားဘူး။”

ဗုံးပေါက်ကွဲမှုအပြီး မြန်မာစစ်တပ်ဖက်ကပစ်ခတ်မှုတွေရှိနေသလို ရွာအတွင်း လက်နက်ကျည်တွေကျရောက်ခဲ့တယ်လို့ ဆင်အိုးချိုင်ရွာသစ်က ရွာသားတွေကပြောပါတယ်။

ကျောက်တော်မြို့နယ်အတွင်းမနေ့ကတပ်မတော်စစ်ကြောင်းဗုံးခွဲတိုက်ခိုက်ခံရတဲ့ အခြေအနေကိုတော့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကအခုလိုပြောပါတယ်။

“ကျောက်တော်ဖက်မှာတော့ မီးဝစခန်းဖက်မှာတော့ ကျွန်တော်တို့ဒီ AAကနေပြီးတော့ မိုင်းဆွဲတိုက်ခိုက်တဲ့ဖြစ်စဉ်တခု တော့ရှိတယ်။ နှစ်ဖက်လုံးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူး။”

ဆင်အိုးချိုင်ကျေးရွာဖက် ဗုံးခွဲတိုက်ခိုက်တဲ့အခြေအနေကိုတော့ အသေးစိတ် မသိရသေးပေမဲ့ ဒီရက်ပိုင်းအတွင်း ချင်းပြည် နယ်ပလက်ဝမြို့နယ်ဖက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရခိုင်လက်နက်ကိုင်AA ပြန်ကြားရေးတာဝန်ခံခိုင်သုခက ပြောပါ တယ်။

“(၁၃)ရက်နေ့တုန်းကတော့ ပလက်ဝမြို့နယ်ရဲ့ အထက်ပိုင်း ပန်ခတောင်ကြောပေါ့။ အဲဒီမှာတိုက်ပွဲ အပြင်းထန် ဖြစ် တာရှိတယ်။ အဲဒီမှာရန်သူဖက်ကလဲ အကျဆုံး များတယ်။ နောက်ရန်သူ ဆီကနေပြီးတော့ ၆၀မမပြောင်းရှည်ပေါ့နော်။ အဲတာတွေအပါဝင် လက်နက်ပစ္စည်းတွေ သိမ်းဆီး ရမိတာရှိတယ်။”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရဗိုလ်မှူးကြီးဝင်းဇော်ဦးက ပလက်ဝမြို့နယ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်းအတည်ပြုပေမဲ့ တပ်မတော်ဖက်က ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။

မြန်မာ့တပ်မတော်နဲ့AAရခိုင်လက်နက်ကိုင်အဖွဲ့တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ် အတွင်းမှာ တိုက်ပွဲတွေအပါအဝင် ဗုံးခွဲတိုက်ခိုက်မှုတွေ နေ့စဉ်လိုလိုဖြစ်ပွားနေပါတယ်။

နှစ်ဖက်ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းဒေသခံပြည်သူ(၈၀)ကျော်သေဆုံးမှုဖြစ်ပွား ခဲ့သလို(၁၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရေး အတွက် တွေ့ဆုံညှိနှိုင်းနေခဲ့ပေမဲ့ တိုက်ပွဲတွေကတော့ရပ်တန့်နိုင်ခြင်းမရှိသေးပါဘူး။

ဒီလိုတိုက်ပွဲဖြစ်ပွားနေမှုကြောင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအတွက် တဖက်နဲ့တဖက်ယုံကြည်မှု အပိုင်းအားနည်းလာ စေတယ်လို့လဲ နိုင်ငံရေးလေ့လာသူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

...................

{Unicode)




















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG