သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တားမြစ်ထားတဲ့ကြားက ဖားကန့်မှာ ဥပဒေမဲ့ ကျောက်စိမ်းတူးဖော်မှု ရှိနေဆဲ


ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တခု။
ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တခု။

ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ခွင့်ကို အစိုးရက ဥပဒေအရ ထိန်းချုပ်ထားပေမယ့် လတ်တလောမှာတော့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် တူးဖော်မှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက VOA ကို ပြောပါတယ်။ ဒီလို တရားမဝင် တူးဖော်တဲ့ကိစ္စမှာ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပတ်သက်နေတာကို ကြည့်ရင် မြန်မာ့ငြိမ်းချမ်းရေး အလားအလာအတွက် အဟန့်အတားတွေ ဖြစ်စေတယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုံစမ်းမေးမြန်း တင်ပြထားပါတယ်။

မိုးတွင်းကာလမှာ အန္တရာယ်များတာကြောင့် ကျောက်စိမ်းလုပ်ကွက်တွေအားလုံး တူးဖော်မှု ၃ လရပ်ထားဖို့ အစိုးရက ညွှန်ကြားခဲ့တာပါ။ အခုလို မိုးရာသီကုန်ဆုံးချိန်မှာ အစားထိုး တူးဖော်ခွင့်တချို့ ပြန်ချပေးပေမယ့် စက်ယန္တရားကြီးတွေသုံးပြီး တရားမဝင် တူးဖော်မှု ရှိနေတယ်လို့ ဖားကန့်ဒေသခံလည်းဖြစ်၊ သတင်းထောက်တဦးလည်းဖြစ်တဲ့ ကိုဇော်မိုးထက်က ပြောပါတယ်။

“အဓိက ကျနော်တို့ ဖားကန့်မှာက တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေက ဆက်ရှိနေတယ်။ အဲဒါကို အစိုးရအနေနဲ့ လိုင်စင်သက်တမ်းတွေ တိုးမပေးတာ၊ ရပ်ရုံတင် ရပ်ထားတာမျိုး မလုပ်ဘဲနဲ့ သက်တမ်းကုန်တဲ့ လုပ်ကွက်တွေမှာလည်း တရားမဝင် တူးဖော်မှုတွေ မရှိအောင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့လိုတယ်။ တပ်မတော်အနေနဲ့ လုံခြုံရေးပေးသင့်တယ်။ ဒါမှလည်း ကျောက်စိမ်းရုံးက ဝန်ထမ်းတွေက တရားမဝင် ခိုးတူးတဲ့ကိစ္စတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နိုင်မယ်ပေါ့နော်။”

ဖားကန့်ဒေသမှာ ကျောက်စိမ်းအလွန်အကျွံ တူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာသလို စွန့်ပစ်မြေစာပုံမှာ ရေမဆေးကျောက် ရှာဖွေသူတွေ မြေပြိုမြေပိပြီး သေဆုံးမှု များလာတာကြောင့်လည်း ကျောက်တူးဖော်မှုကို ယာယီရပ်ဆိုင်းခဲ့တာပါ။ ၂၀၁၇ မြန်မာ့ကျောက်မျက်ဥပဒေအရ ဧက ဆယ်ဂဏန်း၊ ရာဂဏန်းရှိတဲ့ လုပ်ကွက်တွေကို တူးဖော်ခွင့် ပိတ်ထားပေမယ့် ၅ ဧကအရွယ် အလတ်စား လုပ်ကွက်တွေကိုသာ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ဒီသီတင်းပတ်တွေအတွင်း ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်မှုတွေဟာ ၅ ဧက အရွယ်အစားထက် ပိုကျယ်ပြန့်တဲ့ လုပ်ကွက်တွေဖြစ်ပြီး သက်တမ်းကုန်ဆုံးနေတဲ့ လုပ်ကွက်တွေဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ တရုတ်သူဌေးတွေက ဒေသခံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ခွင့်ပြုချက်ရယူပြီး နယ်မြေခံ အစိုးရစစ်တပ်၊ ရဲတပ်ရင်း၊ ကျောက်စိမ်းတူးဖော်မှု ထိန်းချုပ်ရေးရုံး စတဲ့ အာဏာပိုင်တွေနဲ့ ပေါင်းပြီး တရားမဝင် တူးဖော်နေတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတွေက VOA ကို ပြောပါတယ်။

လတ်တလော တူးဖော်မှုတွေဟာ အစားထိုးတူးဖော်ခွင့် ပြန်ပေးတာမှန်ပေမယ့် ၅ ဧကထက် ကျော်တာတွေကို ခွင့်ပြုထားတာမျိုး ရှိမရှိဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ရှင်းပြပါတယ်။

“ဒါ အရင် သက်တမ်း ၃ လ နားလိုက်တဲ့အတွက် အစားထိုး လုပ်ခိုင်းတယ်လို့ပဲ ကျနော် နားလည်ပါတယ်။ အစားထိုးသက်တမ်းသည် နဂိုအတိုင်းပဲ ဧကအများကြီးကိုပဲ လုပ်ခိုင်းတာလား၊ ဒါမှမဟုတ်ရင် အလတ်စား ၅ ဧကကိုပဲ တူးခိုင်းတာလား ဆိုတာကတော့ သိပ်ပြီးတော့ ရေရေရာရာ မရှိသေးတဲ့ ပုံစံမျိုး တွေ့ရတယ်ဗျ။”

ဖားကန့်မှာ သက်တမ်းကုန်ဆုံးသွားတဲ့ ကျောက်တူးဖော်ရေး လုပ်ကွက်ဧရိယာ ၇၀% လောက်ရှိပြီး တူးဖော်ခွင့်သက်တမ်း ထပ်မတိုးပေးတာကြောင့်လည်း တရားမဝင် တူးဖော်မှုတွေ ဆက်ရှိနေပေမယ့် အစိုးရအနေနဲ့ ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်း မရှိသေးဘူးလို့ ဦးတင်စိုးက ပြောပါတယ်။

“အကြီးအကျယ် ခိုးတူးနေတဲ့ ကိစ္စတွေက ကျနော် လွှတ်တော်မှာကို ဒီကိစ္စတွေ ဆွေးနွေးပြီးပြီလေ၊ ပြောပြီးပြီ၊ တင်ပြပြီးပြီ။ ဒါပေမယ့် ဆောင်ရွက်မှုက အစိုးရအဖွဲ့ရဲ့ တာဝန်ပဲဖြစ်တယ်။ အောက်ခြေမှာလည်း နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ဖို့ အတွက်ကတော့ ဝန်ကြီးဌာနရဲ့ တာဝန်ပဲဖြစ်တယ်။ ဒီမှာ တပ်မရှိတယ်၊ ရဲတပ်ရင်း ၃ ရင်းရှိတယ်၊ ဒီကြားထဲမှာမှ ဒီလောက်အထိ ခိုးတူးနေတာဟာ ဘာကြောင့်လဲဆိုတာကိုပါ ကျနော် ထောက်ပြခဲ့တာ ရှိပါတယ်။ နိုင်ငံတော်ရဲ့ အကျိုးစီးပွားထက် မိမိရဲ့ အကျိုးစီးပွားကိုပဲ ရှေ့ဦးတည်ပြီး လုပ်နေတဲ့လူတွေ ရှိနေသရွေ့ကတော့ ကျနော်တို့ ဒါတွေဟာ အကောင်အထည်ဖော်ဖို့ဆိုတာ ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။”

တကယ်တော့ ကချင်ပြည်နယ် အပါအဝင် အခြား နယ်စပ်ဒေသတွေမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား စစ်ပွဲဖြစ်နေရတဲ့ အကြောင်းရင်းတွေထဲမှာ သယံဇာတ ထုတ်ယူရေးနဲ့ ပတ်သက်လို့ ထိန်းချုပ်မှု ရနိုင်ရေးလည်း ပါဝင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ဒါပေမယ့် လတ်တလော ဖားကန့်ဒေသက လက်နက်ကိုင်အုပ်စုတွေ ပေါင်းပြီး တရားမဝင် ကျောက်တူးဖော်ရေး လုပ်နေတာကို ကြည့်ရင် မပြီးဆုံးနိုင်သေးတဲ့ မြန်မာ့ငြိမ်းချမ်းရေးမှာ ရိုက်ခတ်မှု ရှိစေလိမ့်မယ်လို့ သုံးသပ်ကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ကိုဂွန်ဆမ်းက ပြောပါတယ်။

“KIO ကနေ ကျောက်တူးတာတော့ ကျနော် မကြားဖူးဘူး။ ဒါပေမယ့် KIO ကလည်း အခွန်ကောက်တာတော့ ကြားဖူးပါတယ်။ ၉၀ နောက်ပိုင်းမှာ ဖားကန့်တွင်းကို ရောင်းတာက အဓိက စစ်တပ်ပါ။ စစ်တပ်ကနေပြီးတော့ စည်းကမ်းတွေဖောက်ပြီး ကျောက်တွေ ပရမ်းပတာတူးတာတွေ မြင်တွေ့ရတယ်။ အဲတော့ ဦးပိုင်မရှိရင်တော့ ဒီပြဿနာ က လွယ်ပါတယ်။ ပြေလည်သွားမှာပါ။ စစ်တပ်ကလည်း တိုင်းရင်းသားဒေသ ဆိုပေမယ့် တိုင်းရင်းသားတွေနဲ့ မခွဲဝေချင်ဘူး။ ကိုယ်ကိုယ်တိုင် အကုန်လုံးပိုင်ချင်တဲ့ စိတ်ဓာတ်ရှိတယ်။ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ စီးပွားရေးဆိုတော့ ဒီအစိုးရကနေပြီးတော့ Corruption နဲ့ ပတ်သက်ပြီးမှ တကယ့်ကို ထိထိရောက်ရောက် ကိုင်တွယ်လာမယ်၊ စစ်တပ်ကလည်း တကယ့်ကို အစိုးရရဲ့ အမိန့်အောက်မှာ လိုက်နာရမယ့် အခြေအနေ ရောက်သွားမှပဲ သယံဇာတ ခွဲဝေမှုတို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ တကယ့်ကို ထိရောက် တိုးတက်မှုမှာ အားနည်းနေတာပေါ့။ ပြည်သူလူထုက တင်မြှောက်တဲ့ အစိုးရအောက်မှာရှိတဲ့ စစ်တပ်ရှိမှပဲ ငြိမ်းချမ်းရေး တိုးတက်မှုရှိလာမယ်လို့ပဲ ကျနော် သုံးသပ်ရပါတယ်။”

လက်ရှိ ဖားကန့်က တူးဖော်မှုနဲ့ပတ်သက်လို့ ပိုသိရအောင် ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးလရှီဒါဆိုင်းကို VOA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

--------------------------

(Unicode)














တိုက်ရိုက် လင့်ခ်


XS
SM
MD
LG