သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ကျောက်တွင်း မြေပြိုမှု လူအများအပြား ပျောက်ဆုံး


ဖားကန့် မြေစာပုံပြိုကျတဲ့မြင်ကွင်း။ (ဇူလိုင် ၁၄၊ ၂၀၁၈၊ ဓာတ်ပုံ- ဇော်မိုးထက်)
ဖားကန့် မြေစာပုံပြိုကျတဲ့မြင်ကွင်း။ (ဇူလိုင် ၁၄၊ ၂၀၁၈၊ ဓာတ်ပုံ- ဇော်မိုးထက်)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်တူးတဲ့ ကျင်းနေရာတခုမှာ မြေသားနံရံ ပြိုကျတာကြောင့် လူတွေရာနဲ့ချီ ပျောက်ဆုံးနေပြီး အသက်ရှင်ပြန်တွေ့ဖို့မလွယ်ကြောင်း ဒေသခံတွေကပြောပါတယ်။ ကျောက်တူးတဲ့ လုပ်ကွက်တွေမှာ ခုလို မြေပြိုကျမှုတွေနဲ့ သေဆုံးမှုတွေ မကြာခဏ ဖြစ်လေ့ရှိပြီး ဖြစ်ပွားမှုတိုင်းမှာလည်း သက်ဆိုင်ရာ အာဏာပိုင်တွေ ဘက်က ကူညီကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်မှု အားနည်းသလို ကျောက်စိမ်းတူး ကုမ္ပဏီတွေ အပေါ် ဥပဒေအရ ထိန်းကွပ်မှုလည်း အားနည်းနေတုန်းပဲလို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက်မေခက စုစည်းတင်ပြထားတာပါ။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဗလခရွာအနီးမှာရှိတဲ့ သက်တမ်းလွန် လုပ်ကွက်နဲ့ တူးဖော်ဆဲလုပ်ကွက်ကြားက မြေသားနံရံ တနင်္လာနေ့ ညက ပြိုကျခဲ့တာပါ။ ဗလခမှော်လို့ အမည်ပေးထားတဲ့မှော်မှာ ညဉ့်နက်ပိုင်း ၁၁ နာရီ အချိန်လောက်က ဖြစ်ခဲ့တာပါ။ ကျင်းနံရံပြိုကျပြီးတော့ အပေါ်မှာရှိတဲ့ အရင်နှစ်က လုပ်ကွက်ဟောင်း ဒေသအခေါ် နွံကန်ကြီးက ပေါက်ကျလာခဲ့တာပါ။

မြေပြိုကျခဲ့တာနဲ့ ပတ်သတ်လို့ ဖားကန့် ဆိပ်မူအရပ်က ဒေသခံလည်းဖြစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ကိုင်နေတဲ့ ကိုနောင်လတ်ကတော့ သေဆုံးသူတွေ အနည်းဆုံး ရာချီနိုင်တယ်လို့ ခန့်မှန်းကြောင်း ပြောပါတယ်။

"အခုလောလောဆယ်ကတော့ ကုမ္ပဏီဘက်က ဆယ်ယူနေတဲ့ အနေအထားမှာရှိတယ်။ ၃ဦး လောက် အသက်ပျောက်ကို ဆယ်နိုင်ခဲ့တယ်။ ကျနော် ခုနသွားကြည့်တုန်းကပေါ့။ ကျနော်ကတော့ ရာပိုင်းလောက် ခန့်မှန်းတယ်နော်။ ဘာလို့ဆို အဲမှာကလူတွေ အများကြီးရှိနေတာ။ ကုမ္ပဏီတွေ စုနေတဲ့ အချိန်၊ မီးလှုံနေတဲ့ အချိန်၊ လုပ်ငန်းခွင်ခဏ နားချိန်ဆိုတော့ ကြားထဲမှာ မျက်မြင်သက်သေတွေ ပြောအရဆို အများကြီး ဟုတ်တယ်။"

လက်ရှိအချိန်ထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတာမှာ သေဆုံးသူ ကျောက်တူး ကုမ္ပဏီဝန်ထမ်း ၃ဦးရဲ့ အလောင်းသာ ရှာဖွေနိုင်သေးပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ရာမှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခု ပျောက်ဆုံးနေသူတွေဟာ ကချင်အမျိုးသား တိုးတက်ရေးကုမ္ပဏီ၊ နဂါးကိုး ကောင်ကုမ္ပဏီ၊ ယူနတီကုမ္ပဏီနဲ့ မြန်မာသူရ ကုမ္ပဏီ လေးခုက ဝန်ထမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်လို့ အစိုးရပိုင်း တာဝန်ရှိသူတွေရဲ့ ကူညီကယ်ဆယ်ရေးပိုင်း လုပ်ဆောင်ပေးမှု အားနည်းတယ်လို့လည်း ကိုနောင်လတ်က ပြောပါတယ်။ ဒါ့အပြင် အခုလိုဖြစ်စဉ်တွေ ဖြစ်တာမှာ ကုမ္ပဏီတွေရဲ့ အားနည်းမှုကြောင့် ဆိုတာ မှန်ပေမယ့် သက်ဆိုင်ရာအစိုးရာ တာဝန်ရှိသူတွေဘက်ကလည်း စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာဆောင်ရွက်မှု မရှိတဲ့ ကုမ္ပဏီတွေကို ဥပဒေကြောင်းအရ အရေးယူမှုအားနည်း တယ်လို့ ကိုနောင်လတ်က ဆိုပါတယ်။

"ကျာက်မျက် ဥပဒေအခန်း ၁၄၊ အထွေထွေမှာပါတယ်။ ရတနာထုတ်တဲ့ လုပ်ငန်းလုပ်တဲ့ အခြေအနေမှာ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးနဲ့ ဒေသခံတွေ ထိခိုက်မှုနည်းအောင်လုပ်ရမယ် လို့ဆိုထားတယ်။ ဒီပုံစံလေးတွေက ဘာကြောင့်မှု မလိုက်နာတာလဲ။ မနေ့ညကဖြစ်တဲ့ကိစ္စက ရေမ ဆေးသမားတယောက်မှမပါဘူး။ ကုမ္ပဏီ ဝန်ထမ်းတွေချည်းဘဲ။ ဘာကြောင့်မို့ ကျန်းမာရေး၊ အသက်အန္တရာယ် မထိခိုက်နိုင်အောင် မလုပ်ပေးနိုင်တာလဲ။ ထိခိုက်အောင် လုပ်တာမှာ ဘာကြောင့် တွင်းနက်တွေကို ချန်ထားခွင့်ပြုသလဲ။ သက်တမ်းကုန်တာဘာလို မြေပြန်မဖို့ပေးတာလဲ။ ဆက်မြဲဆက်ဖြစ်မယ့် အနေအထားဖြစ်နေတယ်။ တကယ်တမ်း ကျောက်မျက် ဥပဒေအရဆို တကယ်တမ်း ကျေအေးပေးလို့မရတဲ့ ပေါ့ဆမှုပဲ။ အဲဒါကြောင့် ဥပဒေအရ အရေးယူစေချင်တာပေါ့နော်။"

အခုပြိုကျခဲ့တဲ့ ကျင်း နေရာရဲ့ ဘေးပတ်ပတ်လည်က တောင်နံရံတွေ ဖြစ်နေတာကြောင့် ဝန်ထမ်းတွေအတွက် ပြေးစရာလမ်း မရှိခဲ့ဘူးလို့ ဖားကန့် ဆိပ်မူကျေးရွာက ဦးရွှေသိန်းက ဆိုပါတယ်။

မြေပြို ကျမှုဟာ ဖားကန်ဒေသမှာ မကြာခဏ ဆိုသလိုဖြစ်နေပြီး ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလအတွင်းကလည်း လူ ၃၀ လောက် အသက် သေဆုံးခဲ့ရပါသေးတယ်။ ဒီလိုမကြာခဏ ဖြစ်နေပေမယ့် ပြည်နယ်အစိုးရဘက်က ကြပ်မတ်လုပ်ဆောင်တာတွေ အားနည်းနေတာကြောင့် အခုလို ဆက်လက်ဖြစ်ပွားနေရတာ ဖြစ်တယ်လို့ ဦးရွှေသိန်းကဆိုပါတယ်။

"အဓိကထောက်ပြရမှာကတော့ လက်ရှိ ပြည်နယ်အစိုးရပိုင်းပေါ့ဗျာ။ နောက်တခုကတော့ ဒုတိယကတော့ ဖားကန့်ြမို့နယ်က လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အပိုင်းပေါ့ဗျာ။ ပြောချင်တာကတော့ နှစ်စဉ်နှစ်တိုင်း လူအသေအပျောက်များတဲ့ ဖြစ်စဉ်တိုင်း ထပ်ခါထပ်ခါ ဖြစ်နေရတဲ့ အကြောင်းအရင်းကတော့ မြေပြင် ခင်းကျင်းအရ ထိရောက်တဲ့ အုပ်ချုပ်ရေးတွေ ထိရောက်တဲ့စီမံ ခန့်ခွဲမှုတွေ၊ သတ်မှတ်တဲ့ ဥပဒေနည်း ဥပဒေစည်းမျဉ်းစည်းကမ်း လိုက်နာမှုပိုင်းတွေမှာ စနစ်တကျ လိုက်နာပေးမှု အကောင်အထည် ဖော်မှုပိုင်းတွေမှာ အာနည်းချက်တွေ ရှိနေသလို လမ်းညွှန်မှုနဲ့ အသက်ဝင်မှုပိုင်းတွေမှာ အတော်လေး အားနည်းတယ်လို့ ပြောလို့ရပါတယ်။"

ဒီကနေ့ ကျင်းပြိုကျမှုအတွင်း ပျောက်ဆုံး သေဆုံးသူအရေအတွက် အတိအကျကိုတော့ သေချာ မသိရသေးပါဘူး။

လောလောဆယ် ကနဦးရရှိတဲ့ စာရင်းအရကတော့ - မြန်မာသူရကုမ္ပဏီက ဝန်ထမ်း လူ၂၈ဦး၊ နဂါးကိုးကောင်က ၂၆ဦး ပေါင်း အယောက် ၅၀ကျော် ပျောက်ဆုံးနေပြီး ဘက်ဟိုးယာဉ် ၁၆ စီးနဲ့ မြေသယ်ယာဉ် ၁၉ စီး ပျောက်သွားကြောင်း စာရင်း ကောက်ထားနိုင်တယ်လို့ ဖားကန့်မြိုနယ် ရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ နောက်ထပ် အပျောက်အဆုံး သတင်းကိုစုံစမ်းနေတယ်လို့ ဆိုပါတယ်။ မကြာသေးခင်က သဘာဝသယံဇာတ ဝန်ကြီးသစ်ဖြစ်လာတဲ့ ဒါရှီလဆိုင် ကတော့ မြေပြိုကျတဲ့နေရာကို ကိုယ်တိုင် သွားရောက်ကြည့်ရှုဖို့ ခုညနေပိုင်းမှာပဲ ဖားကန့်ဒေသကို သွားနေပြီလို့ ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG