သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဖားကန့်မြေပြိုမှု ရုပ်အလောင်း (၇) လောင်း ထပ်မံရှာဖွေရရှိ


24/07/2018 ပေ ၄၀၀ အမြင့်မှ မြေသား ပြိုကြသည့် နေရာ မမုံ အနောက်ဖက် မြင်ကွင်း (ဓာတ်ပုံ- Nawng Latt JangMaw)

ကချင်ပြည်နယ် ဖါးကန့်မြို့နယ် ကျောက်စိမ်းတူးဖေါ်ရေးလုပ်ကွက်က ကမ်းပါး မြေပြိုကျခဲ့ရာမှာ ပျောက်ဆုံး သူတွေအထဲက သေဆုံးသူ (၇) ဦး အလောင်းကို ဒီကနေ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ အကူညီပေးအဖွဲ့တွေက ပြောပါတယ်။ ကယ်ဆယ်ရေး အပိုင်းမှာက ဖေါင်တွေနဲ့လိုက်လံဆယ်နေရတဲ့ အခြေအနေမှာ ရှိနေပြီး စာရင်းအရ ပျောက်ဆုံးသူ (၂၇) ဦးအနက်က မနေ့ကနဲ့ ဒီကနေ့အထိ အလောင်း (၁၈) လောင်းရရှိထားပြီးဖြစ်ပါတယ်။ အကြောင်းစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က မြေကမ်းပါးပြိုမှု ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် ဖါးကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကျောက်စိမ်း နန်းတော် လုပ်ကွက်ဟောင်းက မြေပြိုတဲ့ အထဲ ပါဝင်သွားတဲ့ ကျောက်တူးသမားတွေအနက်က ဒီကနေ့မှာ (၇) လောင်း ထပ်မံ ဖေါ်ထုတ်ရရှိခဲ့တယ်လို့ Green Land သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ ဥက္ကဋ္ဌ ကိုနောင်လတ် ဂျမ်မော်က အခုလိုပြောပါတယ်။

“ဒီမနက် (၆) နာရီခွဲကနေ ခုချိန်ထိတော့ (၇) လောင်းတော့ပေါ်တယ်။ အခုပေါ်မဲ့ ဟာတွေကိုပဲ ပြန်ကောက်နေ ကြတယ်ပေါ့။ မြေပြိုပြီးရေမြုတ်တဲ့အထဲမှာပေါ်တာ (၁၈) လောင်းတော့ရှိပြီ။”

မနေ့ကရှာဖွေခဲ့ရာမှာ (၁၁) လောင်းရရှိရရှိပြီး အခုဆိုပျောက်ဆုံးနေတဲ့ ရေမဆေး ကျောက် ရှာဖွေသူ (၁၈) ဦးအလောင်း ရှာဖွေတွေ့ရှိခဲ့တာပါ။ ပြီးခဲ့တဲ့အင်္ဂါနေ့က ကျောက်စိမ်းနန်းတော်လုပ်ကွက်ဟောင်းက မြေကမ်းပါး ပြိုခဲ့ပြီး ဖါးကန့်မြို့နယ် မမုံ၊ ဖားပြင်၊ မက်လင်ချောင်စတဲ့ကျေးရွာတွေက ရေမဆေးရှာဖွေသူ (၂၇) ဦးထိ ပျောက်ဆုံးသွားကြောင်း လူပျောက် တိုင်ကြားခဲ့ပါတယ်။

မြေအောက်နစ်မြုပ်နေသူတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးအပါအ၀င် ကူညီရေး အသင်း အဖွဲ့တွေကနေ ရှာဖွေနေ ဆဲဖြစ်ပြီး မိုးရွာနေတဲ့အခြေအနေကြောင့် ရှာဖွေရခက်ခဲနေတယ်လို့ ကိုနောင်လတ်ဂျမ်မော် ကပြောပါတယ်။

“ရှာဖွေရေးတော့ သူတို့က ဘက်ဟိုးနဲ့ပြန်ပြီးတော့ထုတ်မယ်ဆိုရင်လည်း ဒီမြေတုန်ခါအားနဲ့ မြေကပြန်ပြီးတော့ ပြိုမယ့် အလားအလာရှိတယ်။ ဒီမနက်မိုးကလည်းရွာသေးတယ်ဆိုတော့။ ဖေါင်နဲ့ပဲ ပေါ်လာတဲ့လူတွေကို လိုက်ဆယ်နေတာ။ အဲဒီလောက်ပဲရှိတယ်။”

အခုလို ဖားကန့်ဒေသကျောက်စိမ်းတွင်းမှာ မြေစာပြိုကျမှုကြောင့် လူအစုလိုက် အပြုံလိုက် မကြာခန သေကြေ ပျက်စီးနေတဲ့အပေါ် ကျောက်စိမ်းတူးဖေါ်ရေး လုပ်ငန်းတွေမှာ အစိုးရကိုင်တွယ်ပုံစည်းစံနစ်မကျဘူးလို့ သဘာဝ ပတ်ဝန်းကျင် အရေး လှုပ်ရှားသူတွေက ပြောဆိုမှုတွေရှိနေပေမယ့် ရေမဆေးကျောက် ရှာဖွေ သူတွေ စည်းကမ်း လိုက်နာမှု အားနည်းနေတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတာရှီလဆိုင်းက ပြောပါတယ်။

“တိုင်းနဲ့ပြည်နယ် (၁၄) ခုက အသီးသီးကရောက်လာတဲ့ လူတွေကျသူတို့ရဲ့ နယ်မြေ ဒေသမှာ ငွေရေးကြေးရေး အခက်ခဲရှိတော့ ကျနော်တို့ဒီဒေသမှာ ကောက်သိမ်းရင်း ရှာဖွေရင်းနဲ့ပေါ့။ သူတို့ရဲ့ဝမ်းစာရေးက လွယ်ကူတဲ့ အချိန် ကျတော့ ဒီမှာရောက်ရှိတဲ့အနေအထားကျတော့လေ။ အစိုးရကတော့ သူတို့ကို ပြောပြတာပေါ့နော်။ ဒီလို ဘေးအန္တရာယ်ရှိတဲ့အနေအထားတွေ နဲ့ပတ်သက်ပြီးမှ ပြောပြလေ့ရှိတာပေါ့။ ပြီးတော့တားမြစ်စာတွေလည်း ကပ်ထား တာရှိတာပေါ့။ သို့သော်လည်း အဲဒီမှာရှိတဲ့အခြေခံလူတန်းစားတွေ အဲဒီမှာအလုပ်လုပ်နေတဲ့ လူတွေက လိုက်နာမှုပိုင်းဆိုင်ရာ အားနည်းတဲ့အခြေကျတော့ အခုလိုဖြစ်ရ တာပေါ့နော်။”

ကချင်ပြည်နယ်အတွင်းကကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းတွေမှာ အစိုးရအနေနဲ့ စံနစ်တကျကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ကချင်အမျိုးသားကွန်ကရက်ပါတီက ဦးလဖိုင်အောင်လ ပြောပါတယ်။

“ဥပဒေစိုးမိုးမှုအရေးကြီးပါတယ်အဲဒီဘက်က။ ဒီလောက်အန္တရာယ်ရှိတဲ့ ကျင်းတွေ ကို မိုးတွင်းအချိန်မှာ ပိတ် ထားဖို့ ကျနော်တို့ အလိုရှိပါတယ်။ ဒီသတ္တုတွင်းဝန်ကြီး ဌာနကလည်း ရဲတွေဘာတွေနဲ့ တားမြစ်နေရာလို့ ပြော လို့ရှိရင် တချက်။ နောက် တချက်က သူတို့ရေမဆေးသမားတွေကိုလည်း မှတ်ပုံတင်နဲ့ကောင်းကောင်း အ၀င် အထွက်ဂိတ်မှာ စစ်ဆေးလို့ ရှိရင် ဒီလောက်အထိလူတွေများမှာ ကျနော် မထင်ဘူး။ သူတို့ကို မှတ်ပုံတင်ကဒ်နဲ့ ဘာနဲ့ ကောင်းကောင်း လုပ်လို့ရှိရင် ဒီလောက်အထိသေကြေမယ်လို့ ကျနော်တော့မယူဆပါဘူး။”

ဖါးကန့်မြို့နယ်အတွင်း သက်တမ်းကုန်လုပ်ကွက် ပိတ်သိမ်းလုပ်ကွက်တွေကို အုပ်ချုပ်ရေးယန္တရားက ထိ ရောက် စွာ ပိတ်သိမ်းပေးဖို့ လက်လုပ်လက်စား လုပ်ကွက်တွေ ဥပဒေနဲ့အညီ အမြန်ချထားပေးဖို့ လက်ရ လွှတ် တော်မှာ ကျောက် မျက်ရတနာဥပဒေ အမြန်ဆုံးရေးဆွဲပြဌာန်းဖို့ကို ကချင် အမျိုးသား ကွန်ဂရက် ပါတီကနေ မနေ့က ကျေ ညာချက်ထုတ်ပြန်ထားပါတယ်။

ဖါးကန့်ဒေသအတွင်းမှာ ရေကြီးမြေပြိုမှုတွေ လူသေဆုံးမှုတွေ အစဉ်လိုဖြစ် ပွါး နေပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ ဖားကန့်ဒေသထဲ မြေပြိုကျမှုကြောင့် သေဆုံး သူပေါင်း ၁၂၀ ကျော်အထိ ရှိခဲ့ပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG