သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံးခင်းဗလီ ဖျက်ဆီးမှုအတွက် သံသယရှိသူ ၆ ဦးကို ဖမ်းဆီး


ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ဝတ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ဝတ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal)

ကချင်ပြည်နယ် ဖားကန့် လုံးခင်းဘက်မှာ ယာယီအစ္စလမ်ဘာသာဝတ်ပြုကျောင်း အဆောက်အဦးကို ဖျက်ဆီးခဲ့တယ်လို့ သံသယရှိသူ ၆ဦး ကို ဖမ်းဆီး စစ်ဆေးမှုတွေလုပ်နေပါတယ်။ဖမ်းဆီးခံရတဲ့အထဲ အမျိုးသမီးတဦးလည်း ပါဝင်ပါတယ်။ ဖမ်းဆီးထားသူ ၆ ဦးကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၅၊ ဆူပူအောင် လှုံ့ဆော်မှု ပုဒ် ၁၁၄ တို့ဖြင့် အမှုဖွင့် ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းဌာနက မေခက စုစည်းတင်ပြထားပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်ခရိုင် လုံးခင်းရွာရှိ အစ္စလမ်ဘာသာဝတ်ပြုဆောင်ကို ဖျက်ဆီးခဲ့တယ်လို့ သံသယရှိသူ ၆ ဦး ကို ဖမ်းဆီးကာ အရေးယူဖို့စစ်ဆေးနေတယ်လို့ လုံးခင်းမြို့နယ် ရဲတပ်ဖွဲ့ထံကပြောပါတယ်။ ခေါ်ယူစစ်ဆေးမှုနဲ့ပတ်သတ်ပြီး လုံးခင်း ရဲတပ်ဖွဲ့ကတာဝန်ရှိ သူတဦးကအခုလိုပြောပြပါတယ်။

“ဟုတ်တယ်ခင်ဗျ။ လူ ၆ ယောက်ကို အခုဖမ်းဆီးစစ်ဆေးနေတယ်ခင်ဗျ။ ပုဒ်မ ၁၄၅၊၄၃၆၊၁၁၄ နဲ့ဖွင့်ထားတယ်။ သူတို့ကတော့ ဘယ်လိုပြောသလဲဆိုတော့ ဒီဒေသမှာပေါ့နော် မြေလွတ်၊မြေရိုင်းတွေ ပေါ်မှာ ခွင့်ပြုချက်မရှိပဲနဲ့ဆောက်ထားတဲ့ ဝတ်ပြုဆောင်လည်းဖြစ်တယ်။ နောက်ပြီးတော့ ဒီဒေသမှာမရှိသင့်ဘူးပေါ့နော် အဲဒါကြောင့်မို့လို့ သူကလည်း ဘာရယ်လို့မဟုတ်ဘူးပေါ့ ဒီပြင့်လူတွေ သွားလို့ သူတို့လည်း လိုက်သွားပြီးတော့ ခဲနဲ့ပေါက်တယ် အဲဒါမျိုးလေးတွေ။ အခုလောလောဆယ်ဖမ်းထားတဲ့ ၆ ယောက်ကတော့ လုံးခင်းကျေးရွာအုပ်စုကပဲခင်ဗျ။ အဲဒီမှာပဲနေတဲ့လူတွေမို့ကျနော်တို့သိတာ။ တချို့လူတွေကိုတော့ လူတွေပဲတွေ့ပြီးတော့ သူတို့ နံမည်တို့ နေရပ်လိပ်စာတို့ မသိတဲ့အတွက်ကြောင့်မို့ ဖမ်းဆီးစစ်ဆေးတာတွေမရှိသေးဘူး။”

လက်ရှိမှာတော့ အခင်းဖြစ်ပွားရာနေရာမှာ ပုဒ်မ ၁၃၃ ထုတ်ထားဆဲပါ။ လတ်တလောအခြေအနေနဲ့ပတ်သတ်ပြီး ဖားကန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက အခုလိုပြောပြပါတယ်။

“ပုံမှန်အနေအထားပြန်ဖြစ်နေပါပြီ။ အဲဒီမှာကျနော်တို့ ပုဒ်မ ၁၃၃ ထုတ်ထားတယ်။ အဲဒီမှာ ဖြတ်သန်းသွားလာလို့မရဘူး ကန့်သတ်ထားတယ်။ ဆိုင်းဘုတ်တွေလည်းချိတ်ထားပါတယ်။ အဲဒီမှာတံတားကြီးလေ ကျနော်တို့လုံးခင်းကိုဖြတ်သွားတဲ့ ကွန်ကရစ် တံတားကြီး ရှိနေတဲ့အခါကျတော့ အဲဒီတံတားကြီးမှာလည်းပဲ မနက် ၆ နာရီကနေ၊ ည၆ နာရီ ဖြစ်သန်းသွားလာခွင့်ပိတ်ထားပါတယ်။ အဲဒီ ဘာသာရေးအဆောက်အဦးပတ်ဝန်းကျင်အားလုံးကိုလည်း သွပ်တွေနဲ့ ကာရံထားပြီးတော့မှ ပုဒ်မ ၁၃၃ မည်သူမှဝင်ခွင့်မရှိ နယ်မြေအဖြစ်ကန့်သတ်ပြီးတော့ ဆိုင်းဘုတ်တွေ လေးဘက်လေးရံ ကပ်ထားပါတယ်။”

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စုထဲမှာရှိတဲ့ လယ်ပြင် ကျေးရွာက အစ္စလမ်ဘာသာ ဝတ်ပြုကျောင်း ဆောက် လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေကြား အငြင်းပွားမှုတွေ ဖြစ်ပွားရာ ကနေ ပြီးခဲ့တဲ့ သောကြာနေ့ ညနေ ၄ နာရီ ဝန်းကျင် လောက် မှာတော့ လူအုပ်စု အင်အား ခန့်မှန်း ၅၀၀ လောက် စုဝေးပြီး အဲ့ဒီ လုံးခင်းကျေးရွာမှာရှိတဲ့ အစ္စလမ်ဘာသာဝတ်ပြုကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။

ဒီမတိုင်ခင် သီတင်းပတ်အစောပိုင်း ဇွန်လ (၂၃) ရက်နေ့ကလည်း ပဲခူးတိုင်း သူရဲသမိန်ကျေးရွာမှာ အချင်းချင်းစကားများရာကနေ အစ္စလမ်ဘာသာဝင်တွေရဲ့ ဗလီအဆောက်အဦး အတွင်းပိုင်းတချို့ကို တိုက်ခိုက် ဖျက်ဆီးခဲ့တဲ့အပြင် အချင်းဖြစ်ပွားခဲ့တဲ့ အစ္စလမ် ဘာသာဝင်ရဲ့ပိုင်ဆိုင်မှု အဆောက်အဦးနဲ့ ပစ္စည်းတွေကို ဖျက်ဆီးပစ်ခဲ့ကြတာတွေရှိခဲ့ပါတယ်။ ဒါပေမယ့်ဒါဟာ အချင်းချင်းစကားများရာ ကနေဖြစ်တာကတကြောင်း အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့လည်း လာရောက်တိုင်ကြားမယ့်သူ မရှိတဲ့အတွက် ကျူးလွန်သူတွေကို အရေးယူခြင်း မရှိခဲ့ဘူးလို့ ပဲခူးတိုင်းဒေသ ရဲမှူးကြီး မျိုးမင်းထိုက်က သတင်းထောက်တွေကို ဇွန်လ (၂၈) ရက်နေ့က ပြောကြား ခဲ့ပါတယ်။

မနေ့က ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကတော့ဖြစ်ပွားခဲ့တဲ့ ပဲခူးနဲ့ လုံခင်းကိစ္စကို အကြမ်းဖက်တိုက်ခိုက်မှုလို့ ဘဲသတ်မှတ်ထားတာကြောင်း၊ ဒီလိုတွေ ထပ်မဖြစ်ပေါ်အောင် အစိုးရအနေနဲ့ ကာကွယ်တားဆီးဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် ပဲခူးမှာဖြစ်ပွားခဲ့တဲ့ ကိစ္စကိုလည်း စုံစမ်းစစ်ဆေးဖို့ လိုတယ်လို့ တိုက်တွန်းထားခဲ့ပါတယ်။ လက်ရှိကတော့လုံခင်းကိစ္စကစစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေးပြီးမှသာ ဆက်လက်အရေးယူမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG