သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ကြောင့် ဒုက္ခသည်အပြင် မြေမြုပ်မိုင်းအန္တရာယ်ပါတိုးလာ


မြေမြုပ်မိုင်းတခု
မြေမြုပ်မိုင်းတခု

မြန်မာအစိုးရတပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖဲွဲ့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်းမှာတော့ ထောင်ထား တဲ့ မြေမြုပ်မိုင်းနင်းလို့ ဒေသခံ ရွာသားအမျိုးသမီးတဦး မနေ့က သေဆုံးခဲ့ပြီး ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့အခြေအနေအပြင်၊ မြေမြုပ်မိုင်းတွေ ထောင်လာကြလို့လည်း ဒေသခံတွေကို ထိခိုက်သက်ရောက်မှုတွေ ရှိလာပါတယ်။ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက မတည်ငြိမ်တဲ့ စစ်ရေးဂယက် နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိန်က စုံစမ်းမေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၁ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံမှာ KIA အပါအဝင် မြောက်ပိုင်းတိုင်းရင်းသား မဟာမိတ်တွေ တတ်ရောက်လာတာမို့ ငြိမ်းချမ်းရေးအတွက် မျေျာ်လင့်စရာတွေ ရှိလာပေမယ့်၊ KIA နဲ့ မြန်မာအစိုးရအကြား တိုက်ပွဲတွေကတော့ မနေ့ကအထိ မရပ်သေးပါဘူး။ ကချင်ပြည်နယ်၊ ဖားကန့် ဒေသမှာ မနေ့ကအထိ တိုက်ပွဲတွေ ရှိနေတယ်လို့ ဒေသခံ ကိုနောင်လတ် က ဗွီအိုအေကို ပြောပါတယ်။

"မနေ့တုန်းကတော့နမ့်ဒင်းဘက်မှာပစ်ကြတယ်။ တပ်မဟာ(၉)လက်အောက်ခံရင်း(၆)နဲ့ ကျွန်တော်တို့တပ်မ(၃၃) လက်အောက်ခံ တပ်အမည်တော့မသိဘူး။ အဲဒီမှာဖြစ်ကြတာပေါ့နော်။"

ကချင်ပြည်နယ် ဖါးကန့်မြို့နယ်နဲ့တနိုင်းမြို့နယ်တွေမှာ တပ်မတော်နဲ့တိုက်ပွဲထိတွေ့မှုတွေရှိနေဆဲလို့လည်း KIA ဘက်က ဗိုလ်မှူးကြီး ဇော်ဂမ် ကပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေ ဖြစ်လာသလို၊ အချို့နေရာတွေမှာ ဒေသခံတွေ အနေနဲ့ မြေမြုပ်မိုင်း အန္တရာယ်ကိုပါ ကြုံလာရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ မုံစီးကျေးရွာအုပ်စု မန်ကျယ်ရွာသား(၃)ဦး မိုင်းနင်းမိတာ ကြောင့် သေဆုံးဒဏ်ရာရမှုတွေဖြစ်ပွါးခဲ့တယ်လို့ လူနာနဲ့နီးစပ်သူ မတော့မိုင် ကပြောပါတယ်။

"သူတို့ကဖြစ်တာမနေ့က(၅)နာရီလောက်ကပေါ့နော်။ ဒီနေ့တော့လားရှိုးဆေးရုံရောက်လာတယ်။ ကျွန်မတို့သွားကြည့် တော့လူနာက(၂)ယောက်။ ထိတာက(၃)ယောက်ပေါ့နော်။ တယောက်ကချက်ချင်းဆုံးသွားတယ်အဲဒီမှာ။ အခုပလားရှိုး ဆေးရုံမှာ(၂)ယောက်။ သူတို့ဒဏ်ရာအခြေအနေကျတော့ ဦးလဒွဲကျတော့ ညာဘက်ခြေထောက်ခြေသလုံးမှာဖြစ်တာ။ မိုင်းစဝင်သွားတာပေါ့နော်။ ဒေါ်ဆိုင်းမိုင်ကျတော့ ညာဘက်ပေါင်ထဲမှာ မိုင်းစဝင်သွားတယ်လို့ပြောတယ်။"

မိုင်းထိမှန်မှုကြောင့် အမျိုးသမီးတဦးသေဆုံးပြီး ဒဏ်ရာရသူနှစ်ဦးကိုတော့လားရှိုးဆေးရုံမှာဆေးဝါးကုသမှု ခံနေရ တာပါ။

သေဆုံးသူ ဒေါ်လရှီးကော့နန် ဒဏ်ရာရသူ ဦးလဒွဲ၊ ဒေါ်လထော်ဆိုင်းမိုင် အပါအဝင်ရွာသား (၅)ဦး ဟာ မှိုရှာရင်း မိုင်းနင်းမိခဲ့တယ်လို့ မတော့မိုင်ကပြောပါတယ်။

"အခုအချိန်ကမှိုတွေထွက်တဲ့အချိန်ဆိုတော့ မှိုတွေသွားရှာကြတာ။ သူတို့သွားတာကလူ(၅)ယောက်။ သွားရင်းနဲ့(၃) ယောက် ကထိသွားတာပေါ့။ (၂)ယောက်ကတော့မထိဘူး။ နှစ်ယောက်က အဲဒီရွာတရွာမှာ အကူညီသွားတောင်း ရင်းနဲ့ သူတို့(၃)ယောက်ကိုပြန်လာ သယ်ထုတ်သွားတယ်လို့ပြောတယ်။ သယ်ထုတ်သွားရင်းနဲ့အန်တီကြီးက လမ်းတဝက်မှာ ဆုံးသွားတယ်။ လွန်ခဲ့တဲ့၂၀၁၁-၁၂လောက်မှာ မိုင်းလက်ကျန်တွေဖြစ်လောက်တယ်။ တိုက်မိုင်း တွေဖြစ်တယ်။ ဘယ် သူတွေ ထောင်ထားတာလဲတော့မသိဘူး။"

ပေါက်ကွဲတဲ့မိုင်းဟာ (၂၀၁၁)စစ်ကျန်မိုင်းတွေဖြစ်ပြီး ဘယ်သူထောင်ထား တဲ့မိုင်းဆိုတာမသိရှိဘူးလို့ မတော့မိုင်က ပြောပါတယ်။

၂၀၁၁ခုနှစ်မှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် တို့အကြားတကျော့ပြန် ပစ်ခတ်တိုက်ခိုက်မှု တွေဖြစ်ပွါးသလို ဒေသအတွင်းမှာ နှစ်ဖက်တပ်တွေလုံခြုံရေးအရထောင်ထားတဲ့မိုင်းတွေဟာ ဒေသခံရွာသားတွေ အတွက် အန္တရာယ်တခုလိုဖြစ်လာခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်KIA ကနယ်မြေခံတာဝန်ရှိသူ ဗိုလ်မှူးကြီးဇော်ဂမ် ကတော့ တိုက်ပွဲတွေရဲ့အကျိုးဆက် ကြောင့် မြေမြုတ်မိုင်းတွေ ရှိလာခဲ့တယ် လို့အခုလိုပြောပါတယ်။

" အစိုးရတပ်ဖက်ကလဲ သူတို့စွန့်လွှတ်မိုင်းထောင်တဲ့ ဟာတွေ ရှိတယ်။ သူတို့ထောင်တဲ့ဟာတွေက နှစ်ရှည် ကြာတဲ့ဟာမျိုးတွေ။ အလွန်ဆုံး (၁၀)နှစ်လောက်အထိပေါက်ကွဲ နိုင်တာပေါ့။ ကျွန်တော်တို့ဘက်ကျတော့ အဲဒီလိုမျိုး စွန့် လွှတ်မိုင်း တော့သိပ်မရှိဘူး။ ကိုယ့်ရဲ့လုံခြုံရေး အရထောင်ထားတာရှိသော်လဲ ကိုယ်ကတနေရာကိုပြန်ရွှေ့တော့မယ် ဆိုလို့ရှိရင်တော့ အားလုံးပြန်ဖြုတ်ဖြုတ်သိမ်းပြီးတော့ ယူသွားကြတာ။ ကျွန်တော်တို့လဲအဲဒီလိုဘဲအောက်ခြေကို သတိ ပေးညွှန်ကြားနေတယ်။ မြေမြုတ်မိုင်းကိစ္စကတော့ကျွန်တော်တို့တိုက်ပွဲတွေရှိနေသရွှေ့ကာလပတ်လုံးကတော့ မြေမြုတ် မိုင်းတော့ရှိနေမှာဘဲ။"

ရှမ်းပြည်နယ်တောင်ပိုင်းကျေးသီးမြိုနယ် ဟိုပုံကျေးရွာအုပ်စု နမ်အုပ်ရွာ အနီးဇူလိုင်လ(၂၃)ရက်မှာ လည်း မြန်မာ အစိုးရတပ်နဲ့နယ်မြေခံ တိုင်းရင်းသား တပ်ဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

တိုက်ပွဲကြောင့်ဝမ်ဖိန်း ဘုန်းကြီးကျောင်းမှာတိမ်းရှောင်ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ရွာသား(၁၀၀)နီးပါးဟာ ဒီက နေ့မှာ နေရပ်ရင်းကိုပြန်ကြပြီးလို့ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းစံမိဏ်းကပြောပါတယ်။

"တိုက်ပွဲက အစိုးရတပ်မတော်နဲ့ RCSSနဲ့ပြန်ဖြစ်တယ်။ ဖြစ်တော့ရွာ နဲ့နဲနဲနီးတော့ ရွာက လူတွေရှောင်လာ တာပေါ့ နော်။ ကားလမ်းဘေး မှာရှိတဲ့ဝမ်ဖိန်း ဘုန်းကြီးကျောင်းပေါ့နော် အဲဒီကို(၉၉)ယောက်ရောက်လာတယ်။ ဒီနေ့မနက် အစောကြီး ထပြန်သွားတယ်။ (၆)နာရီလောက်။ အခြေအနေ လုံးဝကြီးငြိမ်သက်တယ်လို့တော့မဆိုလိုပါဘူးဗျ။ ဒီရာသီကြတော့ ကောက်စိုက်ချိန် ဆိုတော့ အမှီမစိုက်လို့ရှိရင် တနှစ်စာ အခက်ခဲဖြစ်လာ နိုင်တယ်ပေါ့နော်။"

တောင်ပိုင်းရှမ်းပြည်တပ်မတော်ဘက်ကတော့ သူတို့အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါး မှု မရှိဘူးလို့ဗိုလ်မှူးကြီးစိုင်းဦးက ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ(၉)ရက်နေ့ကစပြီး NCAအပစ်ရပ်တောင်ပိုင်း ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား မိုင်းကိုင်မြို့နယ် အတွင်း(၄)ရက်ဆက်တိုက်ဆိုသလိုတိုက်ပွဲဖြစ်ပွါးခဲ့ရာမှာ ဒေသခံထောင်ချီစစ်ဘေးတိမ်းရှောင် နေကြ ရပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် (PC)အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS က ခေါင်းဆောင်တွေနဲ့ ဇူလိုင်လ(၂၀)ရက်နေ့တုန်းက ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ တိုက်ပွဲလျော့ချနိုင်ရေးအတွက်အလွတ်သဘောတွေ့ဆုံဆွေး နွေးခဲ့ပါတယ်။

ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်ဘက်မှာ တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲပြန်လည်ဖြစ်ပွါး လာသလို ဒီလိုတိုက်ပွဲတွေကြောင့် လက်ရှိအစိုးရကနေတည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောက်နှေး ကြန့်ကြာပြီး တဖက်နဲ့တဖက်ယုံကြည်မှု ပျက်ပြားမှာကိုစိုးတယ်လို့လဲ ငြိမ်းချမ်းရေးအရေးလှုပ်ရှားသူကနေ သုံးသပ် ပြောဆိုမှုတွေကလဲရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG