သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတိုင်းနဲ့ ပြည်နယ် ၉ ခု မှာ မြေမြုပ်မိုင်းတွေရှိနေဆဲ EU သတိပေး


 မြေမြုပ်မိုင်း
မြေမြုပ်မိုင်း

ဧပြီလ ၄ ရက်နေ့က ကျရောက်တဲ့ နိုင်ငံတကာ မြေမြုပ်မိုင်း အန္တရာယ်နိုးကြားမှုရှိစေရေးနေ့မှာ မြန်မာအစိုးရအနေနဲ့ မြေမြှုပ်မိုင်းတွေရှိတဲ့ဒေသတွေမှာ နေထိုင်နေကြရတဲ့ အရပ်သားတွေကို အကာအကွယ်ပေးဆောင်ရွက်ဖို့ EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးတွေက တိုက်တွန်းခဲ့ကြပါတယ်။

မြန်မာနိုင်ငံထဲက တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ၉ ခုဟာ စစ်ပွဲလက်ကျန် မြေမြုပ်မိုင်းတွေနဲ့ တခြားပေါက်ကွဲနိုင်တဲ့ ပစ္စည်းတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ EU သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ပဋိပက္ခတွေဖြစ်ပွားတဲ့ ကချင်ပြည်နယ်။ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ၂၀၁၇ ခုနှစ်အတွင်း မြေမြှုပ်မိုင်းတွေ နောက်ထပ်မြှုပ်နှံသုံးစွဲတယ်ဆိုတဲ့ အစီရင်ခံစာတွေထွက်ပေါ်လာတဲ့အပေါ် အင်မတန်စိုးရိမ်တယ်လို့လည်း EU ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြေမြှုပ်မိုင်းထုတ်လုပ် ထားရှိ သုံးစွဲမှုတိုက်ဖျက်ရေး Ottawa စာချုပ်မှာ မြန်မာနိုင်ငံပါဝင်လက်မှတ်ထိုးဖို့ အစိုးရကို EU ကအလေးအနက်တိုက်တွန်းထားပါတယ်။ မြေမြှုပ်မိုင်းအန္တရာယ်ကနေ အရပ်သားပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ မြန်မာအစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေအနေနဲ့လည်း မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို အားပေးဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံတဝန်း မြေမြှုပ်မိုင်းအန္တရာယ်အသိပညာပေးမှုတွေ ထိရောက်မှုရှိစေရေးအတွက် ဥရောပသမဂ္ဂက အပြည့်အဝ အားပေးပံ့ပိုးမယ်လို့ ကမ်းလှမ်းထားသလို မိုင်းရှင်းလင်းရေးလုပ်အစီအစဉ်တွေမှာ အကူအညီပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း ပြောပါတယ်။

ကမ္ဘာတဝန်းက ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ ပဋိပက္ခတွေအဆုံးသပ်သွားပြီး ကာလအတော်ကြာတဲ့အထိ မြေမြှုပ်မိုင်းကြောင့် အများအပြားအသက်ဆုံးရှုံးကြရပြီး။ ဒီအန္တရာယ်ကြုံရသူအများစုဟာ ကလေးငယ်တွေ။ ပဋိပက္ခကြောင့် ထွက်ပြေးကြရသူတွေ။ မိသားစု စားဝတ်နေရေးအတွက် မိုင်းမရှင်းရသေးတဲ့ နေရာတွေမှာ လုပ်ကိုင်စားသောက်ရတဲ့ ကျေးလက်ဒေသက လယ်သမားတွေဖြစ်ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ EU သံရုံးကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG