သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် အဓိကရုဏ်း လူတဦးသေဆုံး


ဖားကန့်ကျောက်စိမ်း ကုမ္မဏီလုပ်ငန်းခွင်တွင်း ဆန္ဒပြမှု (သတင်းဓာတ်ပုံ-Credit to ကိုဇော်မိုးထက် (ဖားကန့်))
ဖားကန့်ကျောက်စိမ်း ကုမ္မဏီလုပ်ငန်းခွင်တွင်း ဆန္ဒပြမှု (သတင်းဓာတ်ပုံ-Credit to ကိုဇော်မိုးထက် (ဖားကန့်))

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက လုံးခင်းရွာအနီး ဖားကန့်ကျောက်စိမ်း ကုမ္မဏီလုပ်ငန်းခွင်တွင်း ဆန္ဒပြမှုကနေ မီးလောင်မှုဖြစ်ပြီး ကျောက်စိမ်းတွေ-လုလို့ ရဲကပစ်ခတ်လူစုခွဲတာမှာ အနည်းဆုံးလူတဦးသေဆုံးပြီး လူ၅၀လောက် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။ လုံခြုံရေးစိုးရိမ်ရလို့ အလုပ်သမားတစ်ထောင်ကျော်လောက် လုံးခင်း ဆန်ခါရွာက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပြီး ကျောက်စိမ်းတွင်းတွေကို စစ်တပ်နဲ့ ရဲလုံခြုံရေးတွေဘက်က လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားတဲ့အနေအထားဖြစ်ပါတယ်။ အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

ကချင်ပြည်နယ် မိုးညှင်း ခရိုင် ဖားကန့်မြို့နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအနီးက တောက်ပကြယ် နဲ့ မဟာအစပထမ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်ထဲမှာ မနေ့ တနင်္ဂနွေ မနက်ပိုင်းကစပြီး မိုးရွာပြီး ရာသီဥတု ဆိုးဝါးလို့ အလုပ်နားနေကြရာကနေ ဝန်ထမ်းတွေနဲ့ ပြန်အလုပ်ဆင်းခိုင်းတဲ့ ကုမ္မဏီ တာဝန်ရှိသူတွေကြား တင်းမာမှုတွေဖြစ်ရာကနေ လုပ်အားခ လစာတိုးမြင့်ပေးရေး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဲ့ဒီ့နောက် ည ၇နာရီခွဲလောက်မှာတော့ ကုမ္မဏီအလုပ်သမား နားနေဆောင်အတွင်း က မီးစတင်လောင်ကျွမ်းခဲ့ပြီး ကုမ္မဏီဝင်းအတွင်း ရပ်နားထားတဲ့ မြေသယ်ယာဉ် ဆယ်စီးနဲ့ လုပ်ငန်းသုံး ယာဉ် ကြီး /သေး ဆယ်စီးကျော် ၊ စုစုပေါင်း ယာဉ်အစီး၂၀ လောက် မီးလောင်ကျွမ်းခဲ့ပါတယ်။ အဲ့လိုမျိုး မီးလောင်လို့ မီးသတ်နေချိန်မှာပဲ ဂိုဒေါင်ထဲမှာ ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးတွေကို ဝင်ယူကြတဲ့အတွက် လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတွေဘက်က ပစ်ခတ်လူစုခွဲခဲ့လို့ အနည်းဆုံး လူတဦးသေဆုံးပြီး လူငါးဆယ်လောက် အဖမ်းဆီးအထိန်းသိမ်းခံလိုက်ရတဲ့အနေအထားဖြစ်ပါတယ်။

အခုလိုမျိုး ဖားကန့်ဒေသထဲ ကုမ္မဏီလုပ်ငန်းခွင်တွင်း ပစ်ခတ်မှုတွေနဲ့ လူသေဆုံးရတဲ့အထိဖြစ်ရတဲ့ တနင်္ဂနွေညက အဖြစ်အပျက်နဲ့ပတ်သက်ပြီးတော့ အခင်းဖြစ်နေချိန် ကိုယ်တိုင်သွားရောက်ဖြေရှင်းခဲ့တဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးကလည်း အခုလိုပြောပြပါတယ်။

"မနေ့ကဖြစ်စဉ်မှာ စပြီးတော့ဖြစ်တာက ၇ နာရီခွဲလောက်မှာဖြစ်တယ်ဆိုတော့ ၉ နာရီလောက်အထိကို ဆူပူအုံကြွတယ်လို့ ယူဆရတဲ့ အလုပ်သမားတွေကို ထိန်းသိမ်းထားတာကို ကျနော်တို့ သိရတယ်ခင်ဗျ ။ ကျောက်ဂိုဒေါင်ကို အလုပ်သမားလား ၊ ပြင်ပလူတွေလား မသိရတဲ့လူ၂ ယောက်ကနေပြီးတော့ ကျောက်ဂိုဒေါင်ကိုဖျက်ဆီးတယ် ။ ဖျက်ဆီးပြီးတော့ ကုမ္ပဏီနဲ့မဆိုင်တဲ့ ပြင်ပလူတွေကနေပြီးတော့ အများကြီးရောက်လာတယ်။ ကားတွေ သုံးဘီးတွေနဲ့ ရောက်လာတယ်။ အဲဒီကျောက်ဂိုဒေါင်ထဲက ကျောက်တွေကို ကော်ယူပြီးတော့မှ ကားတွေ သုံးဘီးတွေကိုတင်ပေးတယ်။ နောက်တခါ ကျောက်တွေကို ကော်တဲ့ဟာနဲ့ ကော်ယူပြီးတော့ မြေပြင်ပေါ်မှာ ဖြန့်ပြီးတော့ သေးတဲ့အလုံတွေဆိုရင် တနိုင် အဲဒီလို လူတွေ ယူသွားကြတာ ကျနော်တို့ မျက်မြင်ပါခင်ဗျ။ လူတွေက တော်တော်ကြီးကို များလာတယ်။ အဲလို ဂိုဒေါင်တွေကို ဖောက်ပြီးတော့ ကျောက်စိမ်းတွေ ယူတဲ့အနေအထားဆိုတော့ ရဲ ဘက်ကလည်း ပစ်ခတ်ရတဲ့အနေအထားလေးတွေဖြစ်လာတယ်ခင်ဗျ။ အဲဒီနောက်ပိုင်းမှာ ထပ်ပြီးတော့ မိပြီးတော့ ဖမ်းဆီးထားတဲ့လူတွေလည်းရှိလာတယ်။ ဂိုဒေါင်ဖျက်ဆီးတာနဲ့ မီးရှို့တာနဲ့ အဲဒီဖြစ်စဉ် ၂ ခု ဖမ်းဆီးထားတဲ့လူ ၄၉ ဦး ရှိတယ်။ သေနတ်မှန်ပြီးတော့ ဒဏ်ရာရ ဆေးရုံတင်ထားတဲ့လူ ၃ ဦးလောက်ရှိတယ်။ ဒီနေ့မနက် ၅ နာရီလောက်မှာ ကျောက်ဂိုဒေါင်နားမှာ အလောင်း ၁ လောင်းရတယ်လို့ ကျနော်တို့သိရတယ်။ အားလုံး ၄၉ ဦးဖမ်းဆီးထားတယ်။ ၃ ယောက် ဒဏ်ရာရတယ် ၁ ဦးသေဆုံးတယ် လို့ သိရပါတယ်ခင်ဗျ ဒါကတော့ဖြစ်စဉ်ပါ။

မဆုမွန်။ ။ ဟုတ်ကဲ့ပါဆရာ ဆရာတို့ကလည်း ဒီဖြစ်စဉ်ကို လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့အခါကျတော့ ဖားကန့်နယ်မြေ ဒေသခံတွေဆိုတော့ အခြေအနေတင်းမာမှုတွေ အခုဖြစ်နေတဲ့ ပဋိပက္ခတွေကို ဝင်ပြီးတော့ ကူညီနေတဲ့အနေအထားရှိတာပေါ့နော်။ အခုက အခြေအနေ အေးအေးဆေးဆေးဖြစ်သွားပြီလားဆရာ။

ဦးတင့်စိုး။ ။ အခုလက်ရှိအနေအထားအရကတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ။ ကျနော်တို့ကိုယ်တိုင်လည်း ခုနက အလုပ်သမားတွေကိုတွေ့တဲ့အခါမှာ ကျနော်တို့ တောင်းပန်ပြီးတော့ ပြောထားတာရှိပါတယ်။ အားလုံးပေါင်း ၁၀၀၀ ကျော်လောက်က ကုမ္ပဏီပြင်ပပေါ့လေ ဆန်ခါရွာရဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံတွေမှာတည်းခိုနေရတယ်။ ဒီနေ့လည်ပိုင်းမှာ သူတို့နဲ့ တွေ့ပြီးတော့ ကုမ္ပဏီနဲ့ သူတို့ကြားထဲက အလုပ်သမားလစာကိစ္စကျနော်တို့ ဆွေးနွေးညှိနှိုင်းခဲ့တယ် ခုနလောက်ကမှ ပြီးသွားတယ်။ မနက်ဖြန်ဆက်လက်ဆွေးနွေးဖို့ရှိပါသေးတယ် သူတို့ လိုချင်တဲ့အတိုင်းအတာလေးတွေပေါ့ အဲဒီ ၂ ဖက်နားထောင်ပြီးတော့ မနက်ဖြန်ဆက်လက်ဆွေးနွေးဖို့ရှိပါတယ် ဒါနောက်ဆုံးအခြေအနေပေါ့။"

မနေ့ညဆယ်နာရီလောက်အထိ မီးငြိမ်းသတ်နိုင်ခြင်းမရှိပဲ ပစ်ခတ်မှုတွေ ဖမ်းဆီးမှုတွေနဲ့ ဖားကန့်ဒေသတွင်းရုတ်ရုတ်သဲသဲဖြစ်နေတဲ့အတွက် အခင်းဖြစ်နေတဲ့ လုံးခင်းကျေးရွာ ဆန်ခါဘက်ကို ဒေသခံတွေ အလုပ်သမားတွေနဲ့ ရေမဆေးကျောက်ရှာဖွေသူတွေ မသွားကြဖို့ကိုလည်း အချင်းချင်း လုံခြုံရေးသတိပေးနေကြရတယ်လို့ ဖားကန့်ဒေသခံသတင်းသမား ကိုဇော်မိုးထက်က အခြေအနေကို ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

"ဒီလုံခြုံရေးယူပေးရတဲ့အပိုင်းတွေကတော့ ကုမ္ပဏီနဲ့ လက်ရှိ ကုမ္ပဏီဝန်ထမ်းတွေနဲ့ အဆင်မပြေမှုတွေ ဖြစ်လာတဲ့အခါကျရင် ရုန်းရင်းဆန် ပဋိပက္ခမှုတွေဖြစ်လာရင်တော့ ဒီရဲ စစ်တပ်တွေက လုံခြုံရေးယူပေးရတဲ့အနေအထားမျိုးတွေ ရှိတာပေါ့နော်။ အရင်တုန်းကတော့ ကုမ္ပဏီနဲ့ ရေမဆေးတွေနဲ့ ဒီကျောက်တူးတဲ့ကျင်းတွေမှာ ရုန်းရင်းဆန်ခတ်တွေဖြစ်ကြတာကို အခုက ကုမ္ပဏီဝန်ထမ်းတွေနဲ့ ကုမ္ပဏီနဲ့ဖြစ်ကြတာဆိုတော့ နဂိုကမှ ဖားကန့်ဆိုတာက တရားဥပဒေစိုးမိုးမှုက အရမ်းအားနည်းတယ်လေ။ ဒီလို မကြာမကြာဖြစ်နေမယ်ဆိုရင်တော့ အဆင်မပြေဘူးပေါ့ဗျာ ။ ဒီကြားထဲ ဟိုနားတိုက်ပွဲဖြစ်လိုက် ဒီနားတိုက်ပွဲဖြစ်လိုက်ဆိုတော့ လုံခြုံရေးကတော့ တင်းတင်းကျပ်ကျပ် ချထား လိုက်တယ်ပေါ့ဗျာ။"

ကချင်လက်နက်ကိုင်တပ် KIA နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်လို့ ဖားကန့်ဒေသမှာ နဂိုကမှ နယ်မြေဒေသ မတည်ငြိမ်မှုတွေဖြစ်နေဆဲမှာပဲ အခုလို ဖားကန့်မှာ ပစ်ခတ်မှုတွေဖြစ်နေတဲ့အတွက် နယ်မြေလုံခြုံရေးကတော့ အတော်လေး စိုးရိမ်စရာကောင်းတဲ့အနေအထားဖြစ်လို့ ဖားကန့်ဒေသထဲက ကျောက်စိမ်းတွင်း အလုပ်သမား တစ်ထောင်ကျော်လာက်ဟာ ဒေသက သာသနာ့အဆောက်အဦးတွေဆီမှာ ခိုလှုံနေကြပြီး ကုမ္မဏီတွေနဲ့ အလုပ်သမားတွေကြား တင်းမာမှုတွေကိုတော့ ဖားကန့်မြို့မိမြို့ဖတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ဝင်ရောက်ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။

ဖားကန့် အဓိကရုဏ်း လူတဦးသေဆုံး
please wait

No media source currently available

0:00 0:05:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG