သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် ကျောက်စိမ်းတွင်းပြိုကျ လူ ၁၈ ဦးထက်မနည်းသေဆုံး


၂၀၁၆ တုန်းက ဖားကန့် ကျောက်စိမ်းတွင်းပြိုကျမူဖြစ်
၂၀၁၆ တုန်းက ဖားကန့် ကျောက်စိမ်းတွင်းပြိုကျမူဖြစ်

ဒီကနေ့ မနက်အစောပိုင်းမှာ ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ် ၊ ဆိတ်မူအုပ်စု ကျောက်စိမ်းတွင်း ကမ်းပါးရံ ပြိုကျလို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေ အပါအဝင် အနည်းဆုံး လူ၁၈ဦး သေဆုံးခဲ့တယ်လို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဖားကန့်ဆေးရုံမှာ ဆေးကုသနေသလို မြေပြိုကျမှုထဲ ပျောက်ဆုံးနေဆဲသူတွေကိုတော့ မီးသတ်၊ လူမှုရေးအသင်းအဖွဲ့တွေ ဒေသခံအာဏာပိုင်တွေနဲ့ ကုမ္ပဏီဘက်က လူအင်အားသုံး လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ တနင်္ဂနွေမနက်အစောပိုင်း ၂ နာရီခွဲ ဝန်းကျင်လောက်မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကောင်စံကျေးရွာ ၊ကရင်ချောင်ကျေးရွာ ၊ချောင်းဖျားကျေးရွာ အနီးနားမှာရှိတဲ့ အမြင့်ပေ တထောင်ခန့်ရှိတဲ့ စိန်လုံတောင် ကျောက်စိမ်းကမ်းပါးယံကြီး ဒေသအခေါ် စိန်လုံ တောင်ကြော ပြိုကျခဲ့တာဖြစ်ပါတယ်။ ဒီကမ်းပါးကြီး ရုတ်တရက် ပြိုကျလာတဲ့အတွက် ရာဇဌာနီ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီဝန်ထမ်းတွေ အနည်းဆုံး ၁၅ဦး သေဆုံးခဲ့ပြီး ကျောက်စိမ်း လုပ်ကွက်ကို စောင့်ကြပ်လုံခြုံရေး တာဝန်ယူပေးထားတဲ့ ရဲဝန်ထမ်းအနည်းဆုံး ၃ဦးသေဆုံးခဲ့လို့ လူ၁၈ဦးအထိ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဖားကန့်ဒေသခံ သတင်းသမားတဦးဖြစ်တဲ့ ကိုဇော်မိုးထက်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

“အဓိက အဲဒီတောင်ကြီးက ရှင်းရှင်းပြောရရင် နဂို သက်တမ်းကုန်လုပ်တာမဟုတ်ပဲနဲ့ တနိုင်တပိုင်တွေ ဝင်တူးကြရင်းနဲ့ အောက်မှာရှိတဲ့ လုပ်ကွက်ကလည်း အောက်ကို အသားကုန်နှိုက်ရင်းနဲ့ အပေါ်မှာ ကမ်းပါးရံကြီးလို ကျန်နေတာပေါ့ဗျာ။ အဲဒီ ကမ်းပါးရံကြီးက ရိုးရိုးကမ်းပါးရုံမတ်မတ်ကြီး မဟုတ်ပဲနဲ့ လုပ်ကွက်တွေက အောက်အထိရှိတဲ့အခါကျတော့ ပြောမယ်ဆိုရင် သူ့အောက်က မြေမရှိတဲ့ သဘောပေ့ါဗျာ။ အဲဒါမရှိတာရော အနားမှာရှိတဲ့ ကုမ္ပဏီတွေက မှိုင်းအပြင်းစားတွေ ခွဲတဲ့အခါကျတော့ အဲဒီမှိုင်း vibration တွေနဲ့ ခါတိုင်းလို တောင်နံရံတွေက မခံတာပေါ့ ။ မိုးတွင်းရောက်တဲ့အခါကျတော့ ရေစိုပြီးတော့ weight ကြီးလာတယ်။ အဲဒါဆိုတော့ ပြိုတာပေါ့ဗျာ။ နောက်ပြီးတော့ ပြိုတဲ့အခါမှာ ကျင်းတွေကလည်း နားထားတော့ အဲဒီအထဲမှာ မိုးတွေကလည်း ဝင် ၊ အဲဒီတော့အပေါ်က ပေ ၅၀၀ လောက်ကနေ ပြုတ်ကျတဲ့ တိုက်ပု တလုံးစာလောက်ရှိတဲ့ weight က အောက်ပြုတ်ကျတော့ အဲဒီ ပတ်ဝန်းကျင်မှာရှိတဲ့ လုံခြုံရေး ကင်းတဲတွေရော အကုန်လုံးပါကုန်တာလို့ပြောတယ်။ မနက်ကတော့ ရဲမှူးပြောတာကတော့ သူ့ရဲဝန်ထမ်း ၅ ဦးပါသွားတယ်။ ၃ ဦးကတော့ သေတယ်ပေါ့နော်။ တဦးပဲ အလောင်းရတယ် ကျန်တဲ့ ၂ ဦးကတော့ အသက်ရှင်ကျန်ရစ်တယ်။ ဖားကန့်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်ပေါ့။ ဆရာဝန်ကြီးကတော့ သူတို့ ၂ ယောက်လောလောဆည် အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထား မရှိဘူးပေါ့နော်။ နောက်ဆုံးသိရတာက လူ ၁၀၀ နီးပါးလောက်ရှိတယ် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်။ နောက်လူမှုကူညီရေးအသင်းက ဒီ ပရဟိတ အဖွဲ့တွေ ပေါ့နော် အလောင်းကတော့ နေ့လည် ၂ နာရီကျော်လော်ကအထိ ၁၃ လောင်းလောက်ရထားတယ်။ အဲဒီ ၁၃ လောင်းကတော့ ရင်ခွဲရုံကို ရောက်နေပြီပေါ့နော်။ ကျန်တာတွေကတော့ ဆက်ရှာနေတယ်ပေါ့။”

အခုလို ကျောက်စိမ်းလုပ်ကွက် ကမ်းပါးရံပြိုကျချိန်ဟာ မိုးတွင်းကာလ သုံးလ ကျောက်တူးဖော်ခွင့် တရားဝင်ပိတ်ပင်ထားချိန ်လည်းဖြစ် ပါတယ်။ မိုးရာသီကာလ နွံကန်တွေ မြေကမ်းပါးရံတွေ ကျောက်စိမ်းတူးဖော်လုပ်ကွက်တွေမှာ မြေပြိုမှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေကို ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်ပြီး မြန်မာ့ကျောက်မျက်နဲ့ ဒေသခံအာဏာပိုင်တွေကနေ ညွှန်ကြားထားခဲ့အချိန်လည်း ဖြစ်ပါတယ် ။

ဒါပေမဲ့လို့ ဒီကနေ့ ကမ်းပါးပြိုကျခဲ့မှု အပါအဝင် နွံ့အိုင်နစ်မြုပ်တာ မြေပြိုကျတာ လုံခြုံရေးတွေရဲ့ပစ်ခတ်ခံရမှုတွေအပါအဝင် ကျောက်စိမ်းကွင်း ဖားကန့်မှာ လူသေဆုံးမှုက ၂၀၁၉ခုနှစ်အတွင်းမှာကို တရာကျော်ရှိနေပြီဖြစ်လို့ သက်ဆိုင်ရာက ဒီ့ထက်ပိုပြီး စနစ်တကျ စီမံဆောင်ရွက်သင့်နေပြီလို့လည်း ဖားကန့်ဒေသခံ သတင်းသမားကိုဇော်မိုးထက်က သုံးသပ်ပါတယ်။

“ပိတ်ထားတဲ့ ရာသီအချိန်မှာ ကျနော်တို့ နည်းနည်းစဉ်းစားစရာပေါ့။ ဖားကန့်မှာလည်း ကျောက်ခိုးတူးတာ ဖမ်းလည်းမဖမ်းရဲပါဘူး။ ပြောချင်တာကတော့ ၂၀၁၉ ထဲမှာ ရဲတွေဆီက ရတဲ့ မှတ်တမ်းတွေရော ၊ အထွေထွေအုပ်ချုပ်ရေးဌာနဆီက ရတဲ့ မှတ်တမ်းတွေရော ၊ နောက်လူမှုကူညီရေးအသင်းက ရတဲ့ မှတ်တမ်းတွေရော၊ ကျေးရွာအုပ်ချုပ်ရေးမှူးဆီက ရတဲ့ မှတ်တမ်းတွေရောကျနော်စုထားတာဆိုရင် အခုထိ သေဆုံးတာက ၁၁၅ ယောက်ရှိသွားပြီ။ အစိုးရသစ် တက်လာတဲ့အချိန်မှာ လူအစုလိုက် အပြုံလိုက်သေတဲ့ပုံစံတွေက ပြောင်းသွားတယ်။ ဦးသိန်းစိန် လက်ထက်က စွန့်ပစ်မြေစာတွေ မဆင်မချင်ပုံလို့ မြေစာပုံပြိုကျပြီး အစုလိုက် အပြုံလိုက် သေတာပေါ့နော်။ ဒီဘက်ခေတ်ကျတော့ ဘာဖြစ်လဲဆိုတော့ လက်ရှိတက်လာတဲ့အစိုးရ ၂၀၁၆ ဧပြီလ ကစပြီး ကျောက်စိမ်းလုပ်ကွက်တွေကို သက်တမ်းတိုးမပေးတဲ့အခါကျတော့ ဒီကျောက်စိမ်းတူးတဲ့ ကုမ္ပဏီတွေက ရှိတဲ့နေရာမှာပဲ အသားကုန်အောင့်ပြီးတော့ နှိုက်ပြီး စုပြုံပြီး တူးတာပေါ့နော်။ ဒီ နံရံကြီးတွေ ကျန်ခဲ့တာပေါ့နော် ။ ဒီနံရံကြီးတွေကပဲ လူတွေ အစုလိုက်အပြုံလိုက် သေတဲ့ ပုံစံလိုဖြစ်နေတယ်။ ပုံစံပြောင်းသွားတယ် သေတဲ့ပုံစံတွေ မတူဘူး သေဆုံးနှုန်းက ဒီအတိုင်းပဲ ဖြစ်နေတယ်။”

အခုအချိန်အထိ ပျောက်ဆုံးနေဆဲသူတွေအပါအဝင် လူသေဆုံးမှု အရေအတွက် အတိအကျ ကို သိရှိရနိုင်ဖို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဘက်က လူအင်အား စက်အင်အားသုံးရှာဖွေနေဆဲဖြစ်ပြီး နစ်မြုတ်သွားသူတွေကို အသက်ရှင်ပြန်တွေ့ဖို့မလွယ်ကြောင်း ဒေသခံတွေကပြောပါတယ်။ အခုလို မိုးတွင်းကာလ တူးဖော်ခွင့်ပိတ်ပင်နေဆဲအချိန်မှာပဲ ခိုးတူးမှုတွေရှိနေဆဲဖြစ်သလို ကျောက်စိမ်းတူး ကုမ္ပဏီတွေ အပေါ် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်မှု စောင့်ကြည့် ထိန်းကွပ်နိုင်မှု အားနည်းနေတုန်းပဲလို့ ဖားကန့်ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေဘက်က ဝေဖန်ထောက်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG