သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA အဖွဲ့ကို အားပေးမှု စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူတွေ ရမန်ယူ


ကိုဟိန်းဇော်ရဲ့ မိခင် (ဇူလိုင်၊ ၂၆၊ ၂၀၁၉)

ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA အတွက် ရန်ပုံငွေ ရှာပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းထားသူ ကိုးဦးကို ဆက်ပြီး ချုပ်နှောင်ထားဖို့ ဒီကနေ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ရမန်ပေးလိုက်ပါတယ်။

အဲဒီလူတွေထဲမှာ ရခိုင်အသင်း (စင်္ကာပူ) က ကိုအောင်မြတ်ကျော်လည်း ပါဝင်ပြီး သူဟာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ညီအကိုတော်စပ်တယ်လို့ AFP သတင်းတပုဒ်မှာ ဖော်ပြထားသလို ပြည်တွင်းသတင်းတွေမှာလည်း အဲဒီလိုပဲ ဖော်ပြ ရေးသား ကြပါတယ်။

ကိုအောင်မြတ်ကျော်အပြင် တခြားဖမ်းဆီးခံထားရသူတွေကတော့ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲထက်ကျော်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုမြတ်လင်းဦး၊ ကိုရွှေလှိုင်သန်းနဲ့ ကိုအောင်မျိုးဝင်းတို့ဖြစ်ပြီး သူတို့ကို သြဂုတ်လ ၉ ရက်အထိ ဆက်ပြီး ချုပ်နှောင်ထားဖို့ ရမန်ပေးလိုက်တာပါ။

တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ဒီအမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတဲ့ အဆင့်မှာပဲရှိသေးပြီး ဘယ်တရား ရုံးမှာ တရားစွဲတင်မယ်ဆိုတာ ပြောမရသေးဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေကြားမှာ AA အဖွဲ့အတွက် ရန်ပုံငွေကောက်ယူတာတွေ လုပ်နေတဲ့အတွက် မြန်မာနိုင်ငံသား အတော်များများကို ဖမ်းဆီးထားတယ်ဆိုပြီး စင်္ကာပူအာဏာပိုင်တွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ ကြေညာပါတယ်။

အဲဒီလူတွေကို ပြည်နှင်ဒဏ်ပေးလိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံကို ပြန်လာကြတဲ့ ကိုတင်လှိုင်ဦးနဲ့ မအေးမြတ်မွန်တို့ကို ရန်ကုန်-မန္တလေးလမ်းပေါ် မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျန်တဲ့လူတွေကို ဘယ်လိုဖမ်းဆီးလိုက်တာလည်း ဆိုတာကတော့ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သူတို့အားလုံးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ ပါ ပုဒ်မခွဲတွေနဲ့ အမှုဖွင့်ထားတာဖြစ်ပြီး ကိုအောင်မြတ်ကျော် အပါ အဝင်သုံးဦးကိုတော့ အပြစ်ပိုကြီးတဲ့ AA အဖွဲ့နဲ့ ဆက်စပ်ပတ်သက်မှုနဲ့ပါ စွဲတင်ထားပါတယ်။

ဒီပုဒ်မအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ခုနစ်နှစ်ထိ ချမှတ်နိုင်ပါတယ်။

လက်ရှိမှာ သူတို့တွေကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ တာဝန်ရှိသူတွေက အတိအကျမပြောတာကြောင့် သက်ဆိုင်ရာ မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG