သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AAPPB: NLD အစိုးရလက်ထက် ဖေဖေါ်ဝါရီလတလအတွင်း အရပ်သား ၃၆ ဦး ဖမ်းဆီးခံရ


စစ်ရေးပဋိပက္ခတင်းမာမှုတွေ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီလ တစ်လအတွင်းမှာကို အနည်းဆုံး အရပ်သား၃၆ဦး ဖမ်းဆီးခံခဲ့ရသလို နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် တရားရင်ဆိုင် ဖမ်းဆီးထိန်းသိမ်းခံနေရသူပေါင်း ၂၄၀ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်လိုက်ပါတယ်။ အရပ်သားအစိုးရလက်ထက် ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ အငြင်းပွားဖွယ်ဥပဒေတွေနဲ့ အမှုဖွင့်တရားစွဲဆိုခံရသူတွေများလာသလို အကျဉ်းထောင်တွေထဲ ကျန်းမာရေး စောင့်ရှောက်မှုတွေ အားနည်းတာနဲ့ အကျဉ်းထောင ်အကျဉ်းသားမမျှတမှုတွေကြောင့် နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေရဲ့ ကျန်းမာရေးက စိုးရိမ်စရာအနေအထားရှိနေတယ်လို့လည်း ဆိုပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့အချိန်မှာပဲ ကချင်တပ်ဘက်က လီဆူတိုင်းရင်းသား ၂၈ဦးကို ဖမ်းဆီးခဲ့သလို အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နယ်မြေမတည်ငြိမ်မအေးချမ်းနိုင်သေးပဲ လုံခြုံရေးစိုးရိမ်စရာဖြစ်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ က အစိုးရရုံး လွှတ်တော်နဲ့ အစိုးရအဖွဲ့ဝင်နေအိမ် ဗုံးပေါက်ကွဲမှုတွေကြောင့်လည်း လုံခြုံရေးတာဝန်ရှိသူတွေဘက်က သံသယရှိသူတွေကို ဖမ်းဆီး ထိန်းသိမ်း ခံနေရတာတွေရှိပါတယ်။

အခုလိုဖေဖော်ဝါရီလ တစ်လထဲမှာပဲ အရပ်သား ၃၆ယောက် ဖမ်းဆီးခံရတဲ့အနေအထားဟာ စစ်ရေးတင်းမာမှုတွေ နယ်မြေ မငြိမ်သက်မှုတွေကြား အရပ်သားပြည်သူတွေရဲ့ လုံခြုံမှုဟာ စိုးရိမ်စရာအနေအထားဖြစ်လာနေတယ်လို့ AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က သုံးသပ်ပါတယ်။

"ဒီနှစ်ပိုင်းမှာ တိုင်းပြည်က မတည်မငြိမ်ဖြစ်နေတဲ့ ကိစ္စတွေ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေက ပိုပြီးတော့များလာတယ်။ ဒါကြောင့်မို့လို ၂ ဖက်တိုင်းရင်းသားအဖွဲ့အစည်းတွေကရော အစိုးရဘက်ကရော အဖမ်းအဆီးတွေ ပိုများလာတယ် အဲဒါမျိုးလေးတွေရှိတယ်။ ဒါကြောင့်မို့လို့ လူတွေအဖမ်းအဆီးတွေ ပိုများလာတယ်လို့ သုံးသပ်လို့ရပါတယ်။"

ဒါ့အပြင် ပြင်ဆင်ဖို့ လွှတ်တော်နှစ်ရပ်မှာ အခြေအတင် ဆွေးနွေးနေကြဆဲ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဥပဒေ ငြိမ်းစုစီပုဒ်မကြောင့်လည်း အမှုဖွင့် တရားစွဲဆိုခံနေရသူတွေ များလာတာကြောင့်လည်း အရပ်သားအစိုးရလက်ထက် ဒီမိုကရေစီ စံနှုန်းနဲ့မညီတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်ပယ်ဖျက်ပစ်ဖို့ လိုအပ်လာနေပြီဖြစ်တယ်လို့လည်း ဦးတိတ်နိုင်ကပြောပါတယ်။

"ဒီ ငြိမ်းစုစီပုဒ်မနဲ့ပေါ့လေ ဖမ်းနေတယ် ဒါကတော့ လတိုင်းလိုလို အဖမ်းအဆီးရှိနေတယ်ဆိုတာမျိုးဖြစ်နေတယ်။ဒါကြောင့် ငြိမ်းစုစီပုဒ်မကိုလည်း လိုအပ်ရင် ပယ်ဖျက်ဖို့အတွက် ကျနော်တို့ကတော့ အစဉ်တစိုက်တိုက်တွန်းနေတာပဲလေ။ အဲဒီအထဲမှာလည်း ပုဒ်မ ၅၀၅ (ခ) ဖြစ်တဲ့ အလားတူ ပုဒ်မတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ဒါတွေကိုတော့ ပြန်ပြီးတော့ သုံးသပ်သင့်တယ် ပြင်ဆင်သင့်တယ်ဆိုတာကိုတော့ ကျနော်တို့ ပြန်ပြီးတော့ တိုက်တွန်းနေတာပါ။"

လတ်တလော အကျဉ်းကျခံနေရတဲ့ Reuters သတင်းသမားတွေအပါအဝင် ကာလရှည်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကချင်သင်းအုပ်ဆရာနှစ်ယောက်နဲ့ နိုင်ငံရေးအကျဉ်းသားတချို့ရဲ့ ကျန်းမာရေးကလည်း ကောင်းမွန်ခြင်းမရှိပဲ စိုးရိမ်စရာအခြေအနေမှာ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းက သတင်းထုတ်ပြန်ပါတယ်။

"လဖိုင်ဂမ်တို့ဆိုရင် ညှင်းပမ်းနှိတ်စက်မှုတွေလည်း တော်တော်ခံခဲ့ရတယ်။ ထောင်ထဲမှာလည်း တော်တော်ကြာလာပြီဆိုတဲ့အခါကျတော့ ဘယ်လိုပြောပြောအသက်အရွယ်အရရော ညှင်းပမ်းမှု ခံရတဲ့ အေနေအထားတွေအရရော သူတို့အနေနဲ့ ကျန်းမာရေးက မကောင်းဘူး ဆိုးဝါးလာတယ်ဆိုတဲ့အနေအထား ၊ အကျဉ်းထောင်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအသောက်အနေအထိုင်တွေက အများကြီးချို့တဲ့တာတွေရှိပါတယ်။ ဆိုတော့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်တာကတော့ အပြင်မှာတောင်မှ ကျနော်တို့နိုင်ငံမှာ ဆေးရုံဆေးခန်းတွေမှာ ကျန်းမာရေး အထောက်အကူ ဆေးဝါးတွေ မလုံလောက်တဲ့ အခြေအနေမျိုးဖြစ်နေတဲ့အခါကျတော့ အကျဉ်းထောင်မှာဆိုရင် ပိုပြီးတော့ ဆိုးဝါးတယ် နေတာထိုင်တာ စားတာ သောက်တာကအစ အားလုံးက ကျပ်ကျပ်ကျဉ်းကျဉ်းနေထိုင်တာဖြစ်တဲ့အခါကျတော့ တချို့တောင်မှ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အခြေအနေတွေ ကြုံခဲ့ရတဲ့အထိ ကြားနေရပါတယ်။'

ဒါဟာ မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်တွေထဲမှာ အကျဉ်းထောင်နဲ့ အကျဉ်းသားတွေ မမျှတမှုတွေကြောင့် တကိုယ်ရေသန့်ရှင်းမှု သောက်သုံးရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေ များလာနေလို့ဖြစ်တယ်လို့ ဦးတိတ်နိုင်ကပြောပါတယ်။

" ဒီအကျဉ်းသား ဦးရေက ဝင်ဆန့်နိုင်တဲ့ဦးရေထက် အဆမတန် များနေတယ်ပေါ့လေ။ အကျဉ်းထောင်တွေ အကျဉ်းစခန်းတွေမှာက ၆ သောင်းလောက်ဆန့်တာကို အခုက ၉ သောင်း ၁ သိန်းနီးပါးလောက်အထိ ဖြစ်လာတဲ့ အနေအထားမျိုးဆိုတဲ့ အခါကျတော့ ဒီအကျဉ်းသားတွေကို စီမံခန့်ခွဲဖို့ရာ ဝန်ထမ်းမလုံလောက်တာမျိုးတွေ အကျဉ်းသားတွေရဲ့ နေရေးထိုင်ရေး စားရေးသောက်ရေးအတွက် မပေးနိုင်တဲ့ ကိစ္စမျိုးတွေ အဲဒါတွေ ဆက်တိုက်ဖြစ်လာတဲ့ အခါကျတော့ အရေးတကြီးလိုနေတာက အကျဉ်းထောင်မှာ အကျဥ်းသားတွေကို လျော့ချဖို့နဲ့ ၊ အကျဉ်းသားတွေ အမြောက်အများဖြစ်နေတာတွေကို ဘယ်လိုကာကွယ်တားဆီးရမလဲဆိုတဲ့ ကိစ္စက အရေးကြီးပါတယ်။ ဒါတွေကို Policy မူဝါဒတွေချပြီးတော့ လုပ်ဆောင်မှ ဖြစ်မယ့်ကိစ္စပါ။"

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်လို့ အကျဉ်းသားတွေ ပြည့်သိပ်နေတဲ့အကျဉ်းထောင်တွေထဲကနေ တရားဥပဒေနဲ့ အညီ အကျဉ်းသား လျှော့ချသင့်တဲ့အစီအစဉ်တွေ အပါအဝင် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြံပြုချက်တွေကို အစိုးရ၊ လွှတ်တော်နဲ့ သက်ဆိုင်ရာ အကျဉ်းဦးစီးတာဝန်ရှိသူတွေကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ကွင်းဆင်းလေ့လာချက်တွေနဲ့အတူ အကျဉ်းသားအရေး လှုပ်ရှားနေတဲ့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPPB တို့က ဦးဆောင်ပြီး ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG