သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခတွေကြား အမျိုးသမီးသေဆုံးမှု တိုးလာတဲ့အပေါ် တက်ကြွလှုပ်ရှားသူတွေစိုးရိမ်


AAPP နေ့စဉ်ထုတ်ပြန်ချက် (စက်တင်ဘာ ၁၁၊ ၂၀၂၃)
AAPP နေ့စဉ်ထုတ်ပြန်ချက် (စက်တင်ဘာ ၁၁၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် သေဆုံးရသူ အမျိုးသမီး ၆၀၀ ကျော် ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ နိုင်ငံရေးအကြပ်အတည်းတွေကြား အမျိုးသမီး သေဆုံးမှုတွေ တိုးလာနေတဲ့အပေါ် လူ့အခွင့်အရေးနဲ့ အမျိုးသမီးရေး လှုပ်ရှားသူတွေကလည်း စိုးရိမ်နေကြတဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့ ထားတာကို မဆုမွန် ပြောပြပေးပါမယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃နှစ်နီးပါး ကာလအတွင်း နိုင်ငံရေးပြဿနာတွေကြား အမျိုးသမီးသေဆုံးသူ ရာဂဏန်းနဲ့ချီ ရှိနေတာကြောင့် လူ့အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေ စိုးရိမ်နေကြတာပါ။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ အမျိုးသမီး သေဆုံးသူ ၆၀၀ ကျော်ပြီလို့ဖော်ပြထားပြီး ဒီစာရင်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်ကစ မှတ်တမ်းတင်ထားတဲ့ ကိန်းဂဏန်းဖြစ်တယ်လို့ တာဝန်ရှိသူတဦး ကရှင်းပြပါတယ်။

"အခုလက်ရှိကျနော်တို့ရဲ့စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထိခိုက်သေဆုံးမှုက စုစုပေါင်း လေးထောင်ကျော်သွားတယ်။ အဲထဲမှာအမျိုးသမီးသေဆုံးမှုက ၆၀၀ကျော်ရှိတယ်။ အဲဒီ ၆၀၀ကျော်မှာ စစ်ကိုင်းတိုင်းကအမျိုးသမီးသေဆုံးမှုက ၂၀၀ကျော်နဲ့ အများဆုံးဖြစ်နေတယ်။ အမျိုးသမီးတွေထဲမှာ ပထမဆုံးကျဆုံးတဲ့ အမျိုးသမီးကကျတော့တကမ္ဘာလုံးကသိတဲ့ နေပြည်တော်မှာကျဆုံးတဲ့ မြသွဲ့သွဲ့ ခိုင်ပါ။ သူနောက်မှာလည်း သေဆုံးမှုတွေက အရမ်းကိုမြင့်တက်လာနေတာပေါ့နော်"

AAPP က လက်လှမ်းမီသလောက် စုဆောင်းထားတဲ့ အချက်အလက်တွေထက် လက်တွေ့မှာ သေဆုံးသူ ပိုများနိုင်တယ်လို့လည်း ပြောပါတယ်။ သေဆုံးမှုတွေ နှစ်စဉ်တိုးလာနေရာမှာ၊ ၂၀၂၁ ခုနှစ်မှာ ၁၀၆ ယောက်၊ ၂၀၂၂ ခုနှစ်မှာ ၂၃၆ ယောက်၊ အခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီကနေ့အထိ အယောက် ၂၇၀ သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုထိခိုက်ဒဏ်ရာရတာ သေဆုံးမှုတိုးလာတာတွေက စိုးရိမ်စရာ အခြေအနေတွေဖြစ်နေသလို နောက်ထပ် တိုးလာနိုင်ဖွယ်ရှိလာနိုင်တယ်လို့ အေအေပီပီဘက်က သုံးသပ်ပါတယ်။

"အမျိုးသမီးတွေကလေးသူငယ်တွေဆိုတာက အရမ်းကိုထိခိုက်လွယ်တဲ့ သူ တွေဖြစ်တယ်။ အမျိုးသမီးတွေဆိုလည်း Gender Base Violent (ကျားမကွဲပြားမှုအပေါ်အခြေခံတဲ့ အကြမ်းဖက်မှု) လုပ်ခံရတာ မတရားသတ်ဖြတ်ခံရတာ တွေကနေရာအနှံမှာ တော်တော်လေးကြားသိနေရတယ်။ အမျိုးသမီးတွေလုံခြုံရေးကတော့ ရှေ့ဆက်ပိုဆိုးလာစရာဘဲရှိနေပါတယ်။"

အေအေပီပီဘက်ကထုတ်ပြန်စာထဲမှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ နယ်မှာ လုံခြုံရေး အကြောင်းပြကာခေါ်စစ်ခံရတဲ့အမျိုးသမီးတဦး ရိုက်နှက်စစ်ကြောရာက သေဆုံးခဲ့တာကိုလည်း ဖော်ပြထားပါတယ်။ အေအေပီပီလိုဘဲ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ ကိုစစ်တမ်းကောက်နေတဲ့ တခြားအဖွဲ့တခုဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း များကူညီစောင့် ရှောက်ရေး ကွန်ယက်အဆိုအရ မနေ့ကလည်း ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ PDF ကို ထောက်ပံ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဆီဆိုင်ပိုင်ရှင် အမျိုးသမီးတဦးဟာလည်းစစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးခံရလို့ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

သေဆုံးမှုတွေနဲ့ ကိန်းဂဏန်းအချက်အလက်တွေကိုတော့ ဗွီအိုအေက သီးခြားအတည်ပြုလို့မရပါဘူး။ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နဲ့ သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ပြောရေးဆိုခွင့်ရှိသူတွေကို ဗွီအိုအေဘက်ကအကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ပြန်လည် ဖြေဆိုတာမရှိခဲ့ပါဘူး။

မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB) တွဲဖက်အထွေထွေအတွင်းရေးမှုး မနန်းမို့မို့ကတော့ စစ်ပွဲတွေနဲ့လက်နက်ကြီး ပစ် ခတ်မှုကြောင့်သေဆုံးသူတွေအပြင် ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးတဲ့အမျိုးသမီးဦးရေဟာလည်း သိသိသာသာ တိုးလာနေတယ်လို့ ပြောပါတယ်။

"အသက်မပြည့်သေးတဲ့အမျိုးသမီးတွေအပါအဝင်အုပ်စုလိုက် မုဒိန်းကျင့်သတ်ဖြတ်တာတွေ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်တာတွေ ခေါင်းကိုတည့်တည့်ပစ်သတ်တာမျိုးတွေပေါ့ ခန္ဓာကိုယ်အစိတ်စိတ် အပိုင်းပိုင်း ခုတ်သတ်တာမျိုးတွေ အဲဒါတွေက အကြမ်းဖက်စစ်တပ်အနေနဲ့ တကယ်ကျယ်ကျယ်ပြန့် ပြန့်ကျူးလွန်နေတာတွေ့ရတယ်။ လက်ရှိမှာအမျိုးသမီးတွေလုံခြုံရေးလို့ပြောရင်တော်တော်လေးစိန် ခေါ်မှုတွေ ကအမြင့်ဆုံးကိုရောက်နေတယ်လို့ပြောလို့ရတယ်။ ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်ခံနေရတယ်။ ခြိမ်းခြောက်မှုတွေကလည်းပုံစံအမျိုးမျိုးနဲ့ကြုံနေရတယ်။"

ဒီသီတင်းပတ်ထဲမှာပဲ ကုလသမဂ္ဂကဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ အစီရင်ခံစာ မှာဆိုရင်လည်း စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ ကြီးထွားလာတာကို ဖော်ပြထားပါတယ်။ အမျိုးသမီးတွေအပြင် တခြားသူတွေအပေါ်မှာပါ လိင်ပိုင်းဆိုင်ရာစော်ကားတာနဲ့ အခြားဆိုးဆိုးရွားရွား ကျူးလွန်မှုတွေလုပ်တဲ့ ခိုင်မာတဲ့အထောက်အထားတွေ စုဆောင်းရရှိထားတယ်လို့ IIMM အကြီးအကဲ Nicholas Koumjian က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG