သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျဆုံးခဲ့သူများ ABSDF ဂုဏ်ပြု


(ဓာတ်ပုံ - ကိုကျော်သက်ဖေ့ဘွခ်)
(ဓာတ်ပုံ - ကိုကျော်သက်ဖေ့ဘွခ်)

မြန်မာနိုင်ငံ ဒီမိုကရေစီ တော်လှန်ရေးအတွင်း ကျဆုံးသွားကြတဲ့ ရဲဘော်၊ ရဲမေတွေအားလုံးကို အမြဲတမ်း ဂုဏ်ပြုနိုင်ရေးအတွက် ရည်ရွယ်ပြီး အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ် Fort Wayne မြို့မှာရှိတဲ့ ABSDF - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ဦးဆောင်ပြီး ဘာသာပေါင်းစုံ ရေစက်ချ အမျှေ၀ ဂုဏ်ပြုခြင်း အခမ်းအနားကို ဇူလိုင်လ ၁၆ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

အနာဂတ်မှာတော့ ဒီလိုအခမ်းအနားတွေ မြန်မာနိုင်ငံအတွင်းမှာ အားလုံး စုစည်း ညီညွတ်စွာနဲ့ ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဒီအခမ်းအနားကို ဦးဆောင် စီစဉ်သူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရှစ်လေးလုံး အရေးတော်ပုံလို့ခေါ်တဲ့ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး တောင်းဆို ဆန္ဒပြပွဲတွေ စတင်ခဲ့တဲ့ ၂၈ နှစ်ပြည့်ခါနီးမှာ ဒီမိုကရေစီ အရေးတော်ပုံအတွင်း ကျဆုံးသွားကြတဲ့ သူရဲကောင်း ရဲဘော်၊ ရဲမေတွေရဲ့ ပေးဆပ်ခဲ့မှုတွေကို အမြဲတမ်း သတိရနေဖို့အတွက် ရည်ရွယ်ပြီး ဘာသာပေါင်းစုံ ရေစက်ချ အမျှေ၀ ဂုဏ်ပြုပွဲကို ကျောင်းသား တပ်မတော်လို့ခေါ်တဲ့ ABSDF ရဲဘော်ဟောင်းတွေက ဦးဆောင်ပြီး ကျင်းပကြတာလို့ အခမ်းအနား ဖြစ်မြောက်ရေး ဦးဆောင် စီစဉ်သူတဦးဖြစ်တဲ့ ကိုကျော်သက်က ပြောပါတယ်။

“ကျနော်တို့ အခု ဒီအခမ်းအနားကတော့၊ ကျနော်တို့ ဟိုတချိန်တုန်းကလည်း လုပ်ခဲ့တယ်။ အခု ဒီမိုကရေစီ အလင်းရောင်လေး ပွင့်လာတဲ့အချိန်မှာ ကျနော်တို့တွေကနေပြီးတော့ ဒီရဲဘော်တွေကို တကယ့်ကိုပေါ့နော်၊ အမှတ်တရနဲ့ ABSDF တခုထဲတင် မဟုတ်ပါဘူး၊ ကျနော်တို့ အခုလုပ်တာက၊ ဒီမိုကရေစီ အရေးအခင်းမှာ တောက်လျှောက်ပေါ့နော်၊ တော်လှန်ရေးအဆက်ဆက်မှာ၊ အရေးအခင်းအဆက်ဆက်မှာ ကျဆုံးသွားတဲ့ ရဲဘော်အားလုံးကို ရည်စူးပြီး ကျနော်တို့ လုပ်တာပါ။ ဒါပေမဲ့ ဒီအခမ်းအနားကို စတင်ပြီး ကမကထလုပ်တာကတော့ ကျနော်တို့ ABSDF က ရဲဘော်ဟောင်းတွေပေါ့နော်။ ဆိုတော့ ကျနော်တို့က အခုဒီမှာ ဘာသာပေါင်းစုံပေါ့နော်၊ ဗုဒ္ဓဘာသာလို ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တယ်။ တခါ အခုဆိုရင် အခမ်းအနားမှာ ထပ်ပြီးတော့ ခရစ်ယာန်လို ကျနော်တို့ ဒီမှာ မေတ္တာပို့မယ်၊ ကျနော်တို့ ဆုတောင်းမယ်။ နောက်တခါ မူဆလင်လို ဆုတောင်းမယ်ပေါ့နော်။ ကျနော်တို့ ဒီအခမ်းအနားကြီးမှာ တခြား State (ပြည်နယ်တွေ) ကလည်း အားလုံး လာကြတယ်။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျဆုံးသွားတဲ့ ရဲဘော်တွေကို အမြဲတမ်း ဂုဏ်ပြုနိုင်ဖို့အတွက် ကျနော်တို့ လုပ်တဲ့အခမ်းအနား ဖြစ်ပါတယ်။ ဒီမိုကရေစီ အလင်းရောင်လေး ပွင့်လာတဲ့အချိန်မှာ ကျနော်တို့ ဒီရဲဘော်တွေကို ကျနော်တို့ တသက်လုံး ဆက်ပြီးတော့ အသိအမှတ်ပြုနိုင်ဖို့အတွက် ကျနော်တို့ ဒီလိုမျိုး သူရဲကောင်းတွေ ဆက်ပြီးတော့ ပေါ်ထွန်းလာဖို့အတွက်ကို ရည်ရွယ်ပြီးတော့ ကျနော်တို့ ဒီအလုပ်ကို လုပ်တာပါ။”

အခုလို ဂုဏ်ပြုပွဲ အခမ်းအနားတွေကို အနာဂတ်မှာလည်း မြန်မာနိုင်ငံအတွင်းမှာ ကျင်းပနိုင်ဖို့အတွက် ကြိုးစား ဆောင်ရွက်နေတယ်လို့ ကိုကျော်သက်က ပြောပါတယ်။

“ပြည်တွင်းက အဖွဲ့အစည်းတွေနဲ့၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ ကျနော်တို့ ဆက်လုပ်နိုင်ဖို့ အတွက်လည်း ကြိုးစားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာလည်း ဟိုဘက်၊ ဒီဘက်ရယ်လို့ မရည်ရွယ်ဘဲနဲ့ တိုင်းပြည်အတွက် ကျဆုံးသွားကြရတဲ့ ရဲဘော်တွေ အများကြီး ရှိပါတယ်။ တခါ ဒီမိုကရေစီ အရေးအခင်းတွေမှာလည်း ကျဆုံးသွားကြတဲ့၊ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ ဆုံးရှုံးသွားကြတဲ့ ရဲဘော်တွေလည်း အများကြီး ရှိတဲ့အခါကျတော့ ကျနော်တို့ ဒါတွေကတော့ ညှိညှိနှိုင်းနှိုင်းနဲ့ ဆက်ပြီးတော့ အလုပ်လုပ်ဖို့အတွက် စဉ်းစားထားပါတယ်။”

မြန်မာနိုင်ငံမှာ လူထုက တင်မြှောက်တဲ့ ဒီမိုကရေစီအစိုးရတရပ် ပေါ်ထွန်းလာပြီဆိုပေမဲ့လည်း အသက်ပေးသွားကြတဲ့ ရဲဘော်၊ ရဲမေတွေ မျှော်လင့်ခဲ့တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အပြည့်အဝရပြီလို့ ရာနှုန်းပြည့် မပြောနိုင်သေးကြောင်း ဦးဆောင်ကျင်းပရေးအဖွဲ့ဝင် နောက်တဦးဖြစ်တဲ့ ကိုအာယုက ပြောပါတယ်။

“ကျနော်တို့ ယေဘုယျအားဖြင့် သုံးသပ်ရရင်တော့ ဒီမိုကရေစီ ရောင်ချည်သန်းလာပြီ၊ အထောက်အလျှောက် ပွင့်လန်းလာပြီ။ ကျနော်တို့တွေ အမြဲတမ်း လွတ်မြောက်ရေးကို တောင်းဆိုခဲ့ကြတယ်၊ မင်းကိုနိုင် လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ဒီမိုကရေစီ ရရှိရေး။ ကျနော်တို့ တိုင်းပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ စတင် လျှောက်လမ်းနေပြီလို့ ရာနှုန်းတော်တော်များများ ယုံကြည်ပါတယ်။ ရာနှုန်းပြည်ကြီး အောင်မြင်သလားဆိုတော့ (၅၄) နှစ်တိုင်တိုင် ဖျက်ဆီးခဲ့တဲ့ တိုင်းပြည်ကြီးကို ပြန်ပြီးတော့ အဖတ်ဆည်နေရတဲ့ဘဝ၊ လူတွေရဲ့ အကျင့်စာရိတ္တကစ၊ အကုန်လုံး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ကြီးကို အဖတ်ဆည်နေရတဲ့ ဘဝဟာ အလွန် ပင်ပန်းပါတယ်။ အစိုးရရဲ့တာဝန် အင်မတန် ကြီးပါတယ်။ ကျနော်တို့ ဒီအပေါ်မှာ နားလည်ပါတယ်။ ဒါကြောင့်မို့လို့ ကျဆေနာ်တို့အနေနဲ့ ဘယ်လိုပဲ ပြောပြော လွှတ်လပ်မှ အမျှဝေပါလို့ ကျနော်တို့ ရဲဘော်တွေ အများကြီး မှာခဲ့ဖူးပါတယ်။ အခုအချိန်ကတော့ အထိုက်အလျှောက်တော့ လွတ်လပ်လာပြီလို့ ကျနော် ယူဆပါတယ်။”

အခု အင်ဒီယားနားပြည်နယ်၊ Fort Wayne မြို့မှာ ကျင်းပတဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားလိုမျိုး မြန်မာနိုင်ငံအတွင်းမှာ အစိုးရက ဦးဆောင်ကျင်းပပေးနိုင်ရင်တော့ အသင့်တော်ဆုံး ဖြစ်မယ်လို့လည်း ကိုအာယုက ဆက်ပြောပါတယ်။

“ကျနော်တို့ မျှော်လင့်ထားသလို တကယ် အောင်မြင်ခဲ့မယ်၊ တကယ်တမ်း အစိုးရကနေပြီးတော့မှ ဦးဆောင်ပြီးတော့ ဆောင်ရွက်ခဲ့မယ်၊ ကျနော်တို့ကလည်း ပူးပေါင်း ပါဝင်နိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်၊ တံခွန်နဲ့ကုက္ကားပေါ့ဗျာ။ အလွန်တရာမှ ဖြစ်သင့်တဲ့ကိစ္စကြီးပေါ့။ တကယ့်ကို ကျနော်တို့လည်း မျှော်မှန်းတမ်းတဲ့လူတွေ။ အခု သေဆုံးသွားတဲ့လူတွေ မျှော်မှန်း တမ်းတခဲ့တဲ့ မျှော်မှန်းချက်တွေ၊ ကျနော်တို့ ရင်ထဲမှာရှိတဲ့ မျှော်မှန်းချက်တွေ အားလုံးဟာ တော်တော်များများကို ဒီအထဲမှာ စိမ့်ဝင်သွားပါလိမ့်မယ်။ ကျနော်ကတော့ အဲဒါကို အင်မတန် မျှော်လင့်ပါတယ်။”

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြကြတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြရတာပါ။

၁၉၈၈ ခုနှစ် စက်တင်ဘာလအတွင်း စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လက်နက်ကိုင် တော်လှန်ရေးဆက်လုပ်ဖို့အတွက် နယ်စပ်ဒေသအသီးသီးကို ထောင်နဲ့ချီတဲ့ ကျောင်းသား လူငယ်တွေ ထွက်ပြေးသွားခဲ့ကြတာပါ။

လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း နယ်ဒေသအသီးသီးတို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ကျဆုံးသွားကြသူတွေ အပါအဝင် တောတွင်း နယ်စပ်ဒေသတွေက ဆိုးရွားတဲ့ ရာသီဥတုဒဏ်၊ ငှက်ဖျားရောဂါဒဏ် စတဲ့ တခြား ရောဂါဘယတွေကြောင့် သေဆုံးခဲ့သူပေါင်း ၁,၂၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

ဒီအခမ်းအနားကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အတော်များများမှာ ရောက်နေကြတဲ့ တော်လှန်ရေး ရဲဘော်ဟောင်းတွေအပြင် ကနေဒါနိုင်ငံမှာ ရောက်နေကြတဲ့ ရဲဘော်ဟောင်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ကျဆုံးခဲ့သူများ ABSDF ဂုဏ်ပြု
please wait

No media source currently available

0:00 0:05:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG