သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ မျှော်လင့် - ABSDF ဥက္ကဌ ရဲဘော်သံခဲ


ABSDF ဥက္ကဋ္ဌ ကိုသံခဲ ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရစဉ်။ ဇန်နဝါရီ ၃၊ ၂၀၁၃
ABSDF ဥက္ကဋ္ဌ ကိုသံခဲ ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရစဉ်။ ဇန်နဝါရီ ၃၊ ၂၀၁၃
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ မြန်မာအစိုးရကြား ပထမဆုံးအကြိမ် အပစ်အခတ ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီလို ABSDF နဲ့ မြန်မာအစိုးရကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ပေမဲ့လို့ နိုင်ငံရေးအဆင့် ဆွေးနွေးနိုင် ဖို့ ယုံကြည်မှုတည်ဆောက်ဖို့ အများကြီး လိုအပ်နေသေးတယ်လို့ ကျောင်းသား တပ်မတော် ဥက္ကဋ္ဌကဆိုပါတယ်။ မြန်မာနိုင်ငံကို အခုရောက်ရှိနေတဲ့ ABSDF ဥက္ကဋ္ဌ ကိုသံခဲကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဒီကနေ့ သြဂုတ်လ (၅) ရက်နေ့ တနင်္လာနေ့မှာရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာ မှာ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်ခဲ့တယ်လို့ (ABSDF) ရဲ့ ဥက္ကဋ္ဌကိုသံခဲက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒီလိုအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ ရှေ့ဆက်ရမယ့် နိုင်ငံရေး
ဆွေးနွေးပွဲတွေရဲ့ အစပျိုးမှုပဲဖြစ်တယ်လို့ သူကပြောပါတယ်။

“ကျနော်တို့ဘက်က မကဒတ (ABSDF) ရဲ့ အနောက်ပိုင်း၊ မြောက်ပိုင်း၊ ဗဟိုမှာရှိတဲ့ ဌာနဆိုင်ရာ အစုအဖွဲ့တွေရဲ့ ကိုယ်စားလှယ် ၃၅ ဦး တက်ရောက်တာ ဖြစ်ပါတယ်။ တဘက်မှာလည်း ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော် ပြီးတော့ ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ဒီကိုယ်စားလှယ်တွေပါတဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ ၂ ဘက်ညှိနှိုင်းမှုရဲ့ ရလဒ်တခုအဖြစ် မှတ်ယူရမှာ ဖြစ်ပါတယ်။ အခုထိုးတဲ့ ပြည်နယ်အဆင့် ဆွေးနွေး ပွဲဟာ ရှေ့ဆက်ရမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် အစပျိုးမှု တခုလို့ပဲ ကျနော်တို့ ယူဆနိုင်ပါသေးတယ်။"

"ဒီတော့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ဟာ ရှေ့ဆက်အများကြီး လုပ်ရဦးမှာ ဖြစ်ပါတယ်။ ကျနော်တို့ နားလည်ထားတာ ကတော့ တဘက်နဲ့တဘက် ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးတဲ့နည်း နဲ့ ဖြေရှင်းမယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးဟာ လိုအပ်တာ မှန်ပေမဲ့ နိုင်ငံရေး မပါတဲ့ အပစ်အခတ် ရပ်စဲရေးတွေဟာ မပြည့်စုံနိုင်ဘူးလို့ ကျနော်တို့က ခံယူထားပါတယ်။ ဒီအတွက် အခုထိုးတဲ့ အပစ်အခတ် ရပ်စဲရေးဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ရှေ့ဆက် သွားဖို့အတွက် အစပျိုးမှုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်ခင်ဗျ။”

ABSDF လှုပ်ရှားမှု
ABSDF လှုပ်ရှားမှု

၈ လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီးနောက်ပိုင်း ၂၅ နှစ်ကြာ စစ်အာဏာရှင်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်အောင် အဆင့်ဆင့် ဆွေးနွေး ဆောင်ရွက်ဖြစ်ခဲ့ပုံကို ABSDF ဥက္ကဋ္ဌ ကိုသံခဲ က အခုလို ရှင်းပြပါတယ်။

“ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့နဲ့ မကဒတ (ABSDF) ကြားမှာ ဆွေးနွေးမှုတွေဟာ ၂ နှစ်ကျော် အတွင်းမှာ အဆင့်ဆင့် ဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးမှုတွေရဲ့ ရလဒ်တခုအဖြစ် ကျနော်တို့ ယုံကြည်တာကတော့ အထူးသဖြင့်ကတော့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရခြင်းရဲ့ မြန်မာပြည်မှာ အကြောင်းရင်းခံ ၂ ခုရှိပါတယ်။ တစ်ကတော့ ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းနဲ့ နှစ်ကတော့ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရရှိခြင်း တနည်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မဖော်ထုတ်နိုင်ခြင်းလို့ပဲ ကျနော်တို့ ယူဆပါတယ်။"

"ဒီအရင်းခံ ၂ ရပ်ဟာ နိုင်ငံရေးပြဿနာ ဖြစ်တဲ့အတွက် ဒီဟာတွေကို နိုင်ငံရေး အင်အားစုတွေ၊ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင် တော် လှန်ရေးအင်အားစုတွေ ပါဝင်တဲ့ ပင်လုံလို ညီလာခံမျိုးက သဘောတူညီချက်က သာလျှင် ဖြတ်သန်းနိုင်လိမ့်မယ်လို့ ကျနော်တို့က ယူဆပါတယ်။ ဒီကနေ့
နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးအတွက် တဘက်နဲ့တဘက် ယုံကြည်မှုကလည်း တည်ဆောက်ဖို့ လိုပါတယ်။ အခုဒီကနေ့ ယုံကြည်မှုကို တည်ဆောက်နေတာလည်း မှန်ပေမဲ့ အပြည့်အ၀ တိုင်းပြည်အတွက် မျက်နှာမူပြီး အလုပ်လုပ်နိုင်တဲ့ အခြေအနေကတော့ မရောက်သေးဘူးလို့ပဲ ကျနော်ထင်ပါတယ်ခင်ဗျ။”

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ကြတဲ့အခါ ABSDF အနေနဲ့လည်း ပူးပေါင်းပါဝင်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေးအဆင့် ဆွေးနွေးပွဲတွေအထိ တက်လှမ်းနိုင်ဖို့ အဆင့်ဆင့် ဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ ကိုသံခဲက ဆိုပါတယ်။

“နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွေ ဆောင်ရွက်နိုင်ရန်နဲ့ နိုင်ငံရေး
ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးအတွက် မကဒတနဲ့ အစိုးရ ၂ ဘက် တိုက်ခိုက်မှုတွေကို ပဏာမ အနေနဲ့ တဘက်နဲ့တဘက် ပစ်ခတ်မှုတွေ ရပ်ဆိုင်းရေး၊ ဒုတိယ တချက်ကတော့ အပစ်အခတ် ရပ်စဲထားတဲ့ ကာလထဲမှာ ABSDF တပ်ဖွဲ့ဝင်တွေ၊ အစိုးရရဲ့ တပ်မတော် တပ်ဖွဲ့ဝင်တွေကြားမှာ ပဋိပက္ခမှု ဖြစ်ပွားခြင်း၊ တိုက်ပွဲများ မဖြစ်ပေါ်အောင် ထိန်းသိမ်းခြင်း၊ နောက်တခု က သတ်မှတ်နယ်မြေ သတ်မှတ်ခြင်း၊ တတိယ တချက်ကတော့ ဆက်ဆံရေး ရုံးတွေ မြဝတီမှာ ဖွင့်နိုင်ရေး၊ နောက်တခုကတော့ ဒီလိုအပစ်အခတ် ရပ်စဲပြီးတဲ့နောက်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဆက်ဖို့ လိုပါတယ်။”

မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၈ လေးလုံးဒီမိုကရေစီ လှုပ်ရှားမှု ၂၅ နှစ်ပြည့် အခမ်းအနားကိုလည်းABSDF ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ တက်ရောက်မှာဖြစ်ပြီး ၂၅ နှစ်တာကာလအတွင်း ရုန်းကန်ဖြတ်သန်း တော်လှန်ခဲ့ရတဲ့ ABSDF အနေနဲ့ အခုလိုမျိုး ပြောင်းလဲ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရ တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ဖြစ်ခဲ့တဲ့ အကြောင်းကို ကိုသံခဲက အခုလို ပြောပါတယ်။

“ဒီ ၂၅ နှစ်တာ ကျနော်တို့ တတွေရဲ့ ရုန်းကန်လှုပ်ရှားမှုဟာ တစုံတရာအားဖြင့် အထောက်အကူပြုခဲ့တာတော့ မှန်ပါတယ်။ ကျနော်တို့ သေသေချာချာ တွက်ကြည့်တော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့ ဦးတည်ချက်တွေ ဟာ ကျနော်တို့ မရောက်သေးပါဘူး။”

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ကိုယ်စားလှယ် အဖွဲ့တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမယ့်သြဂုတ်လ (၁၀) ရက်နေ့မှာ ထပ်မံတွေ့ဆုံ ဆွေးနွေးဖို့ရှိပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲရေး၊ နယ်မြေသတ်မှတ်ရေးနဲ့ နှစ်ဖက်ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ရေးစတဲ့ ဆွေးနွေး မှုတွေ ပြုလုပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။
XS
SM
MD
LG