သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရငြိမ်းကော်မတီနဲ့ ABSDF ဆွေးနွေး


ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်း ပုံရိပ်တချို့၊ ABSDF ဥက္ကဋ္ဌ ဦးသံခဲ (လယ်)။ သြဂုတ်လ ၁၀ ရက်၊ ၂၀၁၃။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်း ပုံရိပ်တချို့၊ ABSDF ဥက္ကဋ္ဌ ဦးသံခဲ (လယ်)။ သြဂုတ်လ ၁၀ ရက်၊ ၂၀၁၃။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF က ကျောင်းသားခေါင်းဆောင်တွေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ဒီကနေ့ တွေ့ဆုံကြတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး အပါအဝင် အချက် ၁၂ ချက်ကို သဘောတူခဲ့ကြပါတယ်။ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ ပါ လေ့လာသူတွေအဖြစ်တ က်ရောက်ခဲ့တဲ့ ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အသေးစိတ်ကို မဆုမွန်ကတင်ပြထားပါတယ်။

တနိုင်လုံးအတိုင်းအတာနဲ့ အားလုံးပါဝင်ဆွေးနွေးနိုင်မယ့် နိုင်ငံရေး အဆင့် တွေ့ဆုံဆွေးနွေးနိုင်ဖို့ အဓိကတောင်းဆိုတဲ့အချက်တွေကို မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ကြပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ သဘောတူခဲ့ကြတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အစိုးရ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ABSDF တို့ရဲ့ ဒီနေ့ ဆွေးနွေးတယ်ခင်ဗျ။ အခု ဆွေးနွေးပွဲက ပြီးသွားပြီ။ သဘောတူညီချက် စုစုပေါင်း ၁၂ ချက် ရပါတယ်။ သူတို့ဘက်က အဆိုပြုတာလည်း ၁၂ ချက်ပဲ။ ဒီအထဲမှာ အရေးကြီးဆုံး နဲ့ အဓိက အချက်ကတော့ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်သွားရမယ်ဆိုတာကတော့ ၁၂ ချက်ထဲက အဓိကအချက်ပါပဲ။ ကျန်တဲ့အချက်တွေကတော့ ဒီအချက်တွေကို အဓိက အထောက်အကူပြုတဲ့ အချက်တွေပါပဲ။ ဒုတိယအရေးကြီးတာ ကတော့ နောက်တကြိမ် ဒီအစည်းအဝေးကို နိုဝင်ဘာလထဲမှာ ဆောင်ရွက်ဖို့ပါ။”

ABSDF နဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေကြား အလွတ်သဘော တွေ့ဆုံမှုတွေ ကနေ သြဂုတ်လ ၅ ရက်နေ့က ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီး သြဂုတ်လ ၁၀ ရက်နေ့မှာတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက် ၁၂ ချက်ကို ဆွေးနွေး သဘောတူခဲ့ကြတာ ဖြစ်တယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

“ဒါကို လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းနဲ့ ပြည်သူ့လွှတ်တော်က ဦးသိန်းဇော် တို့ နှစ်ဦးကနေ ဦးဆောင်ပြီး ဆွေးနွေးပါတယ်။ အဲဒီတော့ အားလုံးကို ဆွေးနွေးနိုင်တယ်၊ အားလုံး သဘောတူညီချက် ထွက်နိုင်တယ်ဆိုတဲ့ အတွက် ဒါ ကျနော်တို့ ကြိုတင်ပြီးတော့ အလွတ်သဘောဆောင်ရွက်နိုင်ခဲ့တဲ့ အနေအထားတွေပေါ်လည်း မူတည်တယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့ ဆွေးနွေးတာလည်း အားလုံးက ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆွေးနွေးကြတယ်။ နောက်ပြီးတော့ လေ့လာသူတွေအနေနဲ့ ဦးမင်းကိုနိုင် ရယ်၊ ဦးမြအေး ရယ်၊ ဦးကိုကိုကြီး ရယ် သုံးဦးလည်း တက်ရောက်သလို၊ UNA ကနေပြီးတော့လည်း တက်ရောက်ပါတယ်။ ကျနော်တို့ ဒီ လက်မှတ်ရေးထိုး ထားတဲ့ဟာတွေကို အကောင်အထည် ဆက်ဖော်ဖို့ ရှိတယ်။ နောက် အစည်းအဝေးတွေလည်း ပြင်ဆင်ဖို့ရှိမယ်။ ဒါပေမဲ့ အဓိက ရည်မှန်းချက်ကတော့ ကျနော်တို့ အစိုးရဘက်က လုပ်ငန်းကော်မတီက အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကြီး ဖြစ်အောင်လုပ်ဖို့ကတော့ အဓိက အချက်ပါပဲခင်ဗျ။”

သြဂုတ်လ ၁၀ ရက်နေ့ မနက် ၁၀ နာရီက စတင်ဆွေးနွေးခဲ့ကြပြီး နေ့လည် ၃ နာရီ ၄၅ မိနစ်မှာတော့ သဘောတူညီချက်တွေကို နှစ်ဘက် လက်မှတ် ရေးထိုးနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပြီးပြီးချင်းမှာပဲ ABSDF နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီအဖွဲ့က ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲ အတွင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ABSDF ဥက္ကဋ္ဌ ဦးသံခဲတို့က ဆွေးနွေးပွဲရလဒ်တွေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် ငြိမ်းချမ်းရေးအစီအစဉ်တွေကို ရှင်းလင်းပြခဲ့ကြပါတယ်။

ဦးအောင်မင်း။ “အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်ထဲမှာ ၁၀ ရက်နေ့မှာ ဆက်လုပ်မယ် ဆိုတဲ့အတွက် ကျနော်တို့ ဒီနေ့ ၁၀ ရက်နေ့မှာ လုပ်တာဖြစ်ပါတယ်။ ဒါဟာ ဘာပဲဖြစ်ဖြစ် ထူးခြားတဲ့ပွဲလည်း ဖြစ်တယ်။ ဒီလို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်တာကလည်း ကျနော်တို့ အလုပ်သဘော ဆွေးနွေးပွဲတွေမှာ သေချာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ဒီမှာပြန်ပြီးတော့ ဆွေးနွေးကြတာဖြစ်ပါ တယ်။ နောက်လည်း ဆွေးနွေးပွဲတွေကို ကျနော်တို့ ဆက်လုပ်သွား မှာဖြစ်ပါတယ်။”

ဦးသံခဲ။ “ဒီနေ့ နိုင်ငံရေး ခြေလှမ်းသစ်ဟာ အားလုံးအတွက် လျှောက်လှမ်းရမယ့် အခြေအနေမှာ ခြေလှမ်းသစ်တိုင်း၊ ခြေလှမ်းသစ်တိုင်းကို ပြည်သူလူထု အကျိုးအတွက် ရဲရဲဝံ့ဝံ့လျှောက်ဖို့ ကျနော်တို့ ဆုံးဖြတ်လိုက် ပါတယ်။ ခြေလှမ်းသစ်တိုင်း ခြေလှမ်းသစ်တိုင်းကို ကြံ့ခိုင်စွာနဲ့ လျှောက်လှမ်းဖို့ မကဒတ ကအသင့် ရှိပါတယ်။ ဒီတော့ ဒီလမ်းခရီးကို လျှောက်တဲ့ အခါမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တဦးနဲ့တဦး လက်တွဲတည်ဆောက်ဖို့အတွက် အခြေအနေသစ်တရပ်လည်း လိုအပ်ပါတယ်။ ဒီအခြေအနေသစ်ဆိုတာ ကျနော်တို့ တဖွဲ့တည်းနဲ့ မပြီးဘူးဆိုတာ ကျနော်တို့ ပြောပြီးသား။ ဒီတိုင်းပြည်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေ အဖြစ် ဒီခရီးကိုအတူလျှောက်မယ့် ခရီးသွားဖော်တွေအဖြစ် မှတ်ယူချင်ပါတယ်။ အထူးသဖြင့် ကျနော်တို့ လိုလားတာကတော့ ဒီခြေလှမ်း လျှောက်လှမ်းတဲ့ လမ်းသည် အားလုံးအတွက် ကျန်ရှိနေသော နိုင်ငံရေးအင်အားစုများ၊ ကျန်ရှိနေသော လက်နက်ကိုင် အဖွဲ့အစည်းများ အတွက် ဖြစ်စေချင်ပါတယ်။ ၂၅ နှစ်တာ ပုံစံဟောင်းထဲက ခွဲထွက်တဲ့ ပုံစံသစ်ဖြစ်ပါစေလို့လည်း ကျနော် ဆုတောင်းပါတယ်။”

လာမယ့်နိုဝင်ဘာလထဲမှာ ABSDF နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့ နောက်တဆင့် ထပ်ပြီးဆွေးနွေးကြဖို့ စီစဉ်နေပါတယ်လို့လည်း ငြိမ်းချမ်းရေးကော်မတီက ပြောပါတယ်။
XS
SM
MD
LG