သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဥပဒေပြင်ဆင်ချက် ဗကသ ပယ်ချ


အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ကျောင်းသားတွေဆန္ဒပြနေကြစဉ်- လက်ပံတန်းမြို့၊ မတ်လ ၃ ရက် ၂၀၁၅
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ကျောင်းသားတွေဆန္ဒပြနေကြစဉ်- လက်ပံတန်းမြို့၊ မတ်လ ၃ ရက် ၂၀၁၅

သမ္မတဦးသိန်းစိန်လက်မှတ်ရေးထိုးအတည်ပြုပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေကို ဗကသများအဖွဲ့ချုပ်က ဆန့်ကျင် ကန့်ကွက်လိုက်ပါတယ်။ ပညာရေးမှာ အစိုးရရဲ့ဗဟိုချုပ်ကိုင်မှုစနစ်လျော့ချရေးဆိုတဲ့ ကျောင်းသားတွေ အဓိကတောင်းဆိုထားတဲ့ အနှစ်သာရ ဒီပြင်ဆင်တဲ့ဥပဒေမှာ လုံးဝမပါဝင်ခဲ့ဘူးလို့ ဗကသများအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကိုပြောပါတယ်။မအင်ကြင်းနိုင်ကအပြည့်အစုံတင်ပြပေးထားပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေကို သမ္မတဦးသိန်းစိန်က ဇွန်လ (၂၅) ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ရေးထိုးပြီး ပြဌာန်းလိုက်တာပါ။ အဲဒီ ပြင်ဆင်တဲ့ ဥပဒေထဲက အခန်း (၄) ဟာ အဓိကအငြင်းပွားစရာဖြစ်နေပြီး အရင် မူလဥပဒေ အတိုင်း ပညာရေးလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားတဲ့အချက်တွေပါဝင်နေဆဲဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ ဒုဥက္ကဋ္ဌ ကိုလင်းထက်နိုင်က ပြောပါတယ်။

“အမျိုးသားပညာရေးကော်မရှင်ရဲ့လုပ်ပိုင်ခွင့်နဲ့ ဖွဲ့စည်းပုံအရ တော်တော်ကြီးကို၊ တနိုင်ငံလုံးရဲ့ပညာရေးကို အဲဒီကော်မရှင်က ပြန်ပြီး ထိန်းချုပ်လိုက်တယ်။ အဲဒီကော်မရှင်က ဘယ်လိုတွေ ဖွဲ့စည်းလဲဆိုရင် အဲဒီဥပဒေမှာ သမ္မတကခန့်အပ်တာ၊ ပြည်သူ့လွှတ်တော်ကခန့်အပ်တာ၊ အမျိုးသားလွှတ်တော်က ခန့်အပ် တာ၊ ဝန်ကြီးဌာနကခန့်အပ်တာ စသည်ဖြင့် ခန့်အပ်မှုတွေပါပြီးတော့ ဒီသဘောအရ အောက်ခြေ ပြည်သူနဲ့ကျောင်းသားဘက်ကနေ ပြန်ပြီး ကိုယ်စားလှယ် ထည့်ခွင့်မပါဘူး။ အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ပဲ ကော်မရှင်ကို ပြန်ပြီးတော့ ဖွဲ့မယ်။ အဲဒီကော်မရှင်ကပဲ သင်ရိုးညွှန်းတမ်းကို လည်းကောင်း၊ ပညာရေး၊ တက္ကသိုလ်တွေရဲ့ပေါ်လစီတွေကိုသော်လည်းကောင်း မူဝါဒတွေကို ပြန်ပြီးတော့ ထိန်းချုပ်မယ်ဆိုပြီးတော့ ဥပဒေမှာ အခိုင်အမာ နေရာပြန်ယူသွားတယ်။”

ဒါ့အပြင် လေးပွင့်ဆိုင်ဆွေးနွေးပွဲသဘောတူညီချက်အရ ပညာရေးအသုံးစရိတ်ကို (၅) နှစ်အတွင်း နိုင်ငံရဲ့ဘဏ္ဍာငွေ (၂ဝ%) ထိသုံးစွဲဖို့ ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ ပြင်ဆင်လိုက်တဲ့ပညာရေးဥပဒေမှာ ၂ဝ % အထိ ရောက်ရှိရေး ရည်မှန်း သုံးစွဲမယ်ဆိုပေမယ့် နှစ်ကာလနဲ့ပတ်သက်လို့ အတိအကျ ဖေါ်ပြထားခြင်း မရှိဘူးလို့ ကိုလင်းထက်နိုင်ကပြောပါတယ်။

“ဥပဒေမှာ ယေဘုယျဆန်တယ်ပေါ့နော်၊ သုံးချင်လည်းသုံးမယ်၊ တနှစ်ထက်တနှစ် တိုးချင်လည်းတိုးမယ်၊ နည်းချင်လည်းနည်းသွားမယ်ဆိုတဲ့ ဥပဒေမျိုးနဲ့ ပြဌာန်းလိုက်တာဖြစ်တဲ့အတွက် ကျနော်တို့နိုင်ငံရဲ့ပညာရေးက ထိထိရောက်ရောက်ဖြစ်စေနိုင်တဲ့ အပြောင်းအလဲမျိုး မဖြစ်ဘဲနဲ့ ဒုံရင်း ဒုံရင်းပဲ ဖြစ်နေအုံးမယ့် အနေအထားမျိုး ပြန်ရောက်သွားတယ်လို့ ကျနော်ယူဆပါတယ်။”

အခန်း (၄) မှာ အရင်က အမျိုးသားပညာရေးကော်မရှင်ဆိုတဲ့အမည်ကို အမျိုးသားပညာရေးမူဝါဒကော်မရှင်ဆိုပြီး ပြောင်းလဲထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ပြင်ဆင်ထားတဲ့ဥပဒေမှာ အရင်ကလက်မခံခဲ့တဲ့ သမဂ္ဂဆိုတဲ့အသုံးအနှုန်းကို ဖေါ်ပြထားပါတယ်။ အဲဒီမှာ ကျောင်းသားသမဂ္ဂများနဲ့ ဆရာသမဂ္ဂများကို သက်ဆိုင်ရာ တက္ကသိုလ်ပဋိညာဉ်စာတမ်းနဲ့အညီ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရသည်လို့ ရေးသားထားပါတယ်။

အခုလို ကော်မရှင်နာမည်ပြောင်းပြီး သမဂ္ဂတွေဖွဲ့စည်းခွင့်ရှိတယ်လို့ ဖေါ်ပြထားပေမယ့် တက္ကသိုလ်ပဋိဉာဉ်စာတမ်းဆိုတာကို မေးခွန်း ထုတ်စရာ ဖြစ်နေတဲ့အပြင် လွတ်လပ်စွာ သမဂ္ဂတွေဖွဲ့စည်းခွင့်ဆိုတဲ့ ကျောင်းသားတွေတောင်းဆိုထားချက်နဲ့ ကိုက်ညီမှုမရှိဘူးလို့ ကိုလင်းထက်နိုင်က ပြောပါတယ်။

“ကျနော်တို့တောင်းဆိုတာနဲ့တော့ ကွာပါတယ်။ အဓိပ္ပာယ်ကလည်းကွာသလို အနှစ်သာရလည်း ကွာပါတယ်။ ကျနော်တို့တောင်းဆိုတာက အခြေခံပညာ ကျောင်းတွေအထိ တောင်းဆိုတာဖြစ်ပါတယ်။ နောက်တချက်က တက္ကသိုလ်ပဋိဉာဉ်ဆိုတဲ့နေရာမှာ ပြဿနာက တက္ကသိုလ်ပဋိဉာဉ်ကို ဘယ်သူဆွဲမှာလဲ ဆိုတာ ရှိလာပါတယ်။ အစောက ပြောသလို အမျိုးသားပညာရေးပေါ်လစီကော်မရှင်ဆိုပြီးတော့ ဗဟိုကဖွဲ့စည်းမှု၊ ဗဟိုဆိုတာကတော့ အစိုးရတို့ လွှတ်တော်တို့ကနေ ဖွဲ့စည်းတဲ့ကော်မရှင်က ဒီပဋိဉာဉ်ကိုဆွဲမယ်ဆိုရင်တော့ သူတို့ဥပဒေက ဘယ်လိုပဲ လွတ်လပ်စွာလို့ ပြောပေမယ့် ဒါက လုံးဝ လွတ်လပ်မှုဖြစ်စေမှာ မဟုတ်ဘူး။ ကျောင်းသားတွေအနေနဲ့ကတော့ ကျေနပ်စရာတခုမှ မရှိဘူး။ မှန်ကန်တဲ့ပြုပြင်ပြောင်းလဲမှုအတွက် လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြတာပဲ။ ဒါကို အားလုံးလည်း သိပြီးသားပါ။ ရလဒ်က ပြင်မယ်ဆိုပြီးတော့ လေးပွင့်ဆိုင်ဆွေးနွေးခဲ့ကြတယ်။ လေးပွင့်ဆိုင်ဆွေးနွေးတုန်းကတော့ ကျနော်တို့တောင်းဆိုတဲ့ အချက် (၁၁)ချက်ပေါ့။ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂစတဲ့ဖွဲ့စည်းခွင့်ရရှိရေးတို့၊ ပညာရေး ဗဟိုချုပ်ကိုင်မှုလျှော့ချရေးတို့ စသဖြင့် အစိုးရကော၊ လွှတ်တော် ကိုယ်စားလှယ်ကောက သဘောတူညီခဲ့တဲ့၊ ပြင်ပါမယ်ဆိုပြီး ကတိကဝတ်လက်မှတ်ထိုးပြီးတော့မှ အခုအချိန်မှာ ပြန်ပြီးတော့ ဥပဒေပြင်ဆင်တဲ့ အခါကျတော့ ပြင်ဆင်တဲ့သဘော မသက်ရောက်ဘဲနဲ့ ယေဘုယျဆန်တဲ့ စကားလုံးအပြောင်းအလဲတွေ၊ ဘာမှ အနှစ်သာရမပြောင်းလဲဘဲနဲ့ သူတို့အနေနဲ့ ဥပဒေပြင်ဆင်တယ်ဆိုပြီးတော့ ပြန်ထုတ်တယ်။ နောက်မျိုးဆက် နှစ်ဆက်လောက်အထိ ဒီဥပဒေအတိုင်းဆက်သွားမယ်ဆိုရင် နောက် မျိုးဆက် နှစ်ဆက်လောက်အထိ အစိုးရရဲ့စစ်အုပ်ချုပ်ရေး ယန္တယားရဲ့ပညာရေးကျွန်ဖြစ်နေအုံးမှာပဲ။ ကျနော်တို့တိုင်းပြည်က ပညာမတတ်ပဲ ဘွဲရဆိုတဲ့ နွံထဲမှာဆက်ပြီး နစ်နေအုံးမှာပဲ။”

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ငြိမ်းချမ်းစွာ တောင်းဆိုလှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေကို မတ်လအစောပိုင်းက အစိုးရကနေ အကြမ်းဖက်နှိမ်နင်းခဲ့ပြီး ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တွေအပါအဝင် ကျောင်းသူကျောင်းသားတွေနဲ့ ထောက်ခံတဲ့ပြည်သူ (၇ဝ) ကျော်ကို သာယာဝတီထောင်မှာ ထိန်းသိမ်းထားပါတယ်။

XS
SM
MD
LG