ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အဖြစ် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ တက်ကြွသူတွေ လှုပ်ရှားခဲ့ကြပြီး၊ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်တဲ့ သံသယနဲ့ ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ပန်းသပိတ်လှုပ်ရှားမှုနဲ့ ဆက်နွယ်ပြီး အမျိုးသမီးတွေကိုလည်း အာဏာပိုင်တွေက စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က ပြောပြပါမယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ဒီကနေ့ ဇွန် ၁၉ ရက်နေ့မှာ နိုင်ငံတစ်ဝန်းက သပိတ်အဖွဲ့အစည်းတွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေက ‘ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ’ ခေါင်းစီးစာတန်းတွေနဲ့ ပန်းတွေပန်ပြီး ချီတက်ခဲ့ကြသလို ခွန်အားဖြည့်မိငယ် သီးချင်းကို သံပြိုင် သီဆိုမှုတွေလည်း လုပ်ခဲ့ကြတယ်လို့ သပိတ်အဖွဲ့တွေက ပြောပါတယ်။ မနေ့ကလည်း မွေးနေ့ အကြိုနေ့အဖြစ် တော်လှန်ရေးအဖွဲ့တွေအားကောင်းတဲ့ နယ်မြေတွေမှာ ချီတက်ကြပြီး၊ သပိတ်တရားဟောတာတွေလည်း လုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။
ကလေးမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေက ဒီကနေ့မှာ မြို့အနှံ့စစ်ကားတွေနဲ့ ပတ်နေပြီး ကင်းပုန်းဝပ်တာ၊ ကင်းးလှည့်တာတွေ လုပ်နေသလို ပန်းပန်တဲ့ အမျိုးသမီးတွေကို ဖမ်းဆီးပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) မှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကလေးတမြို့လုံးအနှံ့ နေရာတိုင်းမှာ စစ်ဆေး ဖမ်းဆီးနေတာဖြစ်ပြီး နေ့လယ်ပိုင်းလောက်မှာတင် အမျိုးသမီး ၄၀ ဝန်းကျင် ဖမ်းခံရတယ်လို့ ကလေးမြို့ သပိတ်အဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။
ကလေးမြို့မစျေးအနီးနဲ့ မြို့လမ်းဆုံအနီးတို့မှာ ပန်းပန်ထားတဲ့ အမျိုးသမီး ၂၀ ကျော် ဖမ်းဆီးခံရပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ဆေးနေတယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။
“လောလောဆယ် မနက် ၈ နာရီခွဲလောက်မှာပေါ့နော်၊ သူတို့ အရပ်ဝတ်တွေနဲ့ မြို့မစျေးထဲကလူတွေကို ပန်းပန်တယ်ဆိုပြီးတော့မှ အကြောင်းပြချက်နဲ့ ဖမ်းသွားတယ်ဗျ။ ကလေးမြို့ မြို့မစျေးနေရာမှာ ဖမ်းတာဗျ၊ နောက်ပြီးတော့ ပင်လုံမီးပွိုင့်တွေမှာလည်း ဖမ်းတယ်ဗျ။ အယောက် ၂၀ ကျော်လောက် ဖမ်းခံရတယ်ဗျ။ မြို့မစျေးထဲ ဝင်ပြီးတော့မှ ပန်းပန်တဲ့သူမှန်သမျှ အကုန်ဖမ်းသွားတယ်ဗျ။ နှင်းဆီပန်း ပန်တဲ့သူတွေကိုပဲ အဓိကထားပြီး ဖမ်းတာပေါ့ဗျာ။ သူတို့က ကင်းပုန်းဝပ်ပြီးတော့မှ စောင့်ကြည့်တာတွေလည်းလုပ်တယ်။ ကားတစ်စီးနဲ့ ကားတစ်စီးပေါ်မှာ လူ ၄၊ ၅၊ ၆ ယေောက်လောက် လက်နက်ကိုင် ၄၊ ၅၊ ၆ ယောက်လောက်နဲ့ လှည့်ပတ်ပြီးတော့ သူတို့မထင်ရင် မထင်သလို ရိုက်ပြီးတော့ ဖမ်းတာတွေလည်း ရှိတယ်။”
ပင်လုံမီးပွိုင့်နဲ့ ကလေးမြို့ရဲ့ နေရာအနှံ့မှာ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေ အများကြီးရှိနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရန်ကုန်၊ မန္တလေး စတဲ့ မြို့တွေမှာလည်း ပန်းပန်တာကြောင့်နဲ့ ပန်းကိုကိုင်ပြီး သွားလာနေတာမျိုးတွေ့ရင် ဖမ်းဆီး စစ်ဆေးတာတွေ လုပ်သလို ဘုရားနဲ့ စျေးတွေမှာ ပန်းရောင်းနေတာတွေနဲ့ ဝယ်တာတွေကို စောင့်ကြည့်ပြီး ပန်းတွေကိုသိမ်းယူသွားတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီကနေ့မှာ တစ်နိုင်ငံလုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်ဆင်နွှဲကြဖို့ နှိုးဆော်မှုတွေ ရှိတဲ့အတွက် စစ်ကောင်စီဖက်ကလည်း စောင့်ကြည့်ပြီး ဖမ်းဆီး စစ်ဆေးတာတွေ လုပ်နေတာဖြစ်ပါတယ်။
ကလေးမြို့နယ်အပါအဝင် ရန်ကုန်၊ မန္တလေး မြို့ကြီးတွေနဲ့ နေရာအနှံ့အပြားမှာ ဇွန် ၁၈ ရက် နေ့ကတည်းက မွေးနေ့အကြိုအဖြစ် ပန်းပန်တာ၊ ချီတက်ပြီး သပိတ်ဆင်နွှဲတာတွေ လုပ်ခဲ့ကြပါတယ်။ ဒီကနေ့မှာလည်း ကလေးမြို့သပိတ်ကော်မတီက ကျေးရွာတွေမှာ ဒေသခံတွေကို တော်လှန်ရေးနဲ့ ပတ်သက်ပြီး သပိတ်တရားဟောခဲ့ကြသလို ခွန်အားဖြည့်မိငယ်သီချင်းကိုလည်း သံပြိုင်သီဆိုခဲ့ကြတယ်လို့ ပြောပါတယ်။
“ဒီနေ့ကျရောက်တဲ့ ၇၈ နှစ်ပြည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အနေနဲ့ ဇွန် ၁၉ ပန်းသပိတ်နဲ့အတူ ကျွန်တော်တို့ ဒီ ခွန်အားဖြည့်မိငယ် သီချင်းကို Singing strike သီဆိုပြီးတော့ ကျွန်တော်တို့ သပိတ်ထွက်ခဲ့ကြတယ်ဗျ။ လူထုနဲ့အတူပူးပေါင်းပြီးတော့ ကျွန်တော်တို့ဒီ အမျိုးသမီး၊ အမျိုးသားတွေအားလုံး “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဆိုတဲ့အတိုင်းပဲ ကျွန်တော်တို့ ပန်းတွေအားလုံးပန်တယ်။ ပန်းသပိတ် ဆင်နွှဲတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မလွတ်မြောက်သေးတဲ့ ကျွန်တော်တို့ တော်လှန်ရေး ဘက်တော်သား နိုင်ငံရေး အကျဥ်းသားအဖြစ် ကျခံနေရတဲ့ သူတွေအတွက် ခွန်အားပေးတဲ့အနေနဲ့ ကျွန်တော်တို့ ခွန်အားဖြည့်မိငယ်သီချင်းကို ပြိုင်တူသီဆိုတယ်၊ ပြီးတော့ သပိတ်တရားတွေ ဟောကြတယ်ပေါ့နော်။”
ဆားလင်းကြီး ယင်းမာပင် ကျေးရွာပေါင်းစုံသပိတ်အဖွဲ့ကလည်း မနေ့ကရော ဒီကနေ့မှာပါ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ် လုပ်ခဲ့ကြပါတယ်။ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပုံကို ယင်းမာပင် ဆားလင်းကြီး ကျေးရွာပေါင်းစုံ သပိတ်ကော်မတီ ခေါင်းဆောင် ကိုလွမ်းသူက ခုလိုပြောပါတယ်။
“ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ် မနက်ခင်း ထွက်လိုက်တယ်ပေါ့နော်။ ထွက်တော့ လူထုအင်အားကောင်းကောင်းနဲ့ ၇၈ နှစ်ပြည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ တော်လှန်နေတဲ့ပြည်သူတွေ၊ အကျဥ်းကျနေတဲ့ ပြည်သူတွေ၊ အသက် ပေးသွားကြတဲ့သူတွေ၊ တော်လှန်တိုက်ပွဲ ဝင်နေကြတဲ့သူတွေအားလုံး ပန်းသပိတ်တွေ ထွက်ကြတယ်။ အားလုံး ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အကျဥ်းကျနေသူတွေအကုန်လုံး လွတ်မြောက်ဖို့ပေါ့။ အဲ့ဒါတွေ ပြီးတော့ CDM တွေ ကူကြဖို့အတွက်ပေါ့။ ပြီးတော့ PDF တွေနဲ့အတူ ရပ်တည်ကြဖို့ပေါ့။ ပြီးတော့ Singing strike အနေနဲ့ ခွန်အားဖြည့် မိငယ်သီချင်းကို သီဆို လမ်းလျောက်တာပေါ့နော်။ ကြွေးကြော်သံတွေ မအော်ဘဲနဲ့ အဲ့သီချင်းကို သံပြိုင်ဆိုပြီး ချီတက် လမ်းလျောက်တာတွေ လုပ်ခဲ့ပါတယ်။”
ဒီကနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ သူ့ရဲ့ ဆုတောင်းကိုလည်း ကိုလွမ်းသူက ခုလိုပြောပါတယ်။
“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့မှသည် မွေးနေ့ရှင်အပါအဝင် တော်လှန်ပြည်သူတစ်ရပ်လုံး မျှော်ရည်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ အားလုံး အသက်ရှည်ကျန်းမာပြီးတော့ ဆက်လက်ပြီး တိုက်ပွဲ ဝင်နိုင်ကြစေကြောင်းပဲ ကျွန်တော်ပြောလိုပါတယ်ဗျ။”
မုံရွာမြို့နယ်ထဲက တော်လှန်ရေးအင်အားစု ကြီးစိုးနဲ့ ဒေသတွေမှာ သက်ကြီးရွယ်အို အဘွားအိုတွေ ဦးဆောင်ပြီး ပန်းပန်ပြီးတော့ အမေများ သပိတ်ကို ဇွန်လ ၁၈ ရက် နေ့က ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒါအပြင် ကျောင်းသားသမဂ္ဂတွေနဲ့ သပိတ်ကော်မတီတွေ စုပေါင်းပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် ချီတက် ခဲ့ကြပါတယ်။
ဝက်လက်၊ ခင်ဦး၊ ချောင်းဦး၊ ဒီပဲယင်း၊ လောင်းလုံ၊ မြိုင်၊ ကျွန်းလှ၊ ပခုက္ကူ၊ ချောက်၊ စလင်း၊ ကသာ၊ ရွေဘို၊ မတ္ထိလာ၊ မကွေး၊ သပိတ်ကျင်း၊ နမ္မတီး၊ ဟိုပုံး၊ စတဲ့ နိုင်ငံတဝန်းက ဒေသတွေမှာ ပန်းသပိတ်နဲ့ singing strike ပြုလုပ်ခဲ့ကြပါတယ်။ စစ်ကောင်စီစိုးမိုးမှု အားကောင်းတဲ့ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေကလည်း ဒီသပိတ်မှာ ပူပေါင်းပါဝင်ခဲ့ကြပါတယ်။ ရန်ကုန်မှာ YBS Bus ကားတွေပေါ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားတွေ ကပ်တာ၊ လမ်း၊ တံတားတွေမှာ ‘ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ’ ဆိုတဲ့ စာတန်းတွေ ချိတ်ဆွဲတာတွေ လုပ်ကြသလို ပြည်သူတွေက ပန်းပန်ထားတဲ့ ဓာတ်ပုံတွေကို Online ပေါ်မှာ ဖော်ပြကြပါတယ်။
ရန်ကုန်၊ မန္တလေးလို စစ်ကောင်စီအားကောင်းတဲ့ နေရာတွေမှာတော့ ပန်းရောင်းတာ၊ ဝယ်တာတွေကို စစ်ကောင်စီတပ်တွေက အရပ်ဝတ်နဲ့တမျိုး စစ်ယူနီဖောင်းတွေနဲ့ လက်နက်ကိုင်ပြီးတဖုံ စောင့်ကြည့်နေပြီး ဖမ်းဆီးတာ၊ ပန်းတွေကို သိမ်းယူတာမျိုးတွေ လုပ်နေသလို နေရာအနှံ့မှာ လုံခြုံရေးအင်အားတွေနဲ့ တင်းကြပ်ပြီး စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောပြကြပါတယ်။
စစ်တပ် အာဏာသိမ်းတာ ၂ နှစ်ကျော်လာချိန်အထိ စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ် ဖမ်းဆီးမှုတွေကြားထဲကနေ ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြမှုတွေနဲ့ စစ်ကောင်စီကို သပိတ်မှောက်တာတွေဟာ ခုအချိန်ထိ ဆက်လက်ရှိနေကြဆဲဖြစ်ပါတယ်။