သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်/ကျဉ်း မရှိတော့ကြောင်း အစိုးရကြေညာချက် တက်ကြွလှုပ်ရှားသူတွေ ဝေဖန်


အင်းစိန်အကျဉ်းထောင်ရှေ့မှ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ။
အင်းစိန်အကျဉ်းထောင်ရှေ့မှ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ။

နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးပြစ်ဒဏ်ကိုပဲ ပယ်ဖျက်ပေးနိုင်ပြီး အခြားပြစ်မှုကျူးလွန်ခဲ့သူတွေဖြစ်တဲ့အတွက် လက်ကျန်ပြစ်ဒဏ်ကိုတော့ ကျခံရမှာဖြစ်တယ်လို့ အစိုးရပိုင်သတင်းစာကနေ သဘောထား ထုတ်ပြန်ကြေညာလိုက်တဲ့အပေါ် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကြိုးပမ်းနေတဲ့ အဖွဲ့တွေက ပယ်ချလိုက်ပါတယ်။ ဒီထုတ်ပြန်ချက်ဟာ လက်ရှိ အစိုးရဖော်ဆောင်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို များစွာ ထိခိုက်စေနိုင်သလို လက်ကျန် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အစိုးရနဲ့ လှုပ်ရှားသူတွေရဲ့ ပူးပေါင်းလုပ်ဆောင်ချက်အပေါ်လည်း ယုံကြည်မှုပျက်ပြားစေတယ်လို့ ပြောပါတယ်။ အထိန်းသိမ်းခံရဆဲ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ကိုလည်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပါတယ်။ အသေးစိတ်ကို မဆုမွန်က စုံစမ်းတင်ပြပေးထားပါတယ်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားများစိစစ်ရေးကော်မတီက သမ္မတထံ တင်ပြလာတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ အနက် ၂၇ ဦးကို နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ ပြစ်ဒဏ်ကို နိုင်ငံတော်သမ္မတရုံးအမိန့်နဲ့ ပယ်ဖျက်ပြီးဖြစ်ပေမဲ့ အခြား ပြစ်မှုကျူးလွန်ထားတဲ့ ပြစ်ဒဏ်တွေကိုတော့ သက်ဆိုင်ရာ တရားရုံး တွေရဲ့ ပြစ်ဒဏ်ချမှတ်ထားမှုအတိုင်း ဖြစ်စေရမယ်လို့ အစိုးရပိုင်သတင်းစာတွေမှာ နိုဝင်ဘာ ၁ ရက်နေ့ နေ့စွဲနဲ့ သဘောထား ထုတ်ပြန် လိုက်တာပါ။

အဲ့ဒီ့သဘောထားထုတ်ပြန်ချက်အပေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေ းအသင်း(AAPP)နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့က ပယ်ချလိုက်ပြီး ဒီထုတ်ပြန်ချက်ဟာ အစိုးရက ဖော်ဆောင်နေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုရှေ့ရှုတဲ့၊ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်မဟုတ်ဘူးလို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများစိစစ်ရေး ကော်မတီအဖွဲ့ဝင်လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ဝေဖန်လိုက်ပါတယ်။

“အစိုးရဘက်က ထုတ်ပြန်ကြေညာတဲ့သဘောအရ ဒီလူတွေဟာ နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူး၊ ရိုးရိုး ရာဇဝတ်အကျဉ်းသားတွေဖြစ်တယ်ဆိုတဲ့ သဘောကို ဆောင်တယ်။ အခုလိုမျိုး ထုတ်ပြန်တဲ့အခါကျတော့ လူတွေအများစုကလည်း ဒီ တစ်ယောက်ချင်းစီ ဘာကြောင့်အဖမ်းခံရသလဲဆိုတာကို ပိုပြီးတော့ သိသွားတယ်။ ဒီလူတွေဟာ တကယ်ကို ဖမ်းကိုမဖမ်းသင့်ဘူး၊ လွှတ်ကို လွှတ်ပေးသင့်တယ်ဆိုတဲ့အမြင်မျိုးက လူတွေကြားထဲမှာ ပိုပြီးတော့ ဖြစ်လာလိမ့်မယ်။ ကျနော်တို့ ပြောချင်တာက ဆက်ပြီးတော့ ကျနော်တို့ ဆွေးနွေးဖို့လိုတယ်၊ တယောက်နဲ့တယောက် အမြင်မတူတာတွေက ရှိနေနိုင်ပါတယ်။ အမြင်မတူတာတွေ ရှိနေနိုင်တဲ့အခါကျတော့ အမြင်မတူတာကို ဆွေးနွေးရင်းနဲ့ပဲ အဖြေရှာသွားတာက အကောင်းဆုံးဖြစ်မှာပါ။”

အခုပြစ်မှုပြစ်ဒဏ်ကျခံနေရတဲ့ တိုင်းရင်းသားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေဟာ သူတို့အမှန်တကယ်ကျူးလွန်ခဲ့ခြင်းမရှိတဲ့အမှုတွေအတွက် ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်ခံထားရသလို လွတ်လပ်မျှတတဲ့ တရားရေးစီရင်မှုတွေကို မရခဲ့ဘူးဆိုတာကိုလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) က ကိုရဲအောင်ကလည်း ထောက်ပြပါတယ်။

“ကျနော်တို့အနေနဲ့ ဒါက မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ ဘာကိုတွေ့ရသလဲဆိုလို့ရှိရင် သူတို့ဟာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ထောင်ကျတဲ့သူတွေ ဖြစ်တယ်။ ဒုတိယတခုက တချို့က တကယ်ကို စစ်မှန်တဲ့တရားဥပဒေရဲ့ဆုံးဖြတ်ချက်ကို မရတဲ့လူတွေ ဖြစ်တယ်။ နောက်တခုက တချို့ဆိုလို့ရှိရင်လည်း တကယ်ကို မကျူးလွန်ဘဲနဲ့ ကျူးလွန်တယ်လို့ စွပ်စွဲပြီးတော့ ထောင်ချခံနေရတဲ့သူတွေ ရှိတယ်။ ဒါတွေအကုန်လုံးကို ပြောမယ် ဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ ဆုံးဖြတ်ထားရင် ဒါတွေကို ကျနော်တို့ သေချာစိစစ်ပြီးတော့ ရိုးရိုးသားသားပဲ လွှတ်ပေးရမှာဖြစ်တယ်။”

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး အစဉ်တစိုက် လှုပ်ရှားခဲ့သူသူတွေနဲ့ သမ္မတက ဖွဲ့စည်းပေးထားတဲ့ လက်ကျန်နိုင်ငံရေ းအကျဉ်းသား စိစစ်ရေးကော်မတီတို့ ပူးပေါင်းပြုစုထားတဲ့ စာရင်းအတိုင်း နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ လေးလေးနက်နက် တောင်း ဆိုပါတယ်လို့ AAPP က ကိုဘိုကြည်က ပြောပါတယ်။

“အခု ကျနော်တို့ပြုစုထားတဲ့စာရင်းအရပေါ့နော်၊ တက်ကြွလှုပ်ရှားသူတွေနဲ့ လယ်သမားအရေးတွေကို ထောက်ခံတဲ့သူတွေ ဒီလူတွေက ၇၅ ယောက်၊--- အပါအဝင်ပေါ့။ ၇၅ ယောက် ထောင်ချပြီးသားဖြစ်နေတယ်။ ၁၀၀ လောက်တော့ --- ထားတာ ရှိပါတယ်။ အဲဒီအပြင်ကို လယ်သမား ၅၉ ယောက် ထောင်ကျနေတာ ရှိတယ်။ နောက် ရာပေါင်းများစွာသော လယ်သမားတွေက အမှုရင်ဆိုင်နေရတာတွေ ရှိပါတယ်။ ဒါက ၂၀၁၄ ထဲမှာ ဖြစ်နေတဲ့ပြဿနာပါ။ စောစောကပြောတဲ့ ၇၅ ယောက်ထဲမှာ ကျနော်တို့ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ၂၇ ယောက်လည်း ပါဝင်ပါတယ်။”

သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတကာခရီးစဉ်အတွင်း ၂၀၁၃ ခုနှစ် အကုန်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတစ်ဦး တစ်ယောက်မှ မရှိစေရဆိုတဲ့ ပြောကြားခဲ့ပေမဲ့လို့ အခု ၂၀၁၄၊ ၂၀၁၅ အကူးကာလမှာ အမှုရင်ဆိုင်နေရဆဲ ရာနဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေ အတွက်လည်း သမ္မတအနေနဲ့ တရားနည်းလမ်းကျကျ ဆောင်ရွက်ပေးဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုရဲအောင်က တောင်းဆိုပါတယ်။

“၂၀၁၃ တခုတည်းမှာပဲလွှတ်ပေးပြီး ၂၀၁၄-၂၀၁၅ မှာတော့ လက်ရှိဒီထဲမှာ နိုင်ငံရေးအကျဉ်းသားတွေက ဆက်ရှိနေတယ်၊ ဆက်ပြီဖမ်းအုံးမယ်၊ လွှတ်ပေးဖို့ အစီအစဉ်မရှိဘူးဆိုတာကို ဖော်ပြတဲ့သဘောမျိုး ဖြစ်နေပါတယ်။”

နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်နိုင်ဖို့ဆိုတာက အစိုးရနဲ့ လှုပ်ရှားသူတွေကြား နိုင်ငံရေးအကျဉ်းသားဆိုတဲ့ တရားဝင် တိကျတဲ့ အဓိပါယ် ဖွင့်ဆိုချက် သတ်သတ်မှတ်မှတ် ရှိဖို့ အရေးတကြီး လိုအပ်နေသလို လူ့အခွင့်အရေး၊ အလုပ်သမား၊ လယ်သမား အရေး တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားတွေကို အာဏာပိုင်တွေဘက်က ပုဒ်မအမျိုးမျိုးတပ်ပြီး ဆက်ဖမ်းဆီးနေတာဟာ လက်ရှိဖော်ဆောင်နေတဲ့ ပြုပြင် ပြောင်းလဲရေးဖြစ်စဉ် ယုတ်လျော့နေတာ ပြသရာရောက်တယ်တယ်လို့ အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားသူတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG