သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး ၆% ကျော်အထိ တိုးတက် - ADB


ADB စီးပွားရေးပညာရှင် Changyong Rhee
ADB စီးပွားရေးပညာရှင် Changyong Rhee
မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ၆ ရာခိုင်နှုန်းကျော်အထိ တိုးတက်လာခဲ့တဲ့အကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ဖွံ့ဖြိုးမှုတွေ ဆက်လက် အားကောင်းဖို့ ဆိုရင်တော့ အပြောင်းအလဲတွေ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်သလို၊ ဖွံ့ဖြိုးမှုတွေ ရေရှည်ခံမယ့် အစီအမံတွေ လိုအပ်မယ်လို့လည်း စီးပွားရေး ကျွမ်းကျင်သူတွေက သတိပေးခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

မတ်လ ၃၁ ရက်နေ့အထိ ပါဝင်တဲ့ ၂၀၁၂ ခုနှစ် စီးပွားရေးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုဟာ ၆ ဒဿမ ၃ ရာခိုင်နှုန်းရှိမယ်လို့ ADB က ခန့်မှန်းလိုက်တာပါ။ ပြီးခဲ့တဲ့နှစ်က ၅ ရာခိုင်နှုန်း ကြီးထွားမှုရှိခဲ့သလို၊ အခုလို တိုးတက်မှုတွေဟာ ၂၀၁၁ ခုနှစ် အစိုးရသစ် တက်လာခဲ့တဲ့နောက်ပိုင်း စီးပွားရေးအပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တာရဲ့ အကျိုးဆက်ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေမှာ နိုင်ငံတွင်း သယံဇာတတွေနဲ့အတူ ထွက်ကုန်တိုးလာတာမို့ အာရှဒေသ စီးပွားရေး ဖွံ့ဖြိုးကြီးထွားလာတာဟာ အာဆီယံနိုင်ငံတွေက အဓိကလို့ ADB ရဲ့ စီးပွားရေးပညာရှင် ချန်ယောင် ရီး (Changyong Rhee) က ပြောပါတယ်။

“အင်ဒိုနီးရှားနိုင်ငံက ၆ ရာခိုင်နှုန်းကျော် သိသိသာသာ တိုးလာသလို၊ ဖိလစ်ပိုင်နိုင်ငံကတော့ ပြီးခဲ့တဲ့နှစ်ထဲမှာ ၆ ဒဿမ ၆ ရာခိုင်နှုန်း ရှိလာတာပါ။ မြန်မာနိုင်ငံကတော့ အရင်ကနဲ့မတူဘဲ ရင်းနှီးမြှုပ်နှံသူတွေအတွက် စွဲဆောင်မှုတွေ ရှိလာတာ တွေ့ရပြီး၊ အာရှဒေသ စီးပွားရေး ကြီးထွားလာတာဟာ ၁၉၉၇ ခုနှစ်တုန်းကစလို့ အာရှဒေသတွင်း ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တာကြောင့်လို့လည်း ပြောလို့ရပါတယ်။”

မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတဲ့ အနေအထားမှာ ရှိနေသလို၊ တရုတ်နိုင်ငံရဲ့ ကြီးထွားတိုးတက်မှုကလည်း ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးမှုကို ဦးဆောင်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ် ပထမ ၁၀ လအတွင်းမှာလည်း နိုင်ငံရပ်ခြား ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့အတွက် မှတ်ပုံတင်ကြတာမို့ အရင်က ရင်းနှီးမြှုပ်နှံမှုထက် ၁၄ ဆ တိုးလာခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဧပြီလကနေ ဒီဇင်ဘာလအတွင်း နိုင်ငံခြားကုမ္ပဏီတွေရဲ့ စီမံကိန်း ၆၂ ခုကို အစိုးရက ခွင့်ပြုပေးလိုက်သလို၊ လာမယ့် ၃ နှစ်အတွင်း ထပ်ပြီး ခွင့်ပြုဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွက် စီးပွားရေးကြီးထွားမှုတွေနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ မလိုပေမဲ့ ADB က ဖော်ပြနေတဲ့ စာရင်းဇယား အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိနေနိုင်တာမို့ ဘယ်လောက်ရာခိုင်နှုန်း ကြီးထွားမယ်ဆိုတာကို အတိအကျ ပြောလို့ရမယ် မထင်ဘူးလို့ သြစတြေးလျနိုင်ငံက စီးပွားရေး ပညာရှင် ရှောင်တာနယ်လ် (Sean Turnell) က သုံးသပ်သလို အခုလို မြန်မာနိုင်ငံရဲ့ စီးပွားရေး ကြီးထွားလာတဲ့ အဓိကအကြောင်းအရင်းဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကြောင့်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့တွေကို ကောင်းကောင်းဆက်ပြီး တင်ပို့နေနိုင်တာက အဓိက အကြောင်းအရင်း ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကနဲ့စာရင် ရာနှုန်း ၂၀ လောက်ကို တိုးလာခဲ့တာပါ။ နောက်တချက်ကလည်း နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ တိုးလုပ်လာကြတာကြောင့် ဖြစ်သလို၊ နိုင်ငံခြားခရီးသွား ပိုတိုးလာခဲ့တာမို့ ပြီးခဲ့တဲ့နှစ်မှာတင်မကဘဲ လာမယ့်နှစ်တွေမှာလည်း ပိုပြီး ကောင်းလာမယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ စီးပွားရေး ကြီးထွားလာတာနဲ့ပတ်သက်ပြီး မေးခွန်း ထုတ်စရာ မလိုသလို၊ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာရော၊ လာမယ့်နှစ်တွေမှာပါ ပိုပြီး ကောင်းလာဖို့ ရှိနေပေမဲ့ စိန်ခေါ်မှုတွေကို အများကြီး ရင်ဆိုင်ရဖို့ ရှိတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ဆိုးရွားခဲ့တဲ့ အနေအထားတွေ ရှိခဲ့တာမို့လို့ ရှေ့ဆက်ပြီး စိန်ခေါ်မှု အများကြီးလည်း ရှိနေဦးမှာပါ။ ရေရှည် တည်တံ့စေမယ့် ဥပဒေဖြစ်ထွန်းမှုတွေ အခုထိ မရှိသေးတဲ့အတွက် စီးပွားရေး အမြတ်ထုတ်သူတွေရဲ့ အန္တရာယ်ရှိနေသလို၊ စီးပွားရေး လုပ်ငန်းတွေအတွက် ပြည့်ပြည့်၀၀ လုပ်မပေးနိုင်သေးတာမို့ စိန်ခေါ်မှုတွေ အများကြီး တွေ့ရမှာပါ။ မြန်မာနိုင်ငံကို စက်မှုနိုင်ငံ ထူထောင်ဖို့ လုပ်နေပေမဲ့ အကြီးစားရော၊ အသေးစားရော စက်မှုလုပ်ငန်းတွေအတွက်ပါ အကောင်အထည်ဖော်ဖို့ သိပ် ချမပြနိုင်သေးတာကလည်း အားမရစရာ ဖြစ်နေပါသေးတယ်။”

သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က မြန်မာ့စီးပွားရေး လေ့လာသုံးသပ် သူ ရှောင်တာနယ်လ် (Sean Turnell) ဖြစ်ပါတယ်။
XS
SM
MD
LG