သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲမသမာမှု အလားအလာ စောင့်ကြည့်သူတွေ ထောက်ပြ


၂၀၁၀ ရွေးကောက်ပွဲ ကျင်းပစဉ်က ဆန္ဒမဲတွေ ရေတွက်နေစဉ်။
၂၀၁၀ ရွေးကောက်ပွဲ ကျင်းပစဉ်က ဆန္ဒမဲတွေ ရေတွက်နေစဉ်။

ရွေးကောက်ပွဲနေ့ မတိုင်ခင် အောက်တိုဘာလ ၂၉ ရက်ကနေ နိုဝင်ဘာလ ၇ ရက်နေ့ အတွင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဝင်တွေဆီက ကြိုတင်မဲတွေ ကောက်ခံမယ့် ကိစ္စမှာ မဲမသမာမှုတွေ ဖြစ်လာနိုင်တယ် လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။ ဒါ့အပြင် သက်သေခံ မဲလက်မှတ်ကိစ္စမှာလဲ မဲမသမာမှု ဖြစ်လာမှာကို စိုးရိမ်မိကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေက ပြောနေတာပါ။ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် တရက် အလိုထိ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ ကြိုတင်မဲပေးရမယ် လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာ မဲရုံတွေကို စောင့်ကြည့် လေ့လာမယ့်သူ ဦးရေ တစ် သောင်း ဝန်းကျင်သာရှိပြီး အဲဒီလူတွေ ကြိုတင်မဲပေးနိုင်မယ့် ကာလကို ၁၀ ရက်အထိသတ်မှတ်ပေးထားတာဟာ သံသယ ဝင်စရာဖြစ်နေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်ရေး လွတ်လပ်သော စေတနာ့ဝန်ထမ်းအဖွဲ့ပြောခွင့်ရသူ ဦးရွှေဘက ထောက်ပြ ပါတယ်။

"ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စောင့်ကြည့်မယ့် အဖွဲ့တွေ၊ စောင့်ကြည့်မယ့် လူတန်းစားတွေ နဲ့ ပတ်သက်ပြီး ကြိုတင်မဲ ပေးရမယ်ဆိုပြီးတော့ သူတို့က သတ်မှတ်ပေး လိုက်တာရှိတယ်။ ဆိုတော့ အဲ့ဒီ့မဲရုံလုပ်ငန်း စောင့်ကြည့်မယ် သူတွေကို ကြိုတင်မဲ ကာလကို သူပေးတဲ့ကာလသည် ဆယ်ရက်တိတိဖြစ်နေတယ်။ တကယ်တမ်း ရပ်ကွက်ထဲမှာ ရှိတဲ့သူတွေက ကြိုတင်မဲပေးမယ့်ဟာကို နိုဝင်ဘာလ ၆ရက်နဲ့ ၇ရက်ပဲ သတ်မှတ်ပြီး ၂ရက် ပဲ ပေးထားတယ်။ စုစုပေါင်းမှ မဲရုံစောင့်ကြည့်မယ့်သူက သောင်းဂဏန်းလေးပဲ ရှိတယ်။ တပြည်လုံး အတိုင်းအတာနဲ့ပြန်ပြီး အဲ့သလို စောင့်ကြည့်မယ့်သူကို ကြည့်လိုက်မယ်ဆိုရင် တရပ်ကွက်မှာ ရှိလှမှ သုံးလေးငါးယောက်ပဲ ရှိတယ်။ အဲ့တာကို ဆယ်ရက်တိတိတောင် အချိန်ယူပြီး ပေးလိုက်တယ်ဆိုတော့ လက်ရှိ မဲစာရင်းထဲမှာ လုံးဝ မရှိ၊ မပါပဲနဲ့ ပါဝင်လာတဲ့လူတန်းစားတွေ နောက်တခါ နာမည်ထပ်တဲ့လူတန်းစားတွေ ဆိုတော့ အဲ့ဒီ့သွားတဲ့ လမ်းကြောင်းပေါ်မှာ မသမာမှုနဲ့ ပေါ်လာတဲ့လမ်းကြောင်းတွေကို ဖွင့်ထားတယ်လို့ ကျနော်ကမြင်တယ်။"

ဒါ့အပြင် မဲရုံတွေမှာ တာဝန်ကျမယ့် မဲရုံဝန်ထမ်းတွေဟာလဲ ရွေးကောက်ပွဲနေ့ မတိုင်ခင် နိုဝင်ဘာ ၆-ရက်နဲ့ ၇-ရက်တွေမှာ ကြိုတင်မဲ ပေးကြ ရမှာဖြစ်ပါတယ်။ အခုဆိုရင် မဲရုံမှာတာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းအရေအတွက်ကို လိုအပ်တာထက် ပိုခန့်ထားတယ်ဆိုတဲ့ သတင်းတွေလဲ ထွက်ပေါ်နေတာပါ။ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလဲ မဲရုံဝန်ထမ်းတွေ မဲနှစ်ခါပေးခဲ့ကြတဲ့ ဖြစ်ရပ်တွေ ရှိကြောင်း ဦးရွှေဘက သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး အခုလို ပြောပါတယ်။

"အဲ့ဒီ့ ၂၀၁၀တုန်းက ကျေျနာ်တို့ မဲရုံကိုယ်စားလှယ် ဝင်လုပ်တဲ့အချိန်တုန်းက မဲရုံထဲမှာ တာဝန်ကျနေတဲ့ ဆရာ၊ ဆရာမတွေ က ကြိုတင်မဲ ပေးပြီးသားဆိုတာ ကျနော်တို့က မသိခဲ့ဘူး။ မသိတော့ အဲ့ဒီ့ ကျနော်တို့ တာဝန်ကျတဲ့ မဲရုံတွေမှာပဲ မဲရုံပိတ်ခါနီးကျတော့ မဲရုံမှူးကိုယ်တိုင်က ဘာပြောလဲဆိုတော့ ဟေ့ မင်းတို့ မဲပေးမယ့်သူတွေ မဲရုံမပိတ်ခင် မဲပေးကြတော့ မဲပေးကြတော့ဆိုတဲ့ စကားကို ကျနော်တို့ ရှေ့မှာပြောတယ်။ သူတို့ကိုယ်တိုင် မဲထပ်ပေးတာကို ကျနော်တို့ကိုယ်တိုင် တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ထွက်လာတဲ့သတင်းက အဲ့ဒီ့လူတွေ အားလုံးက ကြိုတင်မဲပေးပြီးသားပါလို့။ အဲ့ဒီ့လူတွေက မဲနှစ်ထပ်ပေးခဲ့တယ်ဆိုတာကို ကျနော်တို့ တွေ့ခဲ့ရတာပေါ့။ အဲ့ဒီ့ ၂၀၁၀ တုန်းက။"

ပြီးခဲ့တဲ့ ဇူလိုင် သြဂုတ်လတွေတုန်းက ရေဘေးဒဏ်သင့်ခဲ့ရတဲ့ ပြည်သူတွေ အလွယ်တကူ မဲပေးနိုင်အောင် သက်သေခံ မဲလက်မှတ်တွေ ထုတ်ပေးမယ်လို့ အစိုးရက အစောပိုင်းမှာ ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာ အဲဒီ သက်သေခံ မဲလက်မှတ်တွေကို တပြည်လုံး အတိုင်းအတာ အရ ထုတ်ပေးသွားမယ် လို့ ကြေညာခဲ့ပါတယ်။ ဒီလို သက်သေခံ မဲလက်မှတ်နဲ့ မဲပေးကြမယ့် ကိစ္စမှာလဲ မဲမသမာမှု ဖြစ်လာမှာကို စိုးရိမ် မိကြောင်း ဦးရွှေဘက ပြောပါတယ်။

"အဲ့ဒီ့သက်သေခံလက်မှတ်ဆိုတာ ဓာတ်ပုံ မပါဘူး။ ဓာတ်ပုံမပါတဲ့ သက်သေခံလက်မှတ်ကို ဒီလူ၊ ဒီလူ ဟုတ်ပါတယ်လို့ သက်သေခံပေးနိုင်တဲ့ အတိုင်းအတာ မရှိဘူး။ အဓိက ကတော့ ဒီမဲစာရင်းသည် သူ့မဲမှန်ပါတယ်ဆိုတာကို သက်သေခံနိုင်ဖို့က နံပတ် တစ်ပဲ။ ဒါပေမဲ့ အဲ့ဒီ့မဲပြားသည် သက်သေခံနိုင်တဲ့အပိုင်းမှာ ဘယ်လိုမှ မရှိဘူး။

ဥပမာ တောင်ဥက္ကလာ မှာနေပြီးတော့ လေးငါးရှစ်ထောင်လောက် ပိုနေတယ်။ သောင်းဂဏန်းအထိ ပိုနေတဲ့နေရာတွေရှိတယ်။ အဲ့ဒီ့လိုပိုနေတဲ့ဆိုကတည်းက ကျနော်တို့ မသိတဲ့သူတွေဖြစ်နေတယ်။ ဆိုတော့ မသိတဲ့သူတွေဆီကို အဲ့ဒီ့မဲပြားက ထွက်သွားမယ်။ မမြင်ဖူးတဲ့သူတွြေ့ဖစ်နေတယ်ဆိုတာ ကျနော်တို့က ဘာအထောက်အထားမှ မရှိဘူး။ မရှိပဲနဲ့ အဲ့ဒီ့သက်သေခံလက်မှတ်ကြီးက ဝင်လာရင် ကန့်ကွက်လို့လဲ မရဘူး။ နောက်တဆင့်ဆိုးတာက အဲ့ဒီ့သက်သေခံလက်မှတ် မပါရင်တောင် ပေးလို့ရပါတယ်တဲ့ ဆိုတော့ ကျနော်တို့ စိုးရိမ်စရာတွေက သိပ်များတယ်။ အခုအချိန်မှာ မဲရုံထဲမှာ တာဝန်ချထားမယ့်သူတွေ အရေအတွက်တွေက အရမ်းကိုများနေတယ်။ တိကျတဲ့သတ်မှတ်ချက် မရှိဘူး။ အဲ့ဒီ့မဲရုံမှာ တာဝန်ကျတဲ့သူက မဲနှစ်ထပ်ပေးမယ်ဆိုရင် လူတွေ အဲ့ဒီ့မှာ ပိုပြီး များလေလေ မဲနှစ်ထပ်ပေးဖို့ ကြိုးစားမယ့် လူတန်းစားက များလေလေ ဆိုတာ ကျနော်တို့ တွေ့နေရတယ်ဗျ။"

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးမေးမြန်းနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင် ဗဟိုရဲ့ တာဝန်ရှိသူတွေကို VOA က ဆက်သွယ်ခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG