သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညသန်းခေါင်ရောက်လာတဲ့ မြစ်ကြီးနားကကြိုတင်မဲ တသောင်း


မြစ်ကြီးနားဆန္ဒမဲပေးရာ မဲရုံမြင်ကွင်း (ဓာတ်ပုံ ဦးလွမ်းဇောင်း FB)
မြစ်ကြီးနားဆန္ဒမဲပေးရာ မဲရုံမြင်ကွင်း (ဓာတ်ပုံ ဦးလွမ်းဇောင်း FB)

မြစ်ကြီးနားမြို့မှာမဲရုံပိတ်ပြီး ညသန်းခေါင်ယံရောက်မှ ကြံ့ခိုင်ရေးပါတီကို ထောက်ခံတဲ့ ကြိုတင်မဲ ၁ သောင်းကျော် ရောက်လာတဲ့ကိစ္စနဲ့ ပက်သက်ပြီး ကိုယ်တိုင်သွားရာက်ကြည့်ရှုခဲ့တဲ့ မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကနေ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကချင် ဒီမိုကရက်တစ် ပါတီ (KDP) ရဲ့ ကိုယ်စားလှယ်လောင်း ဦးလွှမ်းဇောင်းကို ကိုရဲခေါင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ကြိုတင်မဲတွေ အများကြီးရောက်လာတယ်ဆိုတဲ့ကိစ္စနဲ့ ပက်သက်ပြီး အခြေအနေသိချင်ပါတယ်ခင်ဗျ။

ဖြေ။ ။ ကြိုတင်မဲရောက်လာတာ တစ်သောင်းကျော်လောက်ပေါ့နော်။ တစ်သောင်းငါးထောင်ကျော်ကျော် လောက်ဖြစ်မယ်။ မနက်ပိုင်းတောင် ရောက်နေပြီ။ သန်းခေါင်ယံတောင် မကတော့ဘူးပေါ့နော်။ ကျွန်တော်တို့ ကချင်ဒီမိုကရက်တစ်ပါတီဘက်က သွားကြည့်တော့ မဲတွေက တော်တော်များများ စစ်တပ်ဘက်က ဖြစ်နေတယ်။ တပ်မတော်ဘက်ကဆိုတော့ အားလုံးက ကြံ့ခိုင်ရေးက ဦးညွန့်ဝင်းကို ထောက်ခံတဲ့မဲတွေ ဖြစ်နေတယ်။ မဲပြားပေါ်မှာ တံဆိပ်တုံးတောင်မထုဘူး။ ဘောပင်နဲ့ပဲ ခြစ်ထားတယ်။ ဘောပင်နဲ့ ခြစ်ထားတာတွေကလည်း တော်တော်လေး တစ်ပုံစံတည်းနီးပါးလောက်ဖြစ်နေတယ်ပေါ့နော်။ အဲဒါတွေက ကော်မရှင်ဘက်ကလည်း ရောက်လာတယ်ဆိုတော့ သူတို့လည်း လက်ခံပြီးမှ အားလုံးရှေ့မှာ ရေတွက်တာပေါ့။

မေး။ ။ အစ်ကိုတို့ဘက်က ကန့်ကွက်တာတို့ ဘာတို့ မရှိခဲ့ဘူးလား ခင်ဗျ။

ဖြေ။ ။ ကျနော်ကတော့ လောလောဆယ်ဆယ် သူတို့က ရေတွက်နေတဲ့အချိန်ဆိုတော့ ကြည့်တော့ ကြည့်နေတာပေါ့။ လောလောဆယ်တော့ ဒီအတိုင်းပဲ အားလုံးကို record အရင် ယူထားတာပေါ့။ NLD ဘက်က သူတို့ဘယ်လိုမျိုး လာမလဲတော့ မသိဘူး။ ကျွန်တော်တို့ ကချင် ဒီမိုကရက်တစ်ပါတီဘက်ကတော့ အခု ဘယ်လို လုပ်ရမလဲဆိုတာကို ပါတီအဖွဲ့နဲ့ ပြန်ပြီး ဆွေးနွေးရမှာပေါ့။

မေး။ ။ အခု မဲရေတွက်နေတဲ့အချိန်မှာကော ဘယ်ပါတီက အသာစီးရနေလဲ ခင်ဗျ။

ဖြေ။ ။ ကျနော်ကြည့်တာကတော့ ၉၉ % က ကြံ့ခိုင်ရေးဖြစ်နေတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပေါ့။ အားလုံး result တော့ ကောင်းကောင်း မသိရသေးဘူး။ ဒါပေမယ့်လည်း ဒီလိုမျိုး မဲက သောင်းဂဏန်းအထိ အလုံးအရင်းနဲ့ဝင်လာပြီးတော့ အားလုံးက ကြံ့ခိုင်ရေးဖြစ်ပြီးတော့၊ အမှားအယွင်းတောင် ပယ်မဲတောင်မပါတဲ့ ပုံစံမျိုးဖြစ်တော့ သံသယရှိစရာ ဖြစ်နေတာပေါ့နော်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ရဲ့ နည်းဥပဒေ ပုဒ်မ ၇၁ (ဃ) နဲ့ (ဂ) အရ ညနေ ၄ နာရီနောက်ပိုင်း ရောက်လာတဲ့ ကြိုတင် မဲတွေကို လက်မခံရဘူးလို့ သတ်မှတ်ထားပါတယ်။ မဲရေတွက်တဲ့အခါမှာလည်း ကြိုတင်မဲတွေကို အရင်ဦးဆုံး ရေတွက်ရမှာ ဖြစ်ပြီးတော့ ညနေ ၄ နာရီ နောက်ပိုင် ရောက်လာတဲ့ ကြိုတင်မဲတွေကို လက်မခံရဘူးလို့လည်း ပြဌာန်းထားပါတယ်။

XS
SM
MD
LG