သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြိုတင်မဲပြားများ နိုင်ငံခြားရေးဌာနကို လွဲှပေး


နိုင်ငံပြင်ပရောက်နေတဲ့ မဲဆန္ဒရှင်တွေအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်တွေကို ဒီကနေ့ အောက်တိုဘာလ ၃ ရက်နေ့က စတင်ပြီးတော့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေကနေ နိုင်ငံခြားရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးနေပါတယ်။ ဒီလွှဲပြောင်း၊ လက်ခံခြင်း ဆောင်ရွက်ချက်တွေကို သက်ဆိုင်ရာနိုင်ငံရေးပါတီတွေနဲ့ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တွေ လာရောက် လေ့လာနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖိတ်ခေါ်ထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် နိုင်ငံပြည်ပကိုရောက်နေတဲ့ မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေအတွက် ကြိုတင် ဆန္ဒမဲပေးဖို့ ပုံစံ (၁၅) ဖောင်ဖြည့်ပြီးတောင်းခံထားတဲ့ မဲဆန္ဒရှင်ပြည်သူတွေအတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်တွေကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် သက်ဆိုင်ရာနိုင်ငံအသီးသီးက မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေကို အချိန်မှီပေးပို့နိုင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက ကြိုတင် ဆန္ဒမဲလက်မှတ်တွေကို ဒီကနေ့ အောက်တိုဘာလ ၃ ရက်နေ့က စတင်ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွေမှာ တာဝန်ခံ ထုတ်ပေးမှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးအပ်မှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူ ဦးမြင့်နိုင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“အခု မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေက ပုံစံ (၁)၊ (၃) နဲ့ ပြုစုထားတဲ့ နိုင်ငံ့ပြင်ပမှာ ရောက်နေကြတဲ့ မဲဆန္ဒရှင်တွေကို မဲလက်မှတ်တွေနဲ့ စာအိတ်တွေပေးဖို့ပေါ့။ စာအိတ်တွေအပေါ်မှာလည်း သူတို့သတ်မှတ်ထားတဲ့အတိုင်း လွှတ်တော် မဲဆန္ဒနယ်တွေကို ဖြည့်စွက်မယ်။ နောက်ပြီး မဲလက်မှတ်တွေအပေါ်မှာလည်း နောက်ကျောမှာ တံဆိပ်တွေဘာတွေ ရိုက်ပြီး တာဝန်ခံထုတ်ပေးသူရဲ့ လက်မှတ်၊ အမည်တွေ ထိုးပြီးတော့ အဲဒါတွေလာဖြည့်၊ ဖြည့်ပြီးတော့ နိုင်ငံခြားရေးရုံးကိုပို့ပေးပါ-ပေါ့။ နိုင်ငံခြားရေးရုံးကနေ သံရုံးကို ဆက်ပို့မှာပေါ့။”

ဒီလိုမျိုး သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ပေးပို့လာတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်ပုံစံတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းလက်ခံရယူပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးက မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေကို ပေးပို့မှာဖြစ်ပါတယ်။ နိုင်ငံအသီးသီးက ပြည်ပရောက်မဲဆန္ဒရှင်တွေ ဆန္ဒမဲပေးခဲ့တဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်တွေကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေကို ပြန်လည်ပေးအပ်မှာဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွေကနေ ရွေးကောက်ပွဲကျင်းပမယ့်ရက် နိုဝင်ဘာလ ၈ရက်နေ့မှာ သတ်မှတ်ချိန်မှာ အမှီလာရောက်ပေးပို့ပြီး မဲရေတွက် မှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ တာဝန်ခံ ဦးမြင့်နိုင် ကပြောပါတယ်။

“နိုင်ငံခြားရေးကနေ သံရုံးကို ဆက်ပို့မှာပေါ့။ သက်ဆိုင်ရာ သံရုံးတို့၊ ကောင်စစ်ဝန်တိုကို ဆက်ပို့တဲ့အခါမှာ သံရုံးတို့၊ ကောင်စစ်ဝန်ရုံးတို့ကလည်း သူတို့က နေ့ရက်သတ်မှတ်မယ်၊ ပုံစံ (၁၅) နဲ့တောင်းထားတဲ့ မဲဆန္ဒရှင်တွေပေါ့လေ၊ မဲပေးပိုင်ခွင့်ရှိတဲ့လူတွေကို ဘယ်နေ့ဘယ်ရက်မှာ၊ ဘယ်အချိန်မှာလာရောက်ပြီးတော့ မဲထည့်ကြပါလို့ သူတို့ကလည်းပဲ အကြောင်းကြားမှာပေါ့။ အကြောင်းကြားတဲ့အခါမှာ အဲဒီမှာ ပုံစံ (၁၅) နဲ့တောင်းထားတဲ့ မဲပေးပိုင်ခွင့်ရှိတဲ့သူတွေပေါ့လေ၊ ဒိမှာ ပုံစံ (၁-၃) နဲ့ ပြုစုထားတဲ့ ဒီကပေးလိုက်တဲ့ မဲလက်မှတ်တွေကို အဲဒီ လူတွေကိုပေး၊ ပေးပြီးတော့ သူတို့က ဆန္ဒပြု၊ ဆန္ဒပြုပြီးတော့ စာအိတ်မှာ ကိုယ်တိုင်ပိတ်၊ ပိတ်ပြီးတော့မှ သံရုံးအကြီးအကဲ - တာဝန်ရှိတဲ့လူလက်အပ်၊ အဲဒီအခါမှ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြန်ပို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးကောက်ပွဲကော်မရှင်ကိုပြန်ပို့၊ ပို့တဲ့အခါမှာ သက်ဆိုင်ရာမြို့နယ်၊ မြို့နယ်တွေကို ခွဲပို့၊ သက်ဆိုင်ရာမြို့နယ်တွေက ဒါကို သိမ်းထားမယ်။ ချိတ်ပိတ်ထားမယ်။ မဲပုံးထည့်ပြီးတော့ ချိတ်ပိတ်သိမ်းထားမယ်။ သိမ်းထားပြီးတော့ မဲပေးတဲ့နေ့ကျတော့ ညနေ လေးနာရီထိုးတာနဲ့ ချက်ခြင်း ဒီဟာကို ဖွင့်ဖောက် ရေမှာပေါ့။ ”

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးကနေ မြို့နယ်ရွေးကောက်ပွဲကော်မရှင် တံဆိပ်တုံးကို ရိုက်နှိပ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးတဲ့ ဒီလိုလုပ်ဆောင်ချက်ဟာ ပွင့်လင်းမြင်သာမှုရှိမရှိ၊ မသမာမှု ရှိမရှိဆိုတာ သိနိုင်ဖို့အတွက် သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွေက တာဝန်ရှိသူတွေ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုဆိုင်ရာအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေက လာရောက်ကြည့်ရှု့နိုင်တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖိတ်ခေါ်ထားပါတယ်။

“ဒီလုပ်ငန်းစဉ်တွေကို မြင်သာအောင်လို့၊ ...ပွင့်လင်းမြင်သာအောင်လို့ ဒီလို ကြည့်ရှုလေ့လာနိုင်ပါတယ်ဆိုပြီး ကြေညာတာပေါ့။ နောင်လည်း အဆင့်တိုင်းအဆင့်တိုင်းကို အသိပေးပြီးတော့ ဖွင့်ဖောက်တဲ့နေရာ၊ ရေတဲ့နေရာ ဘယ်သူမဆို လာကြည့်နိုင်တယ်၊ ဒါတွေ ဆောင်ရွက်မှာဖြစ်တဲ့အတွက်ကြောင့် အများမြင်သာအောင်လို့ ကျနော်တို့ ဒါတွေ ဆောင်ရွက်မယ်၊ လာကြည့်ရင် ကြည့်နိုင်တယ်ဆိုတဲ့ အသိပေး ကြေညာချက်ပါပဲ။”

တရားဝင် နိုင်ငံပြင်ပကို ရောက်နေတဲ့ ကြိုတင်ဆန္ဒမဲပေးပါမယ်ဆိုပြီး ပုံစံ (၁၅) ဖြည့်စွက်ပြီး တောင်းခံထားတဲ့ မဲဆန္ဒရှင်တွေအတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်တွေကို နိုင်ငံခြား ရေးဝန်ကြီး ဌာနကတဆင့် သက်ဆိုင်ရာသံရုံးတွေကို အချိန်မှီ ပေးပို့နိုင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။

XS
SM
MD
LG